Exodus 13
13:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
13:2 “အစ္စရေးအမျိုးသားတို့တွင် လူဖြစ်စေ၊ တိရစ္ဆာန်ဖြစ်စေ သားအိမ်တိုင်းမှအဦးဆုံးထွက်လာသောသားဦးတိုင်းကို ငါပိုင်၏။ ငါ့အတွက် သန့်ရှင်းစေကြလော့”ဟု မိန့်တော်မူ၏။
13:3 ထို့နောက် မောရှေက အစ္စရေးလူမျိုးတို့အား “ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ သင်တို့ထွက်လာသော ဤနေ့ရက်ကို အောက်မေ့လော့။ အကြောင်းမူကား ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို ဤအရပ်မှ ထုတ်ဆောင်တော်မူခဲ့၏။ တဆေးပါသောမုန့်ကိုမစားရ။
13:4 အဗိဗလ၊ ဤနေ့ရက်၌ သင်တို့ထွက်လာကြ၏။
13:5 ထာဝရဘုရားသည် သင်တို့ကိုပေးမည်ဟု သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့် နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော ခါနာန်လူမျိုး၊ ဟိတ္တိလူမျိုး၊ အာမောရိလူမျိုး၊ ဟိဝိလူမျိုး၊ ယေဗုသိလူမျိုးတို့၏ပြည်သို့ သင်တို့ကိုပို့ဆောင်တော်မူသောအခါ သင်တို့သည် ဤလ၌ ဤပွဲကို ကျင်းပရမည်။
13:6 ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုစား၍ သတ္တမနေ့၌ ထာဝရဘုရားအဖို့ ပွဲတော်ကျင်းပရမည်။
13:7 ခုနစ်ရက်ပတ်လုံး တဆေးမဲ့မုန့်ကိုသာစားရမည်။ သင်တို့၌ တဆေးပါသောမုန့်ကိုမတွေ့ရစေနှင့်။ သင်တို့၏နယ်မြေတစ်ခွင်လုံးတွင် တဆေးကိုလည်း မတွေ့ရစေနှင့်။
13:8 သင်တို့သည် ထိုနေ့၌ သင်တို့၏သားမြေးများအား ‘အီဂျစ်ပြည်မှ ငါတို့ထွက်လာသောအခါ ငါတို့အတွက် ထာဝရဘုရားပြုတော်မူခဲ့သောအမှုကြောင့် ဤသို့ပြုခြင်းဖြစ်၏’ဟူ၍ ကြားပြောရမည်။
13:9 ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် သင်တို့ကို အီဂျစ်ပြည်မှထုတ်ဆောင်တော်မူသောကြောင့် ထာဝရဘုရား၏တရားတော်သည် သင်တို့၏နှုတ်၌တည်မည့်အကြောင်း သင်တို့အတွက် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်ရစရာအဖြစ် ရှိရမည်။
13:10 သို့ဖြစ်၍ နှစ်စဉ်နှစ်တိုင်း ဤပြဋ္ဌာန်းချက်ကို သတ်မှတ်ထားသောအချိန်၌ သင်တို့စောင့်ထိန်းရမည်။
13:11 ထာဝရဘုရားသည် သင်တို့နှင့်သင်တို့၏ဘိုးဘေးတို့အား ကျိန်ဆိုတော်မူခဲ့သည့်အတိုင်း သင်တို့ကို ခါနာန်လူမျိုးတို့၏ပြည်သို့ ပို့ဆောင်၍ ထိုပြည်ကို သင်တို့အားပေးတော်မူသောအခါ
13:12 သားအိမ်မှအဦးဆုံးထွက်လာသောသူရှိသမျှနှင့် သင်တို့၏တိရစ္ဆာန်များမှ အဦးဆုံးပေါက်သောသားပေါက်ရှိသမျှတို့ကို ထာဝရဘုရားအား ဆက်ကပ်ရမည်။ အထီးဟူသမျှ ထာဝရဘုရားပိုင်တော်မူ၏။
