Exodus 30
30:1 နံ့သာပေါင်းရှို့ရာယဇ်ပလ္လင်ကို အကေရှား သစ်သားဖြင့် သင်လုပ်ရမည်။
30:2 ထိုယဇ်ပလ္လင်သည် အလျားတစ်တောင် ၊ အနံတစ်တောင် စတုရန်းပုံဖြစ်၍ အမြင့်နှစ်တောင် ရှိရမည်။ ယဇ်ပလ္လင်၏ချိုများသည် ယဇ်ပလ္လင်နှင့်တစ်ဆက်တည်းဖြစ်ရမည်။
30:3 ယဇ်ပလ္လင်၏အပေါ်ပိုင်းကိုလည်းကောင်း၊ ဘေးပတ်ပတ်လည်ကိုလည်းကောင်း၊ ချိုများကိုလည်းကောင်း ရွှေစင်ဖြင့်မွမ်းမံရမည်။ ယဇ်ပလ္လင်အပေါ်ပိုင်းပတ်ပတ်လည်ကို ရွှေဖြင့်ခြယ်လှယ်ရမည်။
30:4 ရွှေဖြင့်ခြယ်လှယ်ထားသောအပိုင်း၏အောက်နား၊ ယဇ်ပလ္လင်ဘေးနှစ်ဖက် တစ်ဖက်တစ်ချက်တွင် ရွှေကွင်းနှစ်ကွင်းကိုတပ်ရမည်။ ထိုကွင်းတို့သည် ယဇ်ပလ္လင်ထမ်းရန် ထမ်းပိုးများလျှိုစရာဖြစ်ရမည်။
30:5 ထမ်းပိုးတို့ကို အကေရှား သစ်သားဖြင့်လုပ်၍ ရွှေဖြင့်မွမ်းမံရမည်။
30:6 ထိုယဇ်ပလ္လင်ကို သင်နှင့်ငါတွေ့ဆုံမည့်နေရာ၊ သက်သေခံချက်ပေါ်ရှိကရုဏာတော်ပလ္လင် ရှေ့၊ သက်သေခံချက်သေတ္တာတော်ကိုကာသောကန့်လန့်ကာရှေ့၌ ထားရမည်။
30:7 အာရုန်သည် နံနက်တိုင်းမီးခွက်များကိုပြင်ဆင်သောအခါ ထိုယဇ်ပလ္လင်ပေါ်၌ အမွှေးနံ့သာပေါင်းကို ရှို့ရမည်။
30:8 နေဝင်ချိန်၌မီးခွက်များကို ပြင်ဆင်သောအခါတွင်လည်း ထိုယဇ်ပလ္လင်ပေါ်၌ နံ့သာပေါင်းကိုရှို့ရမည်။ ထိုသို့ သင်တို့မျိုးဆက်အစဉ်အဆက် ထာဝရဘုရားရှေ့တော်၌ နံ့သာပေါင်းကို အစဉ်မပြတ်ရှို့ရမည်။
30:9 ထိုယဇ်ပလ္လင်ပေါ်၌ အခြားသောနံ့သာပေါင်းကို မပူဇော်ရ။ မီးရှို့ရာယဇ်နှင့် ဘောဇဉ်ပူဇော်သက္ကာကိုလည်း မပူဇော်ရ။ သွန်းလောင်းရာပူဇော်သက္ကာကိုလည်း မသွန်းလောင်းရ။
30:10 အာရုန်သည် အပြစ်ဖြေလွှတ်ခြင်းနှင့်ဆိုင်သော အပြစ်ဖြေရာယဇ်ကောင်၏သွေးဖြင့် ယဇ်ပလ္လင်၏ချိုပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို တစ်နှစ်တစ်ကြိမ်ပြုရမည်။ ထိုသို့ယဇ်ပလ္လင်ပေါ်၌ အပြစ်ဖြေလွှတ်ခြင်းကို သင်တို့၏မျိုးဆက်အစဉ်အဆက် တစ်နှစ်တစ်ကြိမ်ပြုရမည်။ ယဇ်ပလ္လင်သည် ထာဝရဘုရားအဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏”ဟု မိန့်တော်မူ၏။
30:11 တစ်ဖန် ထာဝရဘုရားက မောရှေအား
30:12 “သင်သည် အစ္စရေးအမျိုးသားတို့ကိုရေတွက်၍ လူဦးရေစာရင်းကောက်ရာ၌ သူတို့ကိုရေတွက်စဉ် သူတို့အပေါ်ဘေးဒဏ်မကျရောက်မည့်အကြောင်း သူတို့၏အသက်ရွေးနုတ်စရာအဖိုးအခကို ထာဝရဘုရားအား အသီးသီးပေးဆောင်ရမည်။
