Exodus 15
15:1 ထို့နောက် ထာဝရဘုရားထံတော်သို့ မောရှေနှင့်အစ္စရေးအမျိုးသားတို့ သီကျူးသောသီချင်းကား “ထာဝရဘုရားထံသို့ ငါသီချင်းဆိုမည်။ အကြောင်းမူကား ကိုယ်တော်သည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူပြီ။ မြင်းနှင့်မြင်းစီးသောသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ။
15:2 ထာဝရဘုရားသည် ငါ၏အစွမ်းသတ္တိ၊ ငါကျူးဧရာတေးသီချင်း၊ ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါ၏ဘုရားဖြစ်တော်မူသော ကိုယ်တော်အား ငါချီးမွမ်းမည်။ ငါ့အဖ၏ဘုရားဖြစ်တော်မူသောကိုယ်တော်အား ငါချီးမြှောက်မည်။
15:3 ထာဝရဘုရားသည် စစ်သူရဲဖြစ်တော်မူ၏။ နာမတော်ကား ထာဝရဘုရားပေတည်း။
15:4 ဖာရောမင်းကြီး၏စစ်ရထားများနှင့်စစ်သည်တို့ကို ပင်လယ်ထဲသို့ချပစ်တော်မူပြီ။ လက်ရွေးစင်တပ်မှူးတို့သည်လည်း ပင်လယ်နီထဲ၌ နစ်မြုပ်ကြလေပြီ။
15:5 နက်ရှိုင်းသောရေထုသည် သူတို့ကိုဖုံးလွှမ်းလေပြီ။ သူတို့သည် ကျောက်တုံးသဖွယ် ရေနက်ရာထဲသို့ နစ်မြုပ်သွားရလေပြီ။
15:6 အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် တန်ခိုးတော်ဖြင့် ဘုန်းကြီးတော်မူ၏။ အို ထာဝရဘုရား၊ ကိုယ်တော်၏လက်ယာလက်တော်သည် ရန်သူကို ချိုးဖဲ့ခြေမွှတော်မူ၏။
15:7 ကိုယ်တော်ကိုဆန့်ကျင်သောသူတို့ကို ကြီးမားသောဘုန်းတန်ခိုးတော်ဖြင့် မှောက်လှန်တော်မူ၏။ ပြင်းထန်သောအမျက်တော်ကိုလွှတ်တော်မူ၍ ရိုးပြတ်ကဲ့သို့လောင်ကျွမ်းစေတော်မူ၏။
15:8 ကိုယ်တော်၏နှာခေါင်းတော်မှလေကို မှုတ်ထုတ်လိုက်သောအခါ ရေသည် မို့မောက်လာ၏။ စီးသောရေသည်လည်း စုပုံ၍ တန့်သွား၏။ ပင်လယ်ထဲမှ ရေထုသည်လည်း ခဲလေ၏။
15:9 ရန်သူက ‘ငါလိုက်မည်။ သူတို့ကို ငါမီမည်။ တိုက်ယူသောပစ္စည်းကိုခွဲဝေ၍ ငါ့စိတ်အလိုပြည့်မည်။ ငါ့ဓားကိုထုတ်၍ သူတို့ကို ငါ့လက်ဖြင့် ဖျက်ဆီးမည်’ဟု ဆိုသောအခါ
15:10 ကိုယ်တော်သည် လေကိုရှူထုတ်လိုက်ရာ ပင်လယ်ရေသည် သူတို့ကိုဖုံးလွှမ်း၍ ရေထုအောက်သို့ ခဲသတ္တုသဖွယ်နစ်မြုပ်သွားလေ၏။
