Psalms 9
9:1 အကျွန်ုပ်သည် ထာဝရဘုရား၏ကျေးဇူးတော်ကို စိတ်နှလုံးအကြွင်းမဲ့ချီးမွမ်းပါမည်။ ကိုယ်တော်၏အံ့ဖွယ်သောအမှုရှိသမျှတို့ကို ပြောကြားပါမည်။
9:2 အို အမြင့်ဆုံးသောအရှင်၊ အကျွန်ုပ်သည် ကိုယ်တော်၌ ဝမ်းမြောက်ရွှင်လန်းပါမည်။ ကိုယ်တော်၏နာမတော်ကို သီဆိုချီးမွမ်းပါမည်။
9:3 အကျွန်ုပ်၏ရန်သူတို့သည် နောက်ပြန်ဆုတ်သောအခါ ခလုတ်တိုက်၍ ကိုယ်တော်၏ရှေ့တော်၌ ပျက်စီးကြရလိမ့်မည်။
9:4 အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်အတွက် တရားမျှတမှုကိုဆောင်ကြဉ်းပေး၍ အကျွန်ုပ်၏အမှုကိစ္စကို ဆောင်ရွက်ပေးတော်မူပြီ။ ပလ္လင်တော်ပေါ်တွင်ထိုင်လျက် ဖြောင့်မတ်စွာတရားစီရင်တော်မူပြီ။
9:5 ကိုယ်တော်သည် တိုင်းနိုင်ငံတို့ကို ဆုံးမ၍ ဆိုးယုတ်သောသူတို့ကိုဖျက်ဆီးကာ သူတို့၏အမည်များကို ကာလအစဉ်အဆက် ပယ်ဖျက်တော်မူပြီ။
9:6 ရန်သူတို့သည် ထာဝရပျက်စီးခြင်းထဲ၌ ပျက်စီးကုန်ဆုံးကြပါပြီ။ မြို့တို့ကိုဖြိုဖျက်တော်မူသဖြင့် ၎င်းတို့နှင့်ပတ်သက်သည့်အောက်မေ့စရာသည် ပျောက်ကွယ်သွားပါပြီ။
9:7 ထာဝရဘုရားမူကား အစဉ်အမြဲစိုးစံတော်မူ၏။ ကိုယ်တော်သည် တရားစီရင်ခြင်းအတွက် မိမိပလ္လင်တော်ကိုတည်တော်မူပြီ။
9:8 ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်စွာတရားစီရင်၍ လူမျိုးအပေါင်းတို့ကို သမာသမတ်ရှိစွာစစ်ကြောစီရင်တော်မူ၏။
9:9 ထာဝရဘုရားသည် ဖိနှိပ်ခြင်းခံရသောသူတို့၏ခိုကိုးရာ၊ ဘေးဒုက္ခရောက်ချိန်၌ ခိုကိုးရာဖြစ်တော်မူ၏။
9:10 ကိုယ်တော်၏နာမတော်ကိုသိသောသူတို့သည် ကိုယ်တော်ကိုယုံကြည်ကိုးစားကြပါလိမ့်မည်။ အကြောင်းမူကား အို ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ်တော်ကိုရှာသောသူတို့အား စွန့်ပစ်တော်မမူပါ။
9:11 ဇိအုန်၌စိုးစံတော်မူသောထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ ကိုယ်တော်ပြုသောအမှုတို့ကို လူမျိုးတကာတို့အလယ်၌ ပြောကြားကြလော့။
9:12 အကြောင်းမူကား သွေးကြွေးပြန်တောင်းတတ်သော ကိုယ်တော်သည် ထိုသူတို့ကိုအောက်မေ့တော်မူ၏။ ဖိစီးနှိပ်စက်ခြင်းခံရသောသူတို့၏ အော်ဟစ်တောင်းလျှောက်သံကို မေ့လျော့တော်မမူပါ။
9:13 အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသနားတော်မူပါ။ သေခြင်း၏တံခါးဝမှ အကျွန်ုပ်ကိုဆွဲတင်တော်မူသောအရှင်၊ အကျွန်ုပ်ကိုမုန်းသောသူတို့ထံမှ အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှုကိုကြည့်ရှုတော်မူပါ။
9:14 ထိုအခါ အကျွန်ုပ်သည် ဇိအုန်သမီး၏တံခါးဝတို့၌ ကိုယ်တော်၏ဂုဏ်ကျေးဇူးတော်အပေါင်းကို ပြောကြား၍ ကိုယ်တော်၏ကယ်တင်ခြင်း၌ ရွှင်လန်းနိုင်ပါမည်။
9:15 လူမျိုးတကာတို့သည် မိမိတို့တူးထားသောတွင်းထဲသို့ ကျကြပြီ။ သူတို့ခြေသည် မိမိတို့လျှို့ဝှက်စွာထောင်ထားသော ပိုက်ကွန်၌မိလေပြီ။
9:16 ထာဝရဘုရားသည် တရားစီရင်တော်မူခြင်းအားဖြင့် မိမိအကြောင်းကိုထင်ရှားစေတော်မူပြီ။ ဆိုးယုတ်သောသူသည် မိမိလက်ဖြင့်ပြုလုပ်ထားသောအရာ၌ ကျော့မိလေပြီ။
9:17 ဆိုးယုတ်သောသူတို့နှင့် ဘုရားသခင်ကိုမေ့လျော့သောလူမျိုးအပေါင်းတို့သည် မရဏာနိုင်ငံသို့လှည့်သွားကြရလိမ့်မည်။
9:18 သို့သော် နွမ်းပါးသောသူတို့သည် အစဉ်မေ့လျော့ခြင်းခံရမည်မဟုတ်။ အဖိနှိပ်ခံရသောသူတို့၏မျှော်လင့်ခြင်းသည်လည်း ထာဝစဉ်ပျက်စီးသွားမည်မဟုတ်။
9:19 အို ထာဝရဘုရား၊ ထတော်မူပါ။ လူသည် အနိုင်မရပါစေနှင့်။ လူမျိုးတကာတို့သည် ရှေ့တော်၌တရားစီရင်ခြင်းခံကြရပါစေသော။
9:20 အို ထာဝရဘုရား၊ သူတို့ကိုကြောက်လန့်စေတော်မူပါ။ မိမိတို့သည် လူသက်သက်သာဖြစ်ကြောင်း လူမျိုးတကာတို့အားသိစေတော်မူပါ။