Proverbs 1
1:1 ဒါဝိဒ်၏သားတော်၊ အစ္စရေးဘုရင်၊ ရှောလမုန်၏သုတ္တံစကားများ။
1:2 ဤစကားတို့သည် ဉာဏ်ပညာနှင့်ဆုံးမပဲ့ပြင်ခြင်းကို သိရှိစေရန်အတွက်လည်းကောင်း၊ အသိဉာဏ်နှင့်ဆိုင်သောစကားတို့ကို နားလည်စေရန်အတွက်လည်းကောင်း၊
1:3 ပညာသတိနှင့်ဆိုင်သောဆုံးမပဲ့ပြင်ခြင်း၊ ဖြောင့်မတ်ခြင်း၊ တရားမျှတခြင်းနှင့် သမာသမတ်ရှိခြင်းကို ရရှိစေရန်အတွက်လည်းကောင်း၊
1:4 အသိဉာဏ်နည်းပါးသောသူတို့အား ဆင်ခြင်ဉာဏ်ကိုပေး၍ လူငယ်တို့အား အသိပညာနှင့်အလိမ္မာဉာဏ်ကို ပေးရန်အတွက်လည်းကောင်း ဖြစ်ကြ၏။
1:5 ပညာရှိသောသူသည် နားထောင်၍ ပညာတိုးပွားပါစေ။ အသိဉာဏ်ရှိသောသူသည်လည်း လမ်းညွှန်မှုများရရှိပါစေ။
1:6 ဤသည်ကား သုတ္တံစကား၊ ဥပစာစကားမှစ၍ ပညာရှိတို့၏စကားများနှင့် သူတို့၏ပဟေဠိများကို နားလည်စေရန်အတွက်ဖြစ်၏။
1:7 ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် အသိပညာ၏အရင်းအမြစ်ဖြစ်၏။ ဆိုးမိုက်သောသူတို့သည် ဉာဏ်ပညာနှင့် ဆုံးမပဲ့ပြင်ခြင်းကို မထီမဲ့မြင်ပြုတတ်ကြ၏။
1:8 ငါ့သား၊ သင့်ဖခင်၏ဆုံးမပဲ့ပြင်ခြင်းကို နားထောင်လော့။ သင့်မိခင်၏သွန်သင်ချက်ကိုလည်း မပစ်ပယ်နှင့်။
1:9 အကြောင်းမူကား ထိုအရာတို့သည် သင်၏ဦးခေါင်းအတွက် တင့်တယ်သောပန်းဦးရစ်၊ သင်၏လည်ပင်းအတွက် လည်ဆွဲဖြစ်ကြလိမ့်မည်။
1:10 ငါ့သား၊ အပြစ်သားတို့သည် သင့်ကိုသွေးဆောင်လျှင် မလိုက်လျောနှင့်။
1:11 အကယ်၍ သူတို့က “ငါတို့နှင့်အတူလိုက်ခဲ့လော့။ တစ်စုံတစ်ယောက်ကိုသတ်ဖြတ်ရန် ငါတို့ချောင်းမြောင်းကြစို့။ အကြောင်းမရှိဘဲ အပြစ်ကင်းသောသူကို ပုန်းအောင်းတိုက်ခိုက်ကြစို့။
1:12 မရဏာနိုင်ငံကဲ့သို့ သူတို့ကို အရှင်လတ်လတ်ဝါးမျိုလျက် သေတွင်းထဲသို့ တစ်ကိုယ်လုံးဆင်းသွားရသူများကဲ့သို့ ဖြစ်စေကြစို့။
1:13 ငါတို့သည် အဖိုးတန်သောစည်းစိမ်ဥစ္စာမျိုးစုံကို တွေ့ရှိ၍ လုယက်ပစ္စည်းများဖြင့် ငါတို့အိမ်ကိုပြည့်စေကြမည်။
1:14 ငါတို့နှင့် ဆိုးတူကောင်းဖက်ပူးပေါင်းလော့။ ငါတို့အားလုံး ပိုက်ဆံအိတ်တစ်အိတ်တည်းထဲမှ ဝေမျှသုံးစွဲကြစို့”ဟု ဆိုလျှင်လည်း
1:15 ငါ့သား၊ သူတို့နှင့်အတူ ထိုလမ်းကိုမလိုက်နှင့်။ သူတို့သွားရာလမ်းသို့မလိုက်မိစေရန် သင်၏ခြေကိုထိန်းချုပ်လော့။
1:16 အကြောင်းမူကား သူတို့၏ခြေသည် မကောင်းမှုပြုရာသို့ပြေးသွား၍ သူတို့သည် လူကိုသတ်ဖြတ်ရန် လျင်မြန်ကြ၏။
1:17 အမှန်စင်စစ် မည်သည့်ကျေးငှက်၏မျက်စိရှေ့၌မဆို ပိုက်ကွန်ကိုထောင်လျှင် အလဟဿဖြစ်၏။
