Exodus 4
4:1 မောရှေကလည်း “သူတို့သည် အကျွန်ုပ်ကိုမယုံ၊ အကျွန်ုပ်၏စကားကိုလည်းနားမထောင်ဘဲ ‘ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မမူ’ဟူ၍ ပြောဆိုကြပါလိမ့်မည်”ဟု ပြန်လျှောက်လေ၏။
4:2 ထာဝရဘုရားက “သင့်လက်ထဲ၌ မည်သည့်အရာရှိသနည်း”ဟု သူ့အား မေးတော်မူလျှင် “တောင်ဝှေးရှိပါသည်”ဟု ပြန်လျှောက်လေ၏။
4:3 ကိုယ်တော်ကလည်း “တောင်ဝှေးကို မြေပေါ်သို့ ပစ်ချလော့”ဟု မိန့်တော်မူလျှင် သူသည် မြေပေါ်သို့ ပစ်ချ၏။ ထိုအခါ တောင်ဝှေးသည် မြွေဖြစ်သွားသဖြင့် မောရှေသည် ထိုမြွေရှေ့မှ ထွက်ပြေးလေ၏။
4:4 ထိုအခါ ထာဝရဘုရားက မောရှေအား “သင်၏လက်ကိုဆန့်၍ မြွေ၏အမြီးကို ဖမ်းကိုင်လော့”ဟု မိန့်တော်မူသဖြင့် သူသည် မိမိ၏လက်ကိုဆန့်၍ ဖမ်းဆွဲလိုက်ရာ ထိုမြွေသည် သူ၏လက်ထဲ၌ တောင်ဝှေးပြန်ဖြစ်လေ၏။
4:5 ထာဝရဘုရားက “ဤအမှုကိုထောက်၍ သူတို့ဘိုးဘေးတို့၏ဘုရား၊ အာဗြဟံ၏ဘုရား၊ ဣဇက်၏ဘုရား၊ ယာကုပ်၏ဘုရားတည်းဟူသော ထာဝရဘုရားသည် သင့်အား ကိုယ်ထင်ရှားပြတော်မူကြောင်း သူတို့ယုံကြလိမ့်မည်”ဟု မိန့်တော်မူ၏။
4:6 တစ်ဖန် ထာဝရဘုရားက မောရှေအား “ယခု သင်၏လက်ကို သင့်ရင်ခွင် ထဲသို့သွင်းလော့”ဟု မိန့်တော်မူလျှင် သူသည် မိမိ၏လက်ကို ရင်ခွင် ထဲသို့သွင်းပြီး ပြန်ထုတ်သောအခါ သူ၏လက်သည် အနာကြီးရောဂါစွဲ၍ နှင်းပွင့်ကဲ့သို့ဖြစ်လေ၏။
4:7 ထိုအခါ ကိုယ်တော်က “သင်၏လက်ကို သင့်ရင်ခွင်ထဲသို့ ပြန်သွင်းလော့”ဟု မိန့်တော်မူလျှင် သူသည် မိမိလက်ကို ရင်ခွင်ထဲသို့ ပြန်သွင်းပြီး ပြန်ထုတ်သောအခါ ပကတိအသားအရေအတိုင်း ပြန်ဖြစ်လေ၏။
4:8 ထာဝရဘုရားက “အကယ်၍ သူတို့သည် သင့်ကိုမယုံ၊ ပထမနိမိတ်လက္ခဏာကိုလည်း မယုံလျှင် နောက်နိမိတ်လက္ခဏာကိုကား ယုံကြလိမ့်မည်။
4:9 သူတို့သည် ဤနိမိတ်လက္ခဏာနှစ်ခုစလုံးကိုလည်းမယုံ၊ သင်၏စကားကိုလည်း နားမထောင်လျှင် နိုင်းမြစ်မှရေကိုယူ၍ ကုန်းမြေပေါ်တွင် လောင်းချလော့။ ထိုအခါ နိုင်းမြစ်မှယူလာသောရေသည် ကုန်းမြေပေါ်တွင် သွေးဖြစ်သွားလိမ့်မည်”ဟု မိန့်တော်မူ၏။
4:10 မောရှေက ထာဝရဘုရားအား “အို အကျွန်ုပ်၏ဘုရားရှင်၊ အကျွန်ုပ်သည် ယခင်ကဖြစ်စေ၊ မနေ့ကဖြစ်စေ၊ ကိုယ်တော်၏အစေအပါးအား ကိုယ်တော်မိန့်ဆိုတော်မူသောအချိန်၌ပင်ဖြစ်စေ စကားပြောကောင်းသူမဟုတ်ပါ။ အကျွန်ုပ်သည် နှုတ်လေးလျှာလေးသောသူလည်း ဖြစ်ပါ၏”ဟု ပြန်လျှောက်လေ၏။