15:11 အို ထာဝရဘုရား၊ ဘုရားတို့တွင် အဘယ်မည်သောဘုရားသည် ကိုယ်တော်နှင့်တူပါသနည်း။ သန့်ရှင်းခြင်းကြောင့် ဘုန်းကြီးတော်မူသော၊ ဘုန်းအသရေကြောင့် ကြောက်ရွံ့ဖွယ်ဖြစ်တော်မူသော၊ အံ့ဖွယ်သောအမှုကိုပြုတော်မူသော ကိုယ်တော်နှင့် အဘယ်သူတူပါသနည်း။
15:12 ကိုယ်တော်၏လက်ယာလက်တော်ကိုဆန့်တော်မူသဖြင့် မြေကြီးသည် သူတို့ကိုမျိုလေ၏။
15:13 ကိုယ်တော်ရွေးနုတ်တော်မူသောလူမျိုးကို မေတ္တာကရုဏာတော်ဖြင့် ပို့ဆောင်တော်မူ၍ ကိုယ်တော်၏သန့်ရှင်းသောစံမြန်းရာအရပ်သို့ အစွမ်းတန်ခိုးတော်ဖြင့် လမ်းပြတော်မူ၏။
15:14 လူမျိုးတကာတို့သည်ကြား၍ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်။ ဖိလိတ္တိပြည်သားတို့သည် ဝေဒနာကိုမချိမဆံ့ ခံစားရလိမ့်မည်။
15:15 ဧဒုံအမျိုးအနွယ်သူကြီးတို့သည်လည်း ထိတ်လန့်ကြလိမ့်မည်။ မောဘလူမျိုးအကြီးအကဲတို့သည် ထိတ်လန့်တုန်လှုပ်ခြင်းနှင့် ကြုံတွေ့ရလိမ့်မည်။ ခါနာန်ပြည်သားအပေါင်းတို့သည် စိတ်အားလျော့ ကြလိမ့်မည်။
15:16 ကြောက်ရွံ့ထိတ်လန့်ဖွယ်ဘေးတို့သည် သူတို့အပေါ်သို့ကျရောက်လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော်၏လူမျိုးတော်တို့ကျော်လွန်သွားသည်အထိ၊ ကိုယ်တော်ဝယ်ယူတော်မူသောလူမျိုးတော်တို့ ကျော်လွန်သွားသည်အထိ ကိုယ်တော်၏ကြီးမားသောလက်ရုံးတော်ကြောင့် သူတို့သည် ကျောက်တုံးကဲ့သို့ တိတ်ဆိတ်နေကြလိမ့်မည်။
15:17 အို ထာဝရဘုရား၊ ကိုယ်တော်ကိန်းဝပ်တော်မူရန် ဖန်ဆင်းတော်မူသည့်အရပ်၊ အို အကျွန်ုပ်၏ဘုရားရှင်၊ ကိုယ်တော်၏လက်တော်ဖြင့်တည်တော်မူသည့် သန့်ရှင်းရာဌာနတည်းဟူသော ကိုယ်တော်၏အမွေတော်တောင်သို့ ကိုယ်တော်၏လူမျိုးတော်ကို ယူဆောင်လာ၍ နေရာချ တော်မူလိမ့်မည်။
15:18 ထာဝရဘုရားသည် ကာလအစဉ်အဆက်စိုးစံတော်မူလိမ့်မည်”ဟု သီဆိုကြ၏။
15:19 ဖာရောမင်းကြီး၏မြင်းများနှင့်အတူ စစ်ရထားများ၊ မြင်းစီးသူရဲများသည် ပင်လယ်ထဲသို့ဝင်ကြသောအခါ ထာဝရဘုရားသည် ပင်လယ်ရေကို သူတို့အပေါ်သို့ ပြန်စီးလာစေတော်မူ၏။ အစ္စရေးအမျိုးသားတို့မူကား ပင်လယ်ထဲ၌ ခြောက်သွေ့သောမြေပေါ်တွင် လျှောက်သွားရ၏။
