Exodus 18
18:1 ဘုရားသခင်က မောရှေနှင့် မိမိ၏လူမျိုးတော်အစ္စရေးတို့အား ပြုပေးခဲ့သောအရာအားလုံးနှင့် ထာဝရဘုရားက အစ္စရေးလူမျိုးတို့အား အီဂျစ်ပြည်မှ မည်သို့ထုတ်ဆောင်လာခဲ့သည်ကို မောရှေ၏ယောက္ခမ မိဒျန်ယဇ်ပုရောဟိတ်ယေသရော ကြားသိရ၏။
18:2 မောရှေသည် မိမိမယားဇိပေါရကို ပြန်လွှတ်လိုက်သည်ဖြစ်၍ မောရှေ၏ယောက္ခမယေသရောသည် ဇိပေါရနှင့်
18:3 သူ၏သားနှစ်ယောက်ကို ခေါ်ထား၏။ မောရှေက “ငါသည် တစ်ပါးအမျိုးသားပြည်၌ ဧည့်သည်ဖြစ်ရပြီ”ဟု ဆိုလျက် သားတစ်ယောက်၏အမည်ကို ဂေရရှုံ ဟု မှည့်ခေါ်ထား၏။
18:4 နောက်သားတစ်ယောက်၏အမည်မှာ “ငါ့အဖ၏ဘုရားသခင်သည် ငါ့ကိုကူညီမစသောအရှင်ဖြစ်၍ ငါ့ကို ဖာရောမင်းကြီး၏ဓားဘေးမှ ကယ်နုတ်တော်မူပြီ”ဟု ဆိုလျက် ဧလျေဇာ ဟုမှည့်ခေါ်ထား၏။
18:5 မောရှေ၏ယောက္ခမယေသရောသည် မောရှေ၏မယားနှင့်သားတို့ကို ဘုရားသခင်၏တောင်တော်ရှိ မောရှေစခန်းချရာ တောကန္တာရသို့ ခေါ်ဆောင်လာပြီး
18:6 ယေသရောက “သင်၏ယောက္ခမ ငါယေသရောသည် သင့်မယား၊ သင့်သားနှစ်ယောက်တို့နှင့်အတူ သင့်ထံသို့လာနေပြီ”ဟု မောရှေထံ ပြောကြားစေ၏။
18:7 ထို့ကြောင့် မောရှေသည် မိမိယောက္ခမကိုကြိုဆိုရန်ထွက်လာ၍ သူ့ရှေ့၌ပျပ်ဝပ်ပြီး သူ့အားနမ်းလေ၏။ သူတို့သည် တစ်ဦးနှင့်တစ်ဦး သာကြောင်းမာကြောင်းမေးမြန်းပြီးလျှင် တဲထဲသို့ဝင်ကြ၏။
18:8 ထို့နောက် မောရှေက ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့အတွက် ဖာရောမင်းကြီးနှင့်အီဂျစ်လူမျိုးတို့အပေါ် ပြုတော်မူခဲ့သမျှကိုလည်းကောင်း၊ လမ်းခရီး၌ သူတို့ကြုံတွေ့ရသောအခက်အခဲအလုံးစုံတို့ကိုလည်းကောင်း၊ သူတို့အား ထာဝရဘုရားကယ်နုတ်တော်မူခဲ့ကြောင်းကိုလည်းကောင်း မိမိယောက္ခမအား ပြောပြလေ၏။
18:9 ထာဝရဘုရားသည် အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့လက်မှ ကယ်နုတ်တော်မူ၍ သူတို့အတွက် ကိုယ်တော်ပြုတော်မူခဲ့သည့် ကောင်းမြတ်သောအရာရှိသမျှတို့ကြောင့် ယေသရောသည် ဝမ်းသာအားရဖြစ်၏။
18:10 ထို့ကြောင့် ယေသရောက “သင်တို့ကို အီဂျစ်လူမျိုးတို့လက်မှလည်းကောင်း၊ ဖာရောမင်းကြီး၏လက်မှလည်းကောင်း ကယ်နုတ်တော်မူသောအရှင်၊ အစ္စရေးလူမျိုးတို့ကို အီဂျစ်လူမျိုးတို့၏လက်အောက်မှ ကယ်နုတ်တော်မူသောအရှင်ထာဝရဘုရားသည် မင်္ဂလာရှိပါစေသော။
18:11 သူတို့သည် အစ္စရေးလူမျိုးတို့ကို ဖိနှိပ်ညှဉ်းဆဲသောအမှုအရာကြောင့် ထာဝရဘုရားသည် ဘုရားရှိသမျှတို့ထက် ကြီးမြတ်တော်မူကြောင်းကို ယခုငါသိပြီ”ဟု ဆို၏။
18:12 ထို့နောက် မောရှေ၏ယောက္ခမယေသရောသည် ဘုရားသခင်ထံ မီးရှို့ရာယဇ်နှင့် ယဇ်ကောင်များကို ယူဆောင်လာ၏။ အာရုန်နှင့်အစ္စရေးလူမျိုးသက်ကြီးဝါကြီးအပေါင်းတို့သည်လည်း ဘုရားသခင်ရှေ့တော်၌ မောရှေ၏ယောက္ခမနှင့်အတူ အစားအစာစားသောက်ရန် လာကြ၏။
18:13 နောက်တစ်နေ့၌ မောရှေသည် လူတို့ကိုတရားစီရင်ရန် ထိုင်၍ လူတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် မောရှေရှေ့၌ ရပ်နေကြ၏။
18:14 လူတို့အတွက် မောရှေဆောင်ရွက်ပေးသမျှတို့ကို သူ၏ယောက္ခမယေသရောတွေ့မြင်လျှင် “လူတို့အတွက် သင်မည်သို့ ဆောင်ရွက်ပေးနေသနည်း။ အဘယ်ကြောင့် သင်တစ်ယောက်တည်းထိုင်၍ လူအပေါင်းတို့သည် နံနက်အချိန်မှ နေဝင်ချိန်တိုင်အောင် သင့်ရှေ့၌ရပ်နေကြရသနည်း”ဟု ဆို၏။
18:15 မောရှေကလည်း သူ၏ယောက္ခမအား “လူတို့သည် အကျွန်ုပ်ထံသို့လာ၍ ဘုရားသခင်အား မေးလျှောက်လိုကြသောကြောင့်ဖြစ်ပါ၏။
18:16 သူတို့၌ အမှုအခင်းရှိသောအခါ အကျွန်ုပ်ထံသို့လာကြပါ၏။ အကျွန်ုပ်သည်လည်း သူတို့တစ်ဦးနှင့်တစ်ဦးကြား တရားစီရင်ပေး၍ ဘုရားသခင်၏ပြဋ္ဌာန်းချက်များနှင့်တရားများကိုလည်း သူတို့အား သွန်သင်ပေးရပါ၏”ဟု ပြန်ပြောလေ၏။
18:17 ထိုအခါ မောရှေ၏ယောက္ခမက “သင် ဤသို့ပြုခြင်းသည် အဆင်မပြေပေ။
18:18 သင်နှင့်တကွ ဤလူတို့သည် အမှန်တကယ်ပင်ပန်းကြလိမ့်မည်။ သင့်အတွက် ဤအမှုသည် ကြီးလေးသောကြောင့် သင်တစ်ယောက်တည်း မဆောင်ရွက်နိုင်။
18:19 ယခု ငါ့စကားကို နားထောင်လော့။ သင့်ကို ငါအကြံပေးမည်။ ဘုရားသခင်သည် သင်နှင့်အတူရှိတော်မူပါစေသော။ သင်သည် ဘုရားသခင်၏ရှေ့တော်၌ လူတို့၏ကိုယ်စားဖြစ်၍ ဘုရားသခင်ထံသို့အမှုအခင်းများကို တင်သွင်းရမည်။
18:20 ပြဋ္ဌာန်းချက်များ၊ ဥပဒေသများနှင့်ပတ်သက်၍ သူတို့အား သတိပေးရမည်။ သူတို့သွားရမည့်လမ်း၊ လုပ်ဆောင်ရမည့်အလုပ်ကို သူတို့အားသိစေရမည်။
18:21 လူအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူ၊ ဘုရားသခင်ကိုကြောက်ရွံ့သောသူ၊ သစ္စာရှိသောသူ၊ မတရားသောအကျိုးစီးပွားကိုမုန်းသောသူတို့ကို ရွေးချယ်၍ သူတို့ကို လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ်အဖြစ် ခန့်ထားရမည်။
18:22 သူတို့သည် လူတို့ကို အချိန်မရွေး စီရင်ပေးကြစေ။ ကြီးသောအမှုရှိသမျှကို သင့်ထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင်စီရင်ပေးကြစေ။ ဤသို့ သူတို့သည် သင့်ဝန်ကို ကူထမ်းပေးသဖြင့် သင့်အတွက် ဝန်ပေါ့လိမ့်မည်။
18:23 သင်သည် ဤသို့ပြုမည်၊ ဘုရားသခင်သည်လည်း ဤသို့ ခွင့်ပြုမည်ဆိုလျှင် သင်သက်သာလိမ့်မည်။ ဤလူအပေါင်းတို့သည်လည်း မိမိတို့နေအိမ်သို့ ငြိမ်းချမ်းစွာပြန်သွားရလိမ့်မည်”ဟု ဆိုလေ၏။
18:24 မောရှေသည်လည်း မိမိယောက္ခမ၏စကားကိုနားထောင်၍ ပြောသမျှအတိုင်းပြုလေ၏။
18:25 အစ္စရေးလူမျိုးအပေါင်းတို့ထဲမှ အရည်အချင်းရှိသောသူများကိုရွေးချယ်၍ သူတို့ကို လူတို့၏အကြီးအမှူးများအဖြစ် လူတစ်ထောင်အုပ်၊ တစ်ရာအုပ်၊ ငါးဆယ်အုပ်၊ တစ်ဆယ်အုပ် စသည်ဖြင့် ခန့်အပ်ထားလေ၏။
18:26 ထိုသူတို့သည်လည်း လူတို့အား အချိန်မရွေး စီရင်ပေးကြ၏။ ခက်ခဲသောအမှုကို မောရှေထံသို့တင်သွင်း၍ သေးငယ်သောအမှုရှိသမျှကို သူတို့ကိုယ်တိုင် စီရင်ကြ၏။
18:27 ထို့နောက် မောရှေသည် သူ၏ယောက္ခမအား ပြန်ခွင့်ပြု၍ သူသည် နေရင်းပြည်သို့ပြန်သွားလေ၏။