4:11 ထာဝရဘုရားက မောရှေအား “လူ၏နှုတ်ကို မည်သူဖန်ဆင်းသနည်း။ ဆွံ့အသောသူ၊ နားမကြားသောသူ၊ မျက်စိမြင်သောသူ၊ မျက်စိမမြင်သောသူတို့ကို မည်သူဖန်ဆင်းသနည်း။ ငါထာဝရဘုရားပင် မဟုတ်လော။
4:12 ယခု သွားလော့။ ငါသည် သင့်နှုတ်နှင့်အတူရှိမည်။ သင်ပြောဆိုရမည့်အရာကို သင့်အား ငါသွန်သင်မည်”ဟု မိန့်တော်မူ၏။
4:13 မောရှေက “အို အကျွန်ုပ်၏ဘုရားရှင်၊ အခြားတစ်ယောက်ကို စေလွှတ်တော်မူပါ”ဟု ပြန်လျှောက်လေ၏။
4:14 ထိုအခါ ထာဝရဘုရားသည် မောရှေကို အမျက်ထွက်၍ “လေဝိအမျိုးအာရုန်သည် သင်၏အစ်ကိုမဟုတ်လော။ သူသည် နှုတ်ရေးကျွမ်းကျင်သည်ကို ငါသိ၏။ သူသည် သင့်ကိုကြိုဆိုရန် ထွက်လာပြီ။ သင်နှင့်တွေ့သောအခါ သူသည် စိတ်ထဲ၌ ဝမ်းမြောက်လိမ့်မည်။
4:15 သင်သည် သူနှင့်စကားပြော၍ သူ့နှုတ်ထဲသို့ စကားများကိုထည့်ရမည်။ သင်၏နှုတ်နှင့်လည်းကောင်း၊ သူ၏နှုတ်နှင့်လည်းကောင်း ငါအတူရှိမည်။ သင်တို့ပြုရမည့်အရာကို သင်တို့အား ငါသွန်သင်မည်။
4:16 သူသည် သင့်ကိုယ်စား လူတို့အား စကားပြောမည်။ သူသည် သင်၏နှုတ်ကဲ့သို့ဖြစ်၍ သင်သည် သူ၏ဘုရားကဲ့သို့ဖြစ်မည်။
4:17 သင်သည် နိမိတ်လက္ခဏာများကိုပြရန် ဤတောင်ဝှေးကို သင့်လက်၌ယူဆောင်သွားရမည်”ဟု မိန့်တော်မူ၏။
4:18 ထို့နောက် မောရှေသည် မိမိယောက္ခမယေသရောထံသို့ပြန်လာပြီး “အကျွန်ုပ်သည် အီဂျစ်ပြည်၌ရှိသော အကျွန်ုပ်၏အမျိုးသားချင်းတို့ အသက်ရှင်သေးသလောဟု ကြည့်ရှုရန် သူတို့ထံ ပြန်သွားခွင့်ပြုပါ”ဟု ဆို၏။ ယေသရောကလည်း မောရှေအား “ငြိမ်းချမ်းစွာသွားလော့”ဟု ဆိုလေ၏။
4:19 ထာဝရဘုရားက “အီဂျစ်ပြည်သို့ပြန်သွားလော့။ အကြောင်းမူကား သင်၏အသက်ကိုရန်ရှာသောသူအပေါင်းတို့သည် သေလွန်ကြပြီ”ဟု မောရှေအား မိဒျန်ပြည်၌ မိန့်တော်မူ၏။
4:20 ထို့ကြောင့် မောရှေသည် မိမိမယားနှင့်သားတို့ကိုခေါ်၍ မြည်းပေါ်တင်ပြီးလျှင် အီဂျစ်ပြည်သို့ပြန်သွားလေ၏။ မောရှေသည် မိမိ၏လက်ထဲ၌ ဘုရားသခင်၏တောင်ဝှေးတော်ကို ကိုင်ဆောင်သွား၏။
