Psalms 96
96:1 ထာဝရဘုရားထံသို့ သီချင်းအသစ်ကိုသီကျူးကြလော့။ မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ သီကျူးကြလော့။
96:2 ထာဝရဘုရားထံ သီချင်းဆိုကြလော့။ ကိုယ်တော်၏နာမတော်ကို ကောင်းချီးထောမနာပြုကြလော့။ ကိုယ်တော်၏ကယ်တင်ခြင်းနှင့်ဆိုင်သည့် ကောင်းမြတ်သောသတင်းကို တစ်နေ့ပြီးတစ်နေ့ ဟောပြောကြလော့။
96:3 ကိုယ်တော်၏ဘုန်းအသရေတော်ကို တိုင်းနိုင်ငံတို့အလယ်၌လည်းကောင်း၊ ကိုယ်တော်၏အံ့ဖွယ်သောအမှုတို့ကို လူမျိုးအပေါင်းတို့အလယ်၌လည်းကောင်း ပြောကြားကြလော့။
96:4 အကြောင်းမူကား ထာဝရဘုရားသည် ကြီးမြတ်တော်မူ၍ ချီးမွမ်းဖွယ်အလွန်ကောင်း၏။ ကိုယ်တော်သည် ဘုရားတကာတို့ထက် ကြောက်ရွံ့ရိုသေဖွယ်ကောင်းလှ၏။
96:5 အကယ်စင်စစ် လူမျိုးခြားတို့၏ဘုရားရှိသမျှတို့သည် ရုပ်တုများသာဖြစ်ကြ၏။ ထာဝရဘုရားမူကား ကောင်းကင်ကိုဖန်ဆင်းတော်မူ၏။
96:6 ဘုန်းကျက်သရေနှင့်ဘုန်းအာနုဘော်သည် ကိုယ်တော်၏ရှေ့တော်၌ရှိ၏။ အစွမ်းတန်ခိုးနှင့်ဂုဏ်ကျက်သရေသည် ကိုယ်တော်၏သန့်ရှင်းရာဌာနတော်၌ရှိ၏။
96:7 လူမျိုးတို့၏မျိုးနွယ်စုတို့၊ ထာဝရဘုရားကိုသိမှတ်ဝန်ခံကြလော့။ ထာဝရဘုရား၌ ဘုန်းအသရေနှင့်အစွမ်းတန်ခိုးရှိကြောင်း သိမှတ်ဝန်ခံကြလော့။
96:8 ထာဝရဘုရား၏နာမတော်သည် ဘုန်းကြီးတော်မူသည်ဟု သိမှတ်ဝန်ခံကြလော့။ ပူဇော်သက္ကာကိုယူဆောင်လာ၍ ကိုယ်တော်၏တံတိုင်းတော်များအတွင်းသို့ ဝင်ကြလော့။
96:9 သန့်ရှင်းခြင်းအသရေတော်နှင့်ပြည့်စုံသောထာဝရဘုရားကို ရှိခိုးကိုးကွယ်ကြလော့။ မြေကြီးသားအပေါင်းတို့၊ ကိုယ်တော်၏ရှေ့တော်၌ ကြောက်ရွံ့တုန်လှုပ်ကြလော့။
96:10 “ထာဝရဘုရားသည် စိုးစံတော်မူ၏”ဟု လူမျိုးတကာတို့အလယ်၌ ပြောဆိုကြလော့။ ကမ္ဘာမြေကြီးကို မလှုပ်ရှားနိုင်အောင် တည်ထားတော်မူ၏။ ကိုယ်တော်သည် လူတို့ကို သမာသမတ်ရှိစွာ စစ်ကြောစီရင်တော်မူလိမ့်မည်။
96:11 မိုးကောင်းကင် ဝမ်းမြောက်ပါစေ။ ကမ္ဘာမြေကြီး ရွှင်လန်းပါစေ။ ပင်လယ်နှင့် ပင်လယ်ထဲရှိအရာအားလုံးတို့လည်း မြည်ဟည်းကြပါစေ။
96:12 ကွင်းပြင်နှင့် ကွင်းပြင်ရှိအရာအားလုံး ရွှင်မြူးကြပါစေ။ ထိုအခါ တောသစ်ပင်အားလုံး ထာဝရဘုရား၏ရှေ့တော်၌ ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်။
96:13 အကြောင်းမူကား ကိုယ်တော်ကြွလာတော်မူ၏။ ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကိုယ်တော်ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို မိမိ၏သစ္စာတော်ဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။