Psalms 68
68:1 ဘုရားသခင်ထတော်မူသောအခါ ကိုယ်တော်၏ရန်သူတို့သည် ကွဲလွင့်သွားကြလိမ့်မည်။ ကိုယ်တော်ကိုမုန်းသောသူတို့သည် ကိုယ်တော်၏ရှေ့မှထွက်ပြေးကြလိမ့်မည်။
68:2 မီးခိုးသည် လွင့်သွားသကဲ့သို့ ကိုယ်တော်သည် သူတို့ကိုလွင့်သွားစေတော်မူလိမ့်မည်။ ဖယောင်းသည် မီးရှေ့တွင် အရည်ပျော်သကဲ့သို့ ဆိုးယုတ်သောသူတို့သည် ဘုရားသခင်၏ရှေ့တော်တွင် ပျက်စီးကြရလိမ့်မည်။
68:3 သို့သော် ဖြောင့်မတ်သောသူတို့သည် ဝမ်းမြောက်၍ ဘုရားသခင်၏ရှေ့တော်၌ရွှင်လန်းကြလိမ့်မည်။ သူတို့သည် ဝမ်းမြောက်ခြင်းဖြင့် ရွှင်မြူးကြလိမ့်မည်။
68:4 ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းကြလော့။ မိုးတိမ်များကိုစီးတော်မူသောအရှင်ကို ချီးကျူးထောမနာပြုကြလော့။ ကိုယ်တော်၏နာမတော်ကား ထာဝရဘုရားပေတည်း။ ကိုယ်တော်၏ရှေ့တော်၌ ရွှင်မြူးကြလော့။
68:5 ဖတဆိုးတို့၏ဖခင်၊ မုဆိုးမတို့အတွက်တရားစီရင်ပေးသောအရှင်မှာ မိမိ၏သန့်ရှင်းသောကိန်းဝပ်ရာအရပ်၌ ရှိတော်မူသော ဘုရားသခင်ပေတည်း။
68:6 ဘုရားသခင်သည် အထီးကျန်သောသူတို့အား အတူနေထိုင်ရန်မိသားစုကိုပေး၍ အချုပ်အနှောင်ခံရသောသူတို့ကို ကောင်းစားရာသို့ပို့ဆောင်တော်မူ၏။ ငြင်းဆန်သောသူတို့မူကား ပူပြင်းခြောက်သွေ့သောအရပ်၌နေထိုင်ကြရ၏။
68:7 အို ဘုရားသခင်၊ ကိုယ်တော်သည် မိမိလူမျိုးတော်၏ရှေ့မှကြွပြီး ကန္တာရမြေကိုကျော်ဖြတ်ချီတက်တော်မူသောအခါ
68:8 သိနာတောင်၏အရှင်ဘုရားသခင်၏ရှေ့တော်၊ အစ္စရေးလူမျိုး၏ဘုရားသခင်တည်းဟူသော ဘုရားသခင်၏ရှေ့တော်၌ မြေကြီးသည် တုန်ခါ၍ ကောင်းကင်သည် မိုးရွာသွန်းခဲ့ပါ၏။
68:9 အို ဘုရားသခင်၊ ကိုယ်တော်သည် မိုးကိုများစွာရွာသွန်းစေ၍ ကိုယ်တော်၏အမွေတော်သည် အားအင်ကုန်ခန်းသောအခါ ၎င်းကို ပြန်လည်လန်းဆန်းစေတော်မူ၏။
68:10 ကိုယ်တော်၏လူစုတော်သည် ထိုအရပ်၌အခြေချခဲ့ကြပါ၏။ အို ဘုရားသခင်၊ ကိုယ်တော်သည် အဖိနှိပ်ခံရသောသူတို့အတွက် ကိုယ်တော်၏ကောင်းမြတ်တော်မူခြင်းထဲမှ ပြင်ဆင်ပေးတော်မူ၏။
68:11 ဘုရားရှင်သည် နှုတ်မြွက်ပြောကြားတော်မူ၏။ ထိုကောင်းမြတ်သောသတင်းကို ပြောကြားသောအမျိုးသမီးတို့သည် အတိုင်းမသိများပြားလှ၏။
68:12 “ဗိုလ်ခြေများ၏ရှင်ဘုရင်တို့သည် အလျင်အမြန်ထွက်ပြေးကြ၍ အိမ်၌နေရစ်သောအမျိုးသမီးတို့သည် လုယက်ပစ္စည်းများကို ခွဲဝေကြ၏။
68:13 သင်တို့သည် သိုးခြံထဲ၌အိပ်ကြရလျှင်ပင် ငွေဖြင့်ဖုံးအုပ်ထားသောချိုးငှက်၏ တောင်ပံများကဲ့သို့လည်းကောင်း၊ ရွှေဖြင့်တောက်ပလျက်ရှိသော ထိုငှက်၏အမွေးအတောင်များကဲ့သို့လည်းကောင်း ဖြစ်ကြ၏။”
68:14 အနန္တတန်ခိုးရှင်သည် ရှင်ဘုရင်တို့ကို ထိုအရပ်တွင် ကွဲလွင့်စေတော်မူသောအခါ ဇာလမုန်တောင်ပေါ်၌နှင်းပွင့်ကျလေ၏။
68:15 ဘုရားသခင်၏တောင်တော်သည် ဗာရှန်တောင်ဖြစ်၏။ တောင်ထိပ်များစွာရှိသော ဗာရှန်တောင်ဖြစ်၏။
68:16 တောင်ထိပ်များစွာရှိသောတောင်တို့၊ ဘုရားသခင်သည် မိမိစံပယ်ရာအရပ် ဖြစ်စေလိုသောတောင်ကို သင်တို့သည် အဘယ်ကြောင့်မနာလိုစိတ်နှင့်ကြည့်နေကြသနည်း။ အမှန်စင်စစ် ထာဝရဘုရားသည် ထိုအရပ်၌ အစဉ်ကိန်းဝပ်တော်မူလိမ့်မည်။
68:17 ဘုရားသခင်၏စစ်ရထားတို့သည် အထောင်အသောင်းမကများပြားကြ၏။ ဘုရားရှင်သည် သိနာတောင်မှာကဲ့သို့ သူတို့နှင့်အတူ သန့်ရှင်းရာဌာနတော်၌ ရှိတော်မူ၏။
68:18 ကိုယ်တော်သည် မြင့်သောအရပ်သို့ တက်သွားတော်မူသောအခါ သုံ့ပန်းတို့ကို ဖမ်းဆီးခေါ်ဆောင်သွား၍ လူတို့ထံမှမက ငြင်းဆန်သောသူတို့ထံမှပင် လက်ဆောင်များကိုခံယူတော်မူ၏။ ဤသည်ကား ထာဝရအရှင်ဘုရားသခင်သည် ထိုအရပ်၌ကိန်းဝပ်တော်မူရန်ဖြစ်၏။
68:19 ငါတို့၏ဝန်ထုပ်များကို နေ့စဉ်နေ့တိုင်းထမ်းပေးတော်မူသောဘုရားရှင်သည် မင်္ဂလာရှိပါစေသော။ ဘုရားသခင်သည် ငါတို့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။
68:20 ငါတို့၏ဘုရားသခင်သည် ကယ်တင်တော်မူသောဘုရားဖြစ်တော်မူ၏။ သေခြင်းမှလွတ်မြောက်ခွင့်သည်လည်း ဘုရားရှင်ထာဝရဘုရားထံတော်မှလာ၏။
68:21 သို့သော် ဘုရားသခင်သည် မိမိရန်သူတို့၏ဦးခေါင်းကိုလည်းကောင်း၊ မိမိဒုစရိုက်အပြစ်များ၌လျှောက်လှမ်းနေသောသူ၏ ဆံထုံးထုံးထားသောဦးထိပ်ကိုလည်းကောင်း ကြေမွစေတော်မူလိမ့်မည်။
68:22 ဘုရားရှင်က “ငါသည် သူတို့ကို ဗာရှန်ပြည်မှ ပြန်ခေါ်လာမည်။ ပင်လယ်၏ရေနက်ရာအရပ်မှ ပြန်ခေါ်လာမည်။
68:23 ထိုသို့သောအားဖြင့် သင်၏ခြေသည် ရန်သူတို့၏သွေးကိုနင်းနယ်နိုင်၍ သင့်ခွေးတို့၏လျှာသည်လည်း မိမိခွဲတမ်းကို သူတို့ထံမှရကြလိမ့်မည်”ဟု မိန့်တော်မူ၏။
68:24 အို ဘုရားသခင်၊ ကိုယ်တော်နှင့်အတူ စီတန်းလှည့်လည်သွားသောလူတန်းတည်းဟူသော အကျွန်ုပ်၏ဘုရား၊ အကျွန်ုပ်၏ရှင်ဘုရင်နှင့်အတူ သန့်ရှင်းရာဌာနတော်သို့ စီတန်းလှည့်လည်သွားသောလူတန်းကို လူတို့မြင်ရကြပါ၏။
68:25 ရှေ့၌ကား သီချင်းဆိုသောသူများ၊ နောက်၌ကား စောင်းတီးသောသူများ၊ အလယ်၌ကား ပတ်သာတီးသောမိန်းမပျိုများသည် လိုက်ပါကြပါ၏။
68:26 ဘုရားသခင်ကို လူထုပရိသတ်ကြီးအလယ်တွင် ကောင်းချီးထောမနာပြုကြလော့။ ထာဝရဘုရားကို အစ္စရေး၏စမ်းရေတွင်းမှ ကောင်းချီးထောမနာပြုကြလော့။
68:27 ထိုအရပ်တွင် သူတို့ကိုအုပ်စိုးသည့် အသေးငယ်ဆုံးသောဗင်္ယာမိန်အနွယ်ရှိ၍ သူတို့၏အုပ်စုထဲတွင် ယုဒအနွယ်၏အကြီးအကဲများ၊ ဇာဗုလုန်အနွယ်၏အကြီးအကဲများနှင့် နဿလိအနွယ်၏အကြီးအကဲများပါရှိကြပါ၏။
68:28 သင်၏ဘုရားသခင်သည် သင်၏အစွမ်းသတ္တိကိုမိန့်မှာတော်မူပြီ။ အို ဘုရားသခင်၊ အကျွန်ုပ်တို့အတွက် ပြုတော်မူသည့်အတိုင်း တန်ခိုးတော်ကိုပြသတော်မူပါ။
68:29 ဂျေရုဆလင်မြို့ရှိ ကိုယ်တော်၏ဗိမာန်တော်ကြောင့် ရှင်ဘုရင်တို့သည် ကိုယ်တော့်ထံသို့ လက်ဆောင်ပဏ္ဏာယူဆောင်လာကြပါလိမ့်မည်။
68:30 ကျူတောသားရဲတိရစ္ဆာန်နှင့် လူမျိုးနွားသငယ်များအလယ်ရှိ နွားလားအုပ်ကြီးတို့ကို ဆုံးမတော်မူပါ။ ငွေချောင်းများရှိသောသူကို ခြေဖြင့်နင်းချေလျက် စစ်မက်ကိုနှစ်သက်သောလူမျိုးတို့ကို ကစဥ့်ကလျားဖြစ်စေတော်မူပါ။
68:31 သံတမန်တို့သည် အီဂျစ်ပြည်မှရောက်လာကြလိမ့်မည်။ အီသီယိုးပီးယားပြည်သည် ဘုရားသခင်ထံသို့ မိမိလက်ကိုဆန့်လိမ့်မည်။
68:32 ကမ္ဘာမြေကြီးပေါ်ရှိတိုင်းနိုင်ငံတို့၊ ဘုရားသခင်ထံသို့ သီချင်းဆိုကြလော့။ ဘုရားရှင်ကို သီဆိုချီးမွမ်းကြလော့။
68:33 ရှေးကာလကပင်တည်ရှိသည့် အမြင့်ဆုံးကောင်းကင်ကိုစီးတော်မူသောအရှင်ကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်သည် မိမိအသံ၊ တန်ခိုးကြီးသောအသံကို လွှင့်တော်မူ၏။
68:34 ဘုရားသခင်၏အစွမ်းသတ္တိကို သိမှတ်ဝန်ခံကြလော့။ ကိုယ်တော်၏အာနုဘော်တော်သည် အစ္စရေးအပေါ်၌ရှိ၍ ကိုယ်တော်၏အစွမ်းသတ္တိသည် မိုးတိမ်တို့၌ရှိ၏။
68:35 အို ဘုရားသခင်၊ ကိုယ်တော်သည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ အံ့ဩဖွယ်ဖြစ်တော်မူ၏။ အစ္စရေးလူမျိုး၏ဘုရားသခင်သည် လူမျိုးတော်အား အစွမ်းသတ္တိနှင့်ခွန်အားများကိုပေးတော်မူ၏။ ဘုရားသခင်သည် မင်္ဂလာရှိပါစေသော။