30:13 ရေတွက်သောစာရင်းထဲတွင် ပါဝင်သူတိုင်း သန့်ရှင်းရာဌာန၏ရှယ်ကယ်အလေးစံနှုန်းနှင့်အညီ ရှယ်ကယ်တစ်ဝက် ပေးဆောင်ရမည်။ (တစ်ရှယ်ကယ် လျှင် ဂေရနှစ်ဆယ် နှင့်ညီမျှ၏။) ထိုရှယ်ကယ်တစ်ဝက်သည် ထာဝရဘုရားအဖို့ အလှူပစ္စည်းဖြစ်၏။
30:14 အသက်နှစ်ဆယ်နှင့်အထက်ရှိ၍ ရေတွက်သောစာရင်းထဲတွင် ပါဝင်သူအပေါင်းတို့သည် ထာဝရဘုရားအား အလှူပစ္စည်းပေးလှူရမည်။
30:15 သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းပြုရန် ထာဝရဘုရားအား အလှူပစ္စည်းကိုဆက်ကပ်သောအခါ ချမ်းသာသောသူသည် ရှယ်ကယ်တစ်ဝက်ထက် ပို၍မဆက်ကပ်ရ။ ဆင်းရဲသောသူသည်လည်း ရှယ်ကယ်တစ်ဝက်ထက် လျှော့၍မဆက်ကပ်ရ။
30:16 အစ္စရေးအမျိုးသားတို့ထံမှ အပြစ်ဖြေလွှတ်ခြင်းအတွက် ငွေကိုယူ၍ ၎င်းကို တွေ့ဆုံစည်းဝေးရာတဲတော်၏အမှုတော်အတွက် အသုံးပြုရမည်။ ထိုငွေသည် သင်တို့၏အသက်အတွက် အပြစ်ဖြေလွှတ်ခြင်းဖြစ်ကြောင်း ထာဝရဘုရား၏ရှေ့တော်၌ အစ္စရေးအမျိုးသားတို့ အောက်မေ့ဖို့ရန်အတွက် ဖြစ်၏”ဟု မိန့်တော်မူ၏။
30:17 တစ်ဖန် ထာဝရဘုရားက မောရှေအား
30:18 “ခြေလက်ဆေးကြောရန် ကြေးနီခြေတိုင်ပါသော ကြေးနီအင်တုံကိုလုပ်ရမည်။ ထိုအင်တုံကို တွေ့ဆုံစည်းဝေးရာတဲတော်နှင့်ယဇ်ပလ္လင်ကြား၌ထား၍ ရေထည့်ထားရမည်။
30:19 အာရုန်နှင့်သူ၏သားတို့သည် ထိုအင်တုံ၌ မိမိတို့၏ခြေလက်ကို ဆေးကြောရမည်။
30:20 တွေ့ဆုံစည်းဝေးရာတဲတော်ထဲသို့ဝင်သောအခါ၌ဖြစ်စေ၊ ထာဝရဘုရားထံ၌ အမှုတော်ဆောင်ရွက်ရန်နှင့် မီးဖြင့်ပူဇော်သောယဇ်ကိုပူဇော်ရန် ယဇ်ပလ္လင်တော်သို့ ချဉ်းကပ်သောအခါ၌ဖြစ်စေ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကိုရေဖြင့်ဆေးကြောရမည်။
30:21 ဤသို့ သေဘေးနှင့်ကင်းလွတ်မည့်အကြောင်း ခြေလက်ကို ဆေးကြောခြင်းသည် အာရုန်မှစ၍ သူ၏သားမြေး၊ သူတို့၏မျိုးဆက်အစဉ်အဆက် အစဉ်အမြဲလိုက်နာရမည့်ပြဋ္ဌာန်းချက်ဖြစ်၏”ဟု မိန့်တော်မူ၏။
30:22 တစ်ဖန် ထာဝရဘုရားက မောရှေအား
30:23 “သင်သည် အကောင်းစားအမွှေးနံ့သာများကို သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ မုရန်အရည် ငါးရာရှယ်ကယ် ၊ မွှေးကြိုင်သောသစ်ကြံပိုး နှစ်ရာ့ငါးဆယ်ရှယ်ကယ် ၊ မွှေးကြိုင်သောခါနဲ နှစ်ရာ့ငါးဆယ်ရှယ်ကယ်၊
30:24 ကရဝေးငါးရာရှယ်ကယ်နှင့် သံလွင်ဆီတစ်ဟိန် ကိုယူ၍
30:25 သန့်ရှင်းသောဘိသိက်ဆီအဖြစ် အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာဆီကိုဖော်စပ်လော့။ ၎င်းသည် သန့်ရှင်းသောဘိသိက်ဆီဖြစ်ရမည်။
