Psalms 98
98:1 ထာဝရဘုရားထံသို့ သီချင်းအသစ်ကို သီကျူးကြလော့။ အကြောင်းမူကား ကိုယ်တော်သည် အံ့ဖွယ်သောအမှုတို့ကိုပြုတော်မူပြီ။ ကိုယ်တော်၏လက်ယာလက်တော်နှင့် ကိုယ်တော်၏သန့်ရှင်းသောလက်ရုံးတော်သည် ကိုယ်တော့်အဖို့ ကယ်တင်ခြင်းအမှုကို ပြုတော်မူပြီ။
98:2 ထာဝရဘုရားသည် မိမိ၏ကယ်တင်ခြင်းကို ထင်ရှားစေ၍ မိမိ၏ဖြောင့်မတ်ခြင်းကို လူမျိုးတကာတို့ရှေ့၌ ဖော်ပြတော်မူပြီ။
98:3 ကိုယ်တော်သည် အစ္စရေးအမျိုးအနွယ်အပေါ် ထားရှိသည့် မိမိ၏မေတ္တာကရုဏာတော်နှင့် သစ္စာတော်တို့ကို အောက်မေ့တော်မူပြီ။ ကမ္ဘာမြေအစွန်းရှိသမျှတို့သည် ငါတို့ဘုရားသခင်၏ ကယ်တင်ခြင်းကို မြင်ရကြပြီ။
98:4 မြေကြီးသားအပေါင်းတို့၊ ထာဝရဘုရားထံသို့ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။ ဟစ်ကြော်လျက်၊ ရွှင်လန်းစွာသီချင်းဆိုလျက် သီဆိုချီးမွမ်းကြလော့။
98:5 ထာဝရဘုရားကို စောင်းတီး၍ သီဆိုချီးမွမ်းကြလော့။ စောင်းတီး၍ တေးသီချင်းသံဖြင့် သီဆိုချီးမွမ်းကြလော့။
98:6 တံပိုးခရာနှင့် သိုးချိုမှုတ်သံများဖြင့် ရှင်ဘုရင်တည်းဟူသော ထာဝရဘုရား၏ရှေ့တော်၌ ဝမ်းမြောက်စွာကြွေးကြော်ကြလော့။
98:7 ပင်လယ်နှင့် ၎င်း၌ရှိသမျှသောအရာတို့သည် မြည်ဟည်းကြပါစေ။ ကမ္ဘာလောကနှင့် ၎င်း၌နေထိုင်သောသူများသည်လည်း ထိုနည်းတူပြုကြပါစေ။
98:8 မြစ်တို့သည် လက်ခုပ်တီးကြပါစေ။ တောင်များသည် ထာဝရဘုရားရှေ့တော်၌ အတူတကွရွှင်လန်းစွာသီချင်းဆိုကြပါစေ။
98:9 အကြောင်းမူကား ကိုယ်တော်သည် ကမ္ဘာမြေကြီးကိုတရားစီရင်ရန် ကြွလာတော်မူ၏။ ကိုယ်တော်သည် ကမ္ဘာလောကကို ဖြောင့်မတ်ခြင်းဖြင့်လည်းကောင်း၊ လူတို့ကို သမာသမတ်ရှိခြင်းဖြင့်လည်းကောင်း တရားစီရင်တော်မူလိမ့်မည်။