Proverbs 21
21:1 ရှင်ဘုရင်၏စိတ်နှလုံးသည် ထာဝရဘုရား၏လက်တော်၌ရှိ၍ ရေစီးသောချောင်းများကဲ့သို့ဖြစ်၏။ ကိုယ်တော်သည် ၎င်းကို အလိုတော်ရှိသည့် နေရာတိုင်းသို့ လှည့်စေတော်မူ၏။
21:2 လူသည် မိမိပြုမူကျင့်ကြံသမျှသောအမှုအရာတို့ကို မှန်သည်ဟု ထင်မြင်တတ်၏။ သို့သော် ထာဝရဘုရားသည် စိတ်နှလုံးကိုချိန်တွယ်တော်မူ၏။
21:3 ထာဝရဘုရားသည် ယဇ်ပူဇော်ခြင်းထက် ဖြောင့်မတ်ခြင်းနှင့် တရားမျှတခြင်းကို ပို၍နှစ်သက်တော်မူ၏။
21:4 ဆိုးယုတ်သောသူတို့၏မီးခွက်တည်းဟူသော ထောင်လွှားသောမျက်နှာနှင့် မော်ကြွားသောစိတ်နှလုံးတို့သည် အပြစ်ဖြစ်၏။
21:5 ဝီရိယရှိသောသူ၏အကြံအစည်တို့သည် အကျိုးအမြတ်ကို ဧကန်ဖြစ်စေ၏။ အလျင်စလိုပြုမူသောသူတိုင်းကား ချို့တဲ့နွမ်းပါးခြင်းသို့သာရောက်တတ်၏။
21:6 မုသားသုံးသောလျှာဖြင့် ဥစ္စာဘဏ္ဍာများကိုဆည်းပူးခြင်းသည် လွင့်သွားသောအခိုးအငွေ့ဖြစ်ပြီး သေခြင်းကိုရှာဖွေခြင်းဖြစ်၏။
21:7 ဆိုးယုတ်သောသူတို့သည် တရားသောအမှုကိုမပြုလိုကြသောကြောင့် သူတို့၏အကြမ်းဖက်မှုသည် သူတို့ကိုသုတ်သင်ရှင်းလင်းလိမ့်မည်။
21:8 အပြစ်ရှိသောသူ၏လမ်းသည် ကွေ့ကောက်၏။ သန့်ရှင်းစင်ကြယ်သောသူ၏လုပ်ဆောင်ချက်မူကား ဖြောင့်မှန်၏။
21:9 ငြင်းခုံရန်တွေ့တတ်သောမယားနှင့် တစ်အိမ်တည်းအတူနေရခြင်းထက် ခေါင်မိုးပြင်ထောင့်၌နေရခြင်းသည် ပို၍ကောင်း၏။
21:10 ဆိုးယုတ်သောသူ၏စိတ်ဝိညာဉ်သည် မကောင်းမှုကို တောင့်တတတ်၏။ သူ၏အိမ်နီးချင်းသည် သူ့မျက်ဝန်း၌ သနားတတ်သောသဘောကိုရှာမတွေ့။
21:11 ပြက်ရယ်ပြုတတ်သောသူ အပြစ်ဒဏ်ခံရသောအခါ အသိဉာဏ်နည်းပါးသောသူသည် ဉာဏ်ပညာရှိလာတတ်၏။ ပညာရှိသောသူသည် သွန်သင်ခြင်းခံရသောအခါ အသိပညာတိုးပွားတတ်၏။
21:12 ဖြောင့်မတ်တော်မူသောအရှင်သည် ဆိုးယုတ်သောသူ၏အိမ်ကိုမှတ်၍ ထိုဆိုးယုတ်သောသူတို့ကို ပျက်စီးခြင်းထဲသို့ ပစ်ချတော်မူ၏။
21:13 ဆင်းရဲသောသူ၏ငိုကြွေးသံကိုမကြားလို၍ မိမိနားကိုပိတ်ထားသောသူသည် ကိုယ်တိုင်ဟစ်ခေါ်သောအခါ မည်သူမျှ သူ့ကိုထူးလိမ့်မည်မဟုတ်။
21:14 တိတ်တဆိတ်ပေးသောလက်ဆောင်သည် အမျက်ကိုလည်းကောင်း၊ လျှို့ဝှက်စွာပေးသောတံစိုးလက်ဆောင်သည် ပြင်းထန်သောအမျက်ဒေါသကိုလည်းကောင်း ပြေစေတတ်၏။
21:15 တရားသောအမှုကိုပြုခြင်းသည် ဖြောင့်မတ်သောသူတို့အတွက် ဝမ်းမြောက်ခြင်းဖြစ်၍ အပြစ်ဒုစရိုက်ပြုသောသူတို့အတွက် ထိတ်လန့်ခြင်းဖြစ်၏။