4:21 ထာဝရဘုရားက မောရှေအား “သင်သည် အီဂျစ်ပြည်သို့ပြန်ရောက်သောအခါ သင်၌ ငါအပ်ပေးသော အံ့ဩဖွယ်အမှုအလုံးစုံတို့ကို ဖာရောမင်းကြီးရှေ့၌ပြုလော့။ သို့ရာတွင် ငါသည် သူ၏စိတ်နှလုံးကို မာကျောစေမည်ဖြစ်၍ သူသည် အစ္စရေးလူမျိုးတို့ကို မလွှတ်ဘဲနေလိမ့်မည်။
4:22 ထိုအခါ သင်သည် ဖာရောမင်းကြီးအား ‘ထာဝရဘုရားက အစ္စရေးလူမျိုးသည် ငါ့သား၊ ငါ၏သားဦးဖြစ်၏။
4:23 ငါ့ကိုဝတ်ပြုရန် ငါ့သားကိုလွှတ်လော့ဟု သင့်အား ငါမိန့်ဆို၏။ သူ့ကိုမလွှတ်ဘဲ သင်ငြင်းဆန်နေမည်ဆိုလျှင် သင့်သား၊ သင်၏သားဦးကို ငါကွပ်မျက်မည်ဟု မိန့်တော်မူပြီ’ဟူ၍ ဆင့်ဆိုရမည်”ဟု မိန့်တော်မူ၏။
4:24 မောရှေသည် ခရီးသွားစဉ်တွင် စခန်းချရာနေရာ၌ ထာဝရဘုရားသည် သူနှင့်တွေ့၍ သူ့ကို ကွပ်မျက်ရန်ရှာကြံလေ၏။
4:25 ထိုအခါ ဇိပေါရသည် ချွန်ထက်သောကျောက်ကိုယူ၍ မိမိသား၏ထိပ်ဖုံးအရေပြားကိုလှီးပြီး ၎င်းကို မောရှေ၏ခြေနှင့်ထိစေလျက် “အကယ်စင်စစ် သင်သည် သွေးနှင့်ဆိုင်သော ကျွန်မ၏လင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလျှင်
4:26 ကိုယ်တော်သည် မောရှေထံမှထွက်သွားလေ၏။ ထိုအခါ ဇိပေါရက “သင်သည် အရေဖျားလှီးခြင်းကြောင့် သွေးနှင့်ဆိုင်သောလင်ယောက်ျားဖြစ်ပါ၏”ဟု ဆိုလေ၏။
4:27 ထာဝရဘုရားက အာရုန်အား “မောရှေကိုကြိုဆိုရန် တောကန္တာရသို့သွားလော့”ဟု မိန့်တော်မူသဖြင့် အာရုန်သည် သွား၍ ဘုရားသခင်၏တောင်တော်၌ မောရှေနှင့်တွေ့ဆုံလျှင် သူ့ကိုနမ်းလေ၏။
4:28 မောရှေသည် မိမိကိုစေလွှတ်တော်မူသော ထာဝရဘုရား၏စကားတော်အလုံးစုံနှင့် မိမိပြုရန် မိန့်မှာတော်မူသောနိမိတ်လက္ခဏာအလုံးစုံတို့ကို အာရုန်အားပြောကြားလေ၏။
4:29 ထို့နောက် မောရှေနှင့်အာရုန်တို့သည် သွား၍ အစ္စရေးအမျိုးသားသက်ကြီးဝါကြီးအပေါင်းတို့ကို စုဝေးစေကြ၏။
4:30 မောရှေအား ထာဝရဘုရားမိန့်တော်မူသောစကားအားလုံးကို အာရုန်သည် ထိုသူတို့အား ပြောကြား၍ အစ္စရေးလူမျိုးတို့၏မျက်မှောက်တွင် နိမိတ်လက္ခဏာတို့ကိုပြလေ၏။
4:31 ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့ကို ကြည့်ရှုတော်မူကြောင်း၊ သူတို့ခံရသည့်ဖိစီးနှိပ်စက်မှုကို သိမြင်တော်မူကြောင်း အစ္စရေးလူမျိုးတို့ ကြားသိရသောအခါ ယုံကြည်၍ ဦးညွှတ်လျက် ရှိခိုးကိုးကွယ်ကြ၏။