15:20 အာရုန်၏အစ်မဖြစ်သော ပရောဖက်မ မိရိအံသည် ပတ်သာကိုကိုင်လျက် မိန်းမအပေါင်းတို့သည်လည်း ပတ်သာတီးလျက်၊ ကခုန်လျက် သူ့နောက်သို့လိုက်သွားကြ၏။
15:21 ထိုအခါ မိရိအံက “ထာဝရဘုရားသည် ဘုန်းထင်ရှားလျက်အောင်ပွဲခံတော်မူသည်ဖြစ်၍ ကိုယ်တော့်ထံသို့ သီချင်းဆိုကြလော့။ မြင်းနှင့်မြင်းစီးသူတို့အား ပင်လယ်ထဲသို့ချပစ်တော်မူပြီ”ဟု သူတို့နှင့်အပြန်အလှန်သီဆိုလေ၏။
15:22 ထို့နောက် မောရှေသည် အစ္စရေးလူမျိုးတို့ကို ပင်လယ်နီမှ ဆောင်သွားသဖြင့် ရှုရတောကန္တာရသို့ရောက်ကြ၏။ သူတို့သည် တောကန္တာရထဲ၌ သုံးရက်ပတ်လုံးလျှောက်သွား၍ ရေကိုမတွေ့ရကြ။
15:23 မာရအရပ်သို့ရောက်သောအခါ မာရအရပ်မှရေသည် ခါးသောကြောင့် မသောက်နိုင်ကြ။ ထို့ကြောင့် ထိုအရပ်၏အမည်ကို မာရ ဟုခေါ်၏။
15:24 ထိုအခါ အစ္စရေးလူမျိုးတို့က မောရှေအား “အကျွန်ုပ်တို့ ဘာသောက်ရမည်နည်း”ဟု ဆိုလျက် ညည်းညူကြ၏။
15:25 မောရှေသည်လည်း ထာဝရဘုရားထံ အော်ဟစ်တောင်းလျှောက်ရာ ထာဝရဘုရားသည် သူ့အား သစ်တုံးတစ်တုံးကို ညွှန်ပြ၏။ သူသည် ထိုသစ်တုံးကိုရေထဲသို့ ပစ်ချလိုက်သော် ရေသည်ချိုလေ၏။ ထာဝရဘုရားသည် ထိုအရပ်၌ သူတို့အတွက် ပြဋ္ဌာန်းချက်၊ စီရင်ထုံးဖွဲ့ချက်တို့ကို စီရင်တော်မူ၏။ ထိုအရပ်၌ သူတို့ကို စမ်းသပ်တော်မူ၏။
15:26 ထာဝရဘုရားက “သင်၏ဘုရားသခင် ထာဝရဘုရား၏စကားကို သေချာစွာနားထောင်၍ မျက်မှောက်တော်၌ ဖြောင့်မှန်စွာပြုမူလျှင်လည်းကောင်း၊ ပညတ်တော်တို့ကိုစူးစိုက်နားထောင်၍ ပြဋ္ဌာန်းတော်မူချက်ရှိသမျှတို့ကို စောင့်ထိန်းလျှင်လည်းကောင်း ငါသည် အီဂျစ်လူမျိုးတို့အပေါ်သို့ကျရောက်စေခဲ့သောအနာရောဂါတစ်စုံတစ်ခုမျှ သင့်အပေါ်သို့ ကျရောက်စေမည်မဟုတ်။ အကြောင်းမှာ ငါထာဝရဘုရားသည် သင်၏အနာရောဂါကို ပျောက်ကင်းစေသောအရှင်ဖြစ်၏”ဟု မိန့်တော်မူ၏။
15:27 ထို့နောက် သူတို့သည် ဧလိမ်အရပ်သို့ရောက်လာကြ၏။ ထိုအရပ်၌ စမ်းရေတွင်းတစ်ဆယ့်နှစ်တွင်းနှင့်တကွ စွန်ပလွံပင်ခုနစ်ဆယ်ရှိ၏။ သူတို့သည် ထိုအရပ်တွင် ရေနှင့်နီးသောနေရာ၌ စခန်းချကြလေ၏။