1:18 ထိုသူတို့သည် ကိုယ့်ကိုယ်ကိုယ်သတ်ဖြတ်ရန် ချောင်းမြောင်း၍ ကိုယ့်အသက်ကိုကိုယ် ပုန်းအောင်းတိုက်ခိုက်နေကြခြင်းသာဖြစ်၏။
1:19 မတရားသောအကျိုးစီးပွားကို တပ်မက်သောသူတိုင်း၏လမ်းတို့သည် ထိုကဲ့သို့ဖြစ်ကြ၏။ ထိုသို့သောအကျိုးစီးပွားသည် ၎င်းကိုပိုင်ဆိုင်သောသူတို့၏အသက်ကို နုတ်ယူတတ်၏။
1:20 ဉာဏ်ပညာသည် လမ်းပေါ်၌ကြွေးကြော်၍ လမ်းဆုံများ၌ မိမိအသံကိုလွှင့်တတ်၏။
1:21 ဆူညံသောလမ်းထိပ်မှ ဟစ်ခေါ်၍ မြို့တံခါးအဝင်ဝတို့၌မြွက်ဆိုသောစကားဟူမူကား
1:22 “အသိဉာဏ်နည်းပါးသောသူတို့သည် အသိဉာဏ်နည်းပါးခြင်းကိုနှစ်သက်လျက်၊ ပြက်ရယ်ပြုတတ်သောသူတို့သည် မိမိတို့၏ပြက်ရယ်ပြုခြင်း၌မွေ့လျော်လျက်၊ မိုက်မဲသောသူတို့သည် အသိပညာကိုမုန်းတီးလျက် မည်မျှကြာအောင်နေကြဦးမည်နည်း။
1:23 ငါဆိုဆုံးမသောစကားကို လိုက်နာကြလော့။ ကြည့်ရှုလော့။ ငါသည် ငါ၏ဝိညာဉ်ကို သင်တို့အပေါ်သို့သွန်းလောင်းမည်။ ငါ၏စကားများကို သင်တို့အား သိစေမည်။
1:24 သို့သော် ငါခေါ်သောအခါ သင်တို့သည် ငြင်းပယ်ကြ၏။ ငါ့လက်ကိုဆန့်တန်းသောအခါ မည်သူမျှ အလေးမထားကြ။
1:25 သင်တို့သည် ငါပေးသောအကြံဉာဏ်အားလုံးကို လျစ်လျူရှုကြပြီး ငါ၏ဆိုဆုံးမခြင်းကိုလည်း အလိုမရှိကြ။
1:26 ထို့ကြောင့် သင်တို့ဘေးဒုက္ခရောက်သောအခါ ငါရယ်မောမည်။ ကြောက်မက်ဖွယ်ဘေးသည် သင်တို့ထံသို့ရောက်သောအခါ ငါပြက်ရယ်ပြုမည်။
1:27 ကြောက်မက်ဖွယ်ဘေးသည် လေပြင်းမုန်တိုင်းကဲ့သို့ သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း၊ ဘေးဒုက္ခသည် လေပွေကဲ့သို့ သင်တို့ထံရောက်လာသောအခါ၌လည်းကောင်း၊ ဆင်းရဲဒုက္ခနှင့်ဘေးဥပဒ်သည် သင်တို့အပေါ်သက်ရောက်သောအခါ၌လည်းကောင်း
1:28 သူတို့သည် ငါ့ကိုခေါ်ကြလိမ့်မည်။ သို့သော် ငါသည် ထူးမည်မဟုတ်။ သူတို့သည် ငါ့ကိုကြိုးစား၍ရှာကြလိမ့်မည်။ သို့သော် ငါ့ကိုတွေ့ရကြမည်မဟုတ်။
1:29 အကြောင်းမူကား သူတို့သည် အသိပညာကိုမုန်း၍ ထာဝရဘုရားအား ကြောက်ရွံ့ခြင်းကို မရွေးချယ်ကြ။
1:30 ငါ၏အကြံဉာဏ်ကိုအလိုမရှိကြ။ ငါ၏ဆိုဆုံးမစကားအားလုံးကိုလည်း မထီလေးစားပြုခဲ့ကြ၏။
1:31 ထို့ကြောင့် သူတို့သည် မိမိတို့ပြုမူကျင့်ကြံသောအမှုအရာ၏အသီးကိုစား၍ မိမိတို့၏အကျင့်အကြံများနှင့် ဝအီကြလိမ့်မည်။
1:32 အကြောင်းမူကား အသိဉာဏ်နည်းပါးသောသူတို့သည် မိမိ၏လမ်းလွဲဖောက်ပြန်မှုကြောင့် သေကြရ၏။ မိုက်မဲသောသူတို့သည်လည်း မိမိကိုယ်မိမိအားရကျေနပ်မှုကြောင့် ပျက်စီးကြရ၏။
1:33 သို့သော် ငါ့စကားကိုနားထောင်သောသူသည် ဘေးကင်းလုံခြုံစွာနေရ၍ ဘေးအန္တရာယ်ကို မကြောက်ဘဲ အေးချမ်းစွာနေရလိမ့်မည်။”