21:16 ပညာသတိလမ်းမှလွဲသွားသောသူသည် သေသူ၏ဝိညာဉ်အစုအဝေးထဲ၌ နေရာကျလိမ့်မည်။
21:17 အပျော်အပါးကိုနှစ်သက်သောသူသည် ချို့တဲ့နွမ်းပါးသောသူဖြစ်သွားလိမ့်မည်။ စပျစ်ဝိုင်နှင့်ဆီကိုနှစ်သက်သောသူသည်လည်း ချမ်းသာကြွယ်ဝလာလိမ့်မည်မဟုတ်။
21:18 ဆိုးယုတ်သောသူသည် ဖြောင့်မတ်သောသူအတွက်လည်းကောင်း၊ သစ္စာမဲ့သောသူသည် ဖြောင့်မှန်သောသူအတွက်လည်းကောင်း ရွေးနုတ်စရာအဖိုးအခဖြစ်ရလိမ့်မည်။
21:19 စိတ်ဆတ်၍ ငြင်းခုံရန်တွေ့တတ်သောမယားနှင့် နေရခြင်းထက် တောကန္တာရအရပ်၌နေရခြင်းသည် ပို၍ကောင်း၏။
21:20 ပညာရှိသောသူ၏အိမ်၌ နှစ်လိုဖွယ်ကောင်းသောဥစ္စာဘဏ္ဍာနှင့် ဆီရှိ၏။ မိုက်မဲသောသူကား ထိုအရာတို့ကို သုံးဖြုန်းတတ်၏။
21:21 ဖြောင့်မတ်ခြင်းနှင့် မေတ္တာကရုဏာကို လက်ကိုင်ပြုသောသူသည် အသက်ရှင်ခြင်း၊ ဖြောင့်မတ်ခြင်းနှင့် ဂုဏ်သရေကို တွေ့ရှိလိမ့်မည်။
21:22 ပညာရှိသောသူသည် သူရဲကောင်းတို့၏မြို့သို့ ချီတက်၍ သူတို့ကိုးစားသော ခိုင်ခံ့သည့်နေရာကို ဖြိုချတတ်၏။
21:23 မိမိနှုတ်နှင့် လျှာကို စောင့်ထိန်းသောသူသည် မိမိအသက်ကို ဆင်းရဲဒုက္ခမှ စောင့်ထိန်းသောသူဖြစ်၏။
21:24 မာနထောင်လွှားလျက် ခက်ထန်မောက်မာသောသူ၏အမည်မှာ “ပြက်ရယ်ပြုတတ်သောသူ” ဟူ၍ဖြစ်၏။ သူသည် အလွန်မာနထောင်လွှားသောစိတ်နှင့် ပြုမူတတ်၏။
21:25 ပျင်းရိသောသူ၏လက်သည် အလုပ်လုပ်ရန်ငြင်းဆန်သောကြောင့် သူ၏အလိုဆန္ဒသည် သူ့ကိုသေစေတတ်၏။
21:26 သူသည် အလိုရှိသည့်အရာကို တစ်နေ့လုံး တောင့်တနေတတ်၏။ ဖြောင့်မတ်သောသူမူကား တွန့်တိုခြင်းမရှိဘဲ ပေးကမ်းတတ်၏။
21:27 ဆိုးယုတ်သောသူ၏ယဇ်ကောင်သည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။ ထို့ထက်မက ၎င်းကို ဆိုးညစ်သောအကြံဖြင့် ယူဆောင်လာလျှင် ပို၍ပင် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
21:28 လိမ်လည်သောသက်သေသည် ပျက်စီးသွားလိမ့်မည်။ ကိုယ်တိုင်ကြားရသောသူမူကား အစဉ်ပြောဆိုနေလိမ့်မည်။
21:29 ဆိုးယုတ်သောသူသည် မျက်နှာပြောင်တိုက်တတ်၏။ ဖြောင့်မှန်သောသူမူကား မိမိသွားရာလမ်းကို သိရှိနားလည်၏။
21:30 မည်သည့်ဉာဏ်ပညာ၊ ထိုးထွင်းဉာဏ်၊ အကြံဉာဏ်မျှ ထာဝရဘုရားကိုဆန့်ကျင်၍ မတည်နိုင်။
21:31 စစ်တိုက်ရမည့်နေ့အတွက် မြင်းကိုပြင်ဆင်ထားသော်လည်း အောင်ပွဲသည် ထာဝရဘုရားနှင့်ဆိုင်၏။