Exodus 1
1:1 အီဂျစ်ပြည်သို့ရောက်လာကြသော အစ္စရေး၏သားတို့အမည်များကား ဤသို့တည်း။ ယာကုပ်နှင့်အတူ မိသားစုအလိုက် ရောက်လာသောသူများမှာ
1:2 ရုဗင်၊ ရှိမောင်၊ လေဝိ၊ ယုဒ၊
1:3 ဣသခါ၊ ဇာဗုလုန်၊ ဗင်္ယာမိန်၊
1:4 ဒန်၊ နဿလိ၊ ဂဒ်၊ အာရှာ တို့ဖြစ်ကြ၏။
1:5 ယာကုပ်မှ ဆင်းသက်လာသောသူ စုစုပေါင်း အယောက်ခုနစ်ဆယ်ရှိ၏။ ယောသပ်ကား အီဂျစ်ပြည်၌ရှိနှင့်၏။
1:6 ယောသပ်မှစ၍ သူ၏ညီအစ်ကိုရှိသမျှနှင့် ထိုမျိုးဆက်အားလုံး သေကြကုန်၏။
1:7 သို့ရာတွင် အစ္စရေးအမျိုးသားတို့သည် တိုးပွားသည်ထက်တိုးပွားလာကြ၏။ ထိုသို့ တိုးပွားလာကြသဖြင့် လူဦးရေများသည်ထက်များလာ၍ တစ်ပြည်လုံး သူတို့နှင့် ပြည့်လေ၏။
1:8 နောက်ပိုင်းတွင် အီဂျစ်ပြည်၌ ယောသပ်ကိုမသိသော ရှင်ဘုရင်အသစ်တစ်ပါး ပေါ်လာ၏။
1:9 ထိုရှင်ဘုရင်က မိမိလူတို့အား “ကြည့်ကြလော့။ အစ္စရေးအမျိုးသားတို့သည် ငါတို့ထက်များပြား၍ အင်အားကြီးကြ၏။
1:10 လာကြ။ သူတို့ကို လိမ္မာပါးနပ်စွာပြုကြစို့။ သို့မဟုတ်လျှင် သူတို့သည် များပြားလာကြလိမ့်မည်။ စစ်ဖြစ်လျှင် သူတို့သည် ငါတို့၏ရန်သူတို့နှင့်ပေါင်း၍ ငါတို့ကိုတိုက်ခိုက်ပြီး ဤပြည်မှ ထွက်သွားကြလိမ့်မည်”ဟု ဆိုလေ၏။
1:11 သို့ဖြစ်၍ အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ကြမ်းတမ်းသောအလုပ်များဖြင့် နှိပ်စက်ရန် အဓမ္မစေခိုင်းသူများကို ခန့်ထားကြ၏။ အစ္စရေးအမျိုးသားတို့သည် ပစ္စည်းသိုလှောင်ရာမြို့ဖြစ်သောပိသုံမြို့နှင့် ရာမသက်မြို့ကို ဖာရောမင်းကြီးအတွက် တည်ဆောက်ကြရ၏။
1:12 သို့သော် သူတို့ကို နှိပ်စက်လေ ပို၍တိုးပွားပျံ့နှံ့လာလေဖြစ်သောကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကြောင့် စိုးရိမ်ပူပန်ခြင်းသို့ရောက်ကြရ၏။
1:13 ထို့ကြောင့် အီဂျစ်လူမျိုးတို့သည် အစ္စရေးအမျိုးသားတို့ကို ရက်စက်ကြမ်းတမ်းစွာ စေခိုင်းကြ၏။
1:14 သူတို့ဘဝခါးသီးရလောက်အောင်ပင် ကြမ်းတမ်းသောအလုပ်များဖြစ်သည့် သရွတ်ဖျော်လုပ်ငန်း၊ အုတ်ဖုတ်လုပ်ငန်း၊ လယ်ယာလုပ်ငန်းရှိသမျှတို့၌ ခိုင်းစေ၏။ ခိုင်းစေလေသမျှတို့၌လည်း ရက်စက်ကြမ်းတမ်းစွာ ခိုင်းစေ၏။
1:15 ထို့ပြင် အီဂျစ်ဘုရင်က ရှိဖရနှင့်ပုအာအမည်ရှိသော ဟေဗြဲဝမ်းဆွဲနှစ်ယောက်အား
1:16 “သင်တို့သည် ဟေဗြဲအမျိုးသမီးတို့အား သားဖွားပေးသောအခါ ကြည့်၍ သားဖွားခုံပေါ်၌ ယောက်ျားလေးဖြစ်လျှင်သတ်စေ။ မိန်းကလေးဖြစ်လျှင်အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။
1:17 သို့သော် ဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သဖြင့် သူတို့အား အီဂျစ်ဘုရင်အမိန့်ပေးသည့်အတိုင်းမပြုဘဲ ယောက်ျားလေးများကို အသက်ချမ်းသာပေးကြ၏။
1:18 ထို့ကြောင့် အီဂျစ်ဘုရင်သည် ဝမ်းဆွဲတို့ကိုခေါ်၍ “သင်တို့သည် အဘယ်ကြောင့် ဤအမှုကိုပြုကြသနည်း။ အဘယ်ကြောင့် ယောက်ျားလေးများကို အသက်ချမ်းသာပေးကြသနည်း”ဟု သူတို့အား မေးလေ၏။
1:19 ဝမ်းဆွဲတို့ကလည်း ဖာရောမင်းကြီးအား “ဟေဗြဲအမျိုးသမီးတို့သည် အီဂျစ်အမျိုးသမီးတို့နှင့်မတူပါ။ သူတို့သည် သန်စွမ်းသောကြောင့် ဝမ်းဆွဲမရောက်မီ သားဖွားတတ်ကြပါ၏”ဟု ပြန်လျှောက်ကြ၏။
1:20 ထို့ကြောင့် ဘုရားသခင်သည် ထိုဝမ်းဆွဲတို့အား ကျေးဇူးပြုတော်မူ၏။ အစ္စရေးလူမျိုးတို့သည်လည်း တိုးပွားကာ အလွန်အားကြီးလာ၏။
1:21 ထိုဝမ်းဆွဲတို့သည် ဘုရားသခင်ကို ကြောက်ရွံ့သောကြောင့် သူတို့အား မိသားစုဘဝကိုပေးသနားတော်မူ၏။
1:22 ဖာရောမင်းကြီးကလည်း မိမိလူအပေါင်းတို့အား “မွေးလာသောယောက်ျားလေးရှိသမျှကို နိုင်းမြစ်ထဲသို့ပစ်ချစေ။ မိန်းကလေးရှိသမျှကိုကား အသက်ရှင်စေ”ဟု အမိန့်ပေးလေ၏။