13:13 မြည်းမှအဦးဆုံးပေါက်သောအကောင်ရှိသမျှကို သိုးသငယ်ဖြင့်ရွေးရမည်။ အကယ်၍ မရွေးလိုလျှင် မြည်းသားပေါက်၏လည်ပင်းကိုချိုးရမည်။ သင်တို့၏သားများထဲမှ သားဦးတိုင်းကိုပြန်ရွေးရမည်။
13:14 နောင်ကာလ၌ သင်တို့၏သားများက ‘ဤအမှုကား မည်သို့ဆိုလိုသနည်း’ဟု သင်တို့အား မေးမြန်းကြသောအခါ သင်တို့ကလည်း ‘ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို ကျွန်ခံရာအိမ်အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူခဲ့၏။
13:15 ဖာရောမင်းကြီးသည် ငါတို့ကို လွှတ်ပေးရန် ငြင်းဆန်သောအခါ ထာဝရဘုရားသည် လူတို့၏သားဦးမှစ၍ တိရစ္ဆာန်တို့၏သားဦးတိုင်အောင် အီဂျစ်ပြည်၌ရှိသောသားဦးအားလုံးကို ကွပ်မျက်တော်မူ၏။ ထို့ကြောင့် သားအိမ်မှအဦးဆုံးထွက်လာသောအထီးရှိသမျှတို့ကို ငါတို့သည် ထာဝရဘုရားအားယဇ်ပူဇော်ရ၏။ ငါတို့၏သားယောက်ျားများထဲမှ သားဦးရှိသမျှတို့ကို ပြန်ရွေးရ၏’ ဟု သူတို့အား ပြန်ပြောရမည်။
13:16 ထာဝရဘုရားသည် အားကြီးသောလက်တော်ဖြင့် ငါတို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်တော်မူသောကြောင့် ဤအမှုသည် သင်တို့၏လက်၌ အမှတ်လက္ခဏာ၊ သင်တို့၏မျက်မှောင်၌ အမှတ်သင်္ကေတအဖြစ် ရှိရမည်”ဟု ပြောကြားလေ၏။
13:17 အစ္စရေးလူမျိုးတို့ကို ဖာရောမင်းကြီးလွှတ်ပေးသောအခါ ဘုရားသခင်က “ဤလူမျိုးသည် စစ်မှုနှင့်တွေ့လျှင် စိတ်ပြောင်းသွား၍ အီဂျစ်ပြည်သို့ ပြန်သွားလိမ့်မည်”ဟု ဆိုပြီး ဖိလိတ္တိပြည်ဘက်သွားသောလမ်းသည် နီးသော်လည်း သူတို့အား ထိုလမ်းဖြင့်ပို့ဆောင်တော်မမူပေ။
13:18 ဘုရားသခင်သည် ဤလူမျိုးကို ပင်လယ်နီဘက်မှ ကွေ့ဝိုက်သောတောကန္တာရလမ်းဖြင့် ပို့ဆောင်တော်မူ၏။ အစ္စရေးအမျိုးသားတို့သည် စစ်အခင်းအကျင်းဖြင့် အီဂျစ်ပြည်ထဲမှထွက်သွားကြ၏။
13:19 မောရှေသည် ယောသပ်၏အရိုးများကို မိမိနှင့်အတူ ယူဆောင်သွား၏။ အကြောင်းမူကား ယောသပ်က အစ္စရေးအမျိုးသားတို့အား “ဘုရားသခင်သည် သင်တို့ကို အမှန်ပင်အကြည့်အရှုကြွလာတော်မူမည်။ ထိုအခါ ငါ၏အရိုးတို့ကို သင်တို့နှင့်အတူ ဤပြည်မှ ယူဆောင်သွားရမည်”ဟု ဆိုလျက် ကြပ်ကြပ်ကျိန်ဆိုစေခဲ့သောကြောင့်ဖြစ်၏။
13:20 သူတို့သည် သုကုတ်အရပ်မှ ထွက်လာ၍ တောကန္တာရအစွန်းရှိ ဧသံအရပ်၌ စခန်းချကြ၏။
13:21 နေ့အချိန်၌ဖြစ်စေ၊ ညအချိန်၌ဖြစ်စေ ခရီးသွားနိုင်မည့်အကြောင်း ထာဝရဘုရားသည် လမ်းခရီးတွင် သူတို့ကိုပို့ဆောင်ရန် နေ့အချိန်၌ မိုးတိမ်တိုင်အဖြစ်လည်းကောင်း၊ ညအချိန်၌ သူတို့ကိုအလင်းပေးရန် မီးတိုင်အဖြစ်လည်းကောင်း သူတို့၏ရှေ့မှ ကြွတော်မူ၏။
13:22 နေ့အချိန်၌ မိုးတိမ်တိုင်၊ ညအချိန်၌ မီးတိုင်ကို လူတို့၏ရှေ့မှ ရုပ်သိမ်းတော်မမူပေ။