Psalms 75
75:1 အို ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ ကိုယ်တော်၏နာမတော်သည် နီးသည်ဖြစ်၍ ကိုယ်တော်၏ကျေးဇူးတော်ကိုချီးမွမ်းကြပါ၏။ လူတို့သည် ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို ပြောကြားကြပါ၏။
75:2 “ငါရွေးချယ်သတ်မှတ်ထားသောအချိန်၌ ငါသည် သမာသမတ်ရှိစွာတရားစီရင်မည်။
75:3 မြေကြီးနှင့် မြေကြီးပေါ်၌ နေထိုင်သောသူအပေါင်းတို့သည် စိုးရိမ်တုန်လှုပ်ကြသောအခါ ငါသည် မြေကြီး၏တိုင်တို့ကို တည်ငြိမ်စေ၏။
75:4 ဝါကြွားသောသူတို့အား ‘မဝါကြွားကြနှင့်’ ဟူ၍လည်းကောင်း၊ ဆိုးယုတ်သောသူတို့အား ‘ချိုမထောင်ကြနှင့်။
75:5 အထက်ကောင်းကင်ထိတိုင်အောင် သင်တို့ချိုမထောင်ကြနှင့်။ မောက်မာစွာမပြောဆိုကြနှင့်’ ဟူ၍လည်းကောင်း ငါမိန့်ဆို၏။”
75:6 အကြောင်းမူကား ချီးမြှောက်ခြင်းသည် အရှေ့အရပ်၊ အနောက်အရပ်၊ သို့မဟုတ် တောကန္တာရအရပ်မှလာသည်မဟုတ်။
75:7 တရားစီရင်သောအရှင်ကား ဘုရားသခင်ပေတည်း။ ထိုအရှင်သည် တစ်ဦးကိုနှိမ့်ချ၍ တစ်ဦးကိုချီးမြှောက်တော်မူ၏။
75:8 အကြောင်းမူကား ထာဝရဘုရား၏လက်တော်၌ခွက်ဖလားရှိ၍ ၎င်းထဲတွင် သမအောင်ရောစပ်ထားသည့် အမြှုပ်ထနေသောစပျစ်ဝိုင်ရှိ၏။ ကိုယ်တော်သည် ထိုစပျစ်ဝိုင်ကိုသွန်ချတော်မူ၍ ကမ္ဘာမြေကြီးပေါ်ရှိဆိုးယုတ်သောသူအပေါင်းတို့သည် ၎င်း၏အနည်ကိုပင် အကုန်အစင် သောက်ကြရလိမ့်မည်။
75:9 ငါမူကား ကိုယ်တော်အကြောင်းကို အစဉ်အမြဲပြောကြား၍ ယာကုပ်၏ဘုရားသခင်ကို သီဆိုချီးမွမ်းမည်။
75:10 “ဆိုးယုတ်သောသူတို့၏ဦးချိုရှိသမျှတို့ကို ငါပိုင်းဖြတ်မည်။ ဖြောင့်မတ်သောသူတို့၏ဦးချိုသည် ချီးမြှောက်ခြင်းခံရလိမ့်မည်။”