Proverbs 23
23:1 သင်သည် အုပ်စိုးသူမင်းနှင့်အတူ စားသောက်ရန် ထိုင်သောအခါ သင်၏ရှေ့၌ရှိသောအရာတို့ကို သတိနှင့်ဆင်ခြင်သုံးသပ်လော့။
23:2 သင်သည် အစားကြီးသောသူဖြစ်ပါက သင်၏လည်ပင်းကို ဓားနှင့်ရွယ်ထားလော့။
23:3 သူ၏စားကောင်းသောက်ဖွယ်များကို မတောင့်တနှင့်။ အကြောင်းမူကား ၎င်းသည် လိမ်လည်မှုနှင့်ဆိုင်သောအစားအစာဖြစ်၏။
23:4 ချမ်းသာကြွယ်ဝစေရန် ပင်ပန်းကြီးစွာမပြုနှင့်။ သင်၏အသိဉာဏ်အားဖြင့် ထိုသို့ပြုခြင်းကိုရပ်တန့်လော့။
23:5 ထိုချမ်းသာကြွယ်ဝမှုကို သင်၏မျက်စိဖြင့် ဝေ့ကြည့်လိုက်သောအခါ ၎င်းသည် ရှိတော့မည်မဟုတ်။ အကြောင်းမူကား ၎င်းသည် ရုတ်တရက်အတောင်ပေါက်၍