Library · my

Psalms 80

80:1 အစ္စရေး​၏​သိုးထိန်း​ဖြစ်​တော်မူ​၍ ယောသပ်​ကို သိုးအုပ်​ကဲ့သို့​ပို့ဆောင်​တော်မူ​သော​အရှင်​၊ စူးစိုက်​နားထောင်​တော်မူ​ပါ​။ ခေရုဗိမ် ​တို့​အလယ်​၌ စံပယ်​တော်မူ​သော​အရှင်​၊ ရောင်ခြည်​တော်​ကို​လွှတ်​တော်မူ​ပါ​။ 80:2 ဧဖရိမ်​အမျိုးအနွယ်​၊ ဗင်္ယာမိန်​အမျိုးအနွယ်​နှင့် မနာရှေ​အမျိုးအနွယ်​တို့​ရှေ့​တွင် ကိုယ်တော်​၏​အစွမ်းတန်ခိုး​ကို​နှိုးဆော်​၍ အကျွန်ုပ်​တို့​ကို​ကယ်တင်​ရန် ကြွလာ​တော်မူ​ပါ​။ 80:3 အို ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။ 80:4 အို ကောင်းကင်​ဗိုလ်ခြေ​အရှင် ဘုရားသခင်​ထာဝရဘုရား​၊ ကိုယ်တော်​၏​အမျက်​တော်​သည် ကိုယ်တော့်​လူမျိုး​တော်​၏​ဆုတောင်း​ခြင်း​အပေါ် မည်မျှ​ကြာ​အောင် တငွေ့ငွေ့​လောင်​တော်မူ​မည်နည်း​။ 80:5 ကိုယ်တော်​သည် သူ​တို့​အား မျက်ရည်​မုန့်​ကို​ကျွေး​တော်မူ​၏​။ များစွာ​သော​မျက်ရည်​တို့​ကို​လည်း တိုက်​တော်မူ​၏​။ 80:6 ကိုယ်တော်​သည် အကျွန်ုပ်​တို့​ကို အိမ်နီးချင်း​တို့​အတွက် အငြင်းပွားစရာ​အကြောင်း​ဖြစ်​စေ​တော်မူ​၏​။ အကျွန်ုပ်​တို့​၏​ရန်သူ​တို့​သည်​လည်း အကျွန်ုပ်​တို့​ကို ပြက်ရယ်ပြု​ကြ​ပါ​၏​။ 80:7 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။ 80:8 ကိုယ်တော်​သည် စပျစ်ပင်​တစ်​ပင်​ကို အီဂျစ်​ပြည်​မှ​ဆောင်ယူ​ခဲ့​၍ လူမျိုးခြား​တို့​ကို​နှင်ထုတ်​ပြီးလျှင် ၎င်း​ကို စိုက်ပျိုး​တော်မူ​၏​။ 80:9 ထို​အပင်​အတွက် နေရာ​ကို​ရှင်းလင်း​ပေး​တော်မူ​သဖြင့် ၎င်း​သည် အမြစ်စွဲ​၍ ပြည်​တော်​၌​ပြန့်ပွား​ခဲ့​ပါ​၏​။ 80:10 ထို​အပင်​သည် တောင်​များ​ကို မိမိ​၏​အရိပ်​ဖြင့်​လည်းကောင်း​၊ မြင့်မား​သော​သစ်ကတိုးပင်​တို့​ကို မိမိ​၏​အကိုင်းအခက်​များ​ဖြင့်​လည်းကောင်း ဖုံးလွှမ်း​ခဲ့​ပါ​၏​။ 80:11 မိမိ​၏​အခက်အလက်​တို့​ကို ပင်လယ်​တိုင်အောင်​လည်းကောင်း​၊ မိမိ​၏​အညွန့်​တို့​ကို မြစ်ကြီး​တိုင်အောင်​လည်းကောင်း ဖြာထွက်​စေ​ပါ​၏​။ 80:12 ကိုယ်တော်​သည် အဘယ်ကြောင့် ၎င်း​၏​ခြံစည်းရိုး​တို့​ကို​ဖြိုဖျက်​တော်မူ​သနည်း​။ ယခုမှာမူ လမ်း​၌​ဖြတ်သွား​သော​သူ​အားလုံး​သည် ၎င်း​၏​အသီး​ကို​ဆွတ်ခူး​ကြ​ပါ​၏​။ 80:13 တော​ဝက်​သည် ထို​အပင်​ကို​ကိုက်ဖြတ်​၍ တော​သတ္တဝါ​တို့​သည်​လည်း ဝိုင်းဖွဲ့စား​ကြ​ပါ​၏​။ 80:14 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​၊ ပြန်ကြွလာ​တော်မူ​ပါ​။ ကောင်းကင်ဘုံ​မှ အောက်​သို့​ကြည့်​၍ ရှုမြင်​တော်မူ​ပါ​။ 80:15 ဤ​စပျစ်ပင်​တည်းဟူသော လက်ယာ​လက်​တော်​ဖြင့် စိုက်ပျိုး​ထား​သော​မျိုးခံပင်​၊ ကိုယ်တော်တိုင်​အတွက် သန်မာ​စေ​သော​ပျိုးပင်​ကို အကြည့်အရှု​ကြွလာ​တော်မူ​ပါ​။ 80:16 ထို​အပင်​သည် မီး​ရှို့​ခြင်း​၊ ခုတ်လှဲ​ခြင်း​ခံရ​ပါ​ပြီ​။ သူ​တို့​သည် ရှေ့​တော်​၌ ဆုံးမ​ခြင်း​ခံရ​၍ ပျက်စီး​ကြ​ရ​ပါ​၏​။ 80:17 ကိုယ်တော်​၏​လက်​တော်​သည် ကိုယ်တော်​၏​လက်ယာ​ဘက်​၌​ရှိ​သော​လူ​တည်းဟူသော ကိုယ်တော်တိုင်​အတွက် ကြံ့ခိုင်​စေ​တော်မူ​သော လူ့​သား​အပေါ် တည်​ပါစေသော​။ 80:18 သို့ပြုလျှင် အကျွန်ုပ်​တို့​သည် ကိုယ်တော်​ကို ကျောခိုင်း​သွား​ကြ​တော့​မည်​မ​ဟုတ်​ပါ​။ အကျွန်ုပ်​တို့​ကို ပြန်လည်​ရှင်သန်​စေ​တော်မူ​ပါ​။ ထိုအခါ အကျွန်ုပ်​တို့​သည် ကိုယ်တော်​၏​နာမ​တော်​ကို​ခေါ်​ကြ​ပါ​မည်​။ 80:19 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ဘုရားသခင်​ထာဝရဘုရား​၊ အကျွန်ုပ်​တို့​ကို ပြန်လည်​ထူထောင်​တော်မူ​ပါ​။ အကျွန်ုပ်​တို့​သည် ကယ်တင်​ခြင်း​ခံရ​မည့်​အကြောင်း ကိုယ်တော်​၏​မျက်နှာ​တော်​အလင်း​ကို ထွန်းလင်း​စေ​တော်မူ​ပါ​။