30:26 ထိုဆီဖြင့် တွေ့ဆုံစည်းဝေးရာတဲတော်နှင့် သက်သေခံချက်သေတ္တာတော်ကိုလည်းကောင်း
30:27 စားပွဲနှင့်ထိုစားပွဲ၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ ဆီမီးခုံနှင့်ထိုဆီမီးခုံ၏တန်ဆာပလာများကိုလည်းကောင်း၊ နံ့သာပေါင်းယဇ်ပလ္လင်ကိုလည်းကောင်း၊
30:28 မီးရှို့ရာယဇ်ပလ္လင်နှင့်ထိုယဇ်ပလ္လင်၏တန်ဆာပလာရှိသမျှကိုလည်းကောင်း၊ အင်တုံနှင့်ထိုအင်တုံ၏ခြေတိုင်ကိုလည်းကောင်း ဘိသိက်သွန်းရမည်။
30:29 သင်သည် ထိုအရာတို့ကို သန့်ရှင်းစေသဖြင့် ၎င်းတို့သည် အထူးသန့်ရှင်းသောအရာဖြစ်လိမ့်မည်။ ထိမိသောအရာဟူသမျှ သန့်ရှင်းလိမ့်မည်။
30:30 အာရုန်နှင့်သူ၏သားတို့သည် ယဇ်ပုရောဟိတ်အဖြစ် ငါ့ထံ၌အမှုတော်ကိုဆောင်ရွက်ရန် သင်သည် သူတို့ကို ဘိသိက်ပေး၍ သန့်ရှင်းစေရမည်။
30:31 သင်သည် အစ္စရေးအမျိုးသားတို့အား ‘ဤဆီသည် သင်တို့၏မျိုးဆက်အစဉ်အဆက် ငါ့အဖို့သန့်ရှင်းသောဘိသိက်ဆီဖြစ်၏။
30:32 ထိုဆီကို လူ၏ကိုယ်ခန္ဓာ၌ မလိမ်းရ။ ထိုဆီဖော်စပ်နည်းအတိုင်း အခြားဆီကို မဖော်စပ်ရ။ ဤဆီသည် သန့်ရှင်း၏။ သင်တို့အဖို့လည်း သန့်ရှင်းသောဆီဖြစ်ရမည်။
30:33 ထိုဆီမျိုးဖော်စပ်သောသူ၊ မဆိုင်သောသူအား ထိုဆီကိုလိမ်းပေးသောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။
30:34 တစ်ဖန် ထာဝရဘုရားက မောရှေအား “သစ်စေး၊ ရှက်ဟေလစ် နှင့် ဂါလဗန်စေးစသော အမွှေးအကြိုင်များနှင့်အတူ သန့်စင်သောလော်ဗန်ကို ယူလော့။ ထိုအမွှေးအကြိုင်များနှင့် သန့်စင်သောလော်ဗန်သည် ဆတူဖြစ်ရမည်။
30:35 ၎င်းတို့ကို အမွှေးနံ့သာဖော်စပ်နည်းအတိုင်း နံ့သာပေါင်းဖော်စပ်၍ သန့်ရှင်းစင်ကြယ်အောင် ဆားခတ်ရမည်။
30:36 အချို့ကိုအမှုန့်ထောင်း၍ သင်နှင့်ငါတွေ့ဆုံမည့်နေရာဖြစ်သော တွေ့ဆုံစည်းဝေးရာတဲတော်အထဲရှိ သက်သေခံချက်ရှေ့၌ထားရမည်။ ထိုနံ့သာပေါင်းသည် သင်တို့အဖို့ အထူးသန့်ရှင်းသောအရာဖြစ်၏။
30:37 ထိုနံ့သာပေါင်းဖော်စပ်နည်းအတိုင်း သင်တို့သုံးဖို့ မဖော်စပ်ရ။ ၎င်းသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာဖြစ်သည်ဟု သင်တို့မှတ်ရမည်။
30:38 ထိုနံ့သာပေါင်းမျိုးကို မိမိရှူရန်အတွက် ဖော်စပ်သောသူမည်သူမဆို မိမိ၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်”ဟု မိန့်တော်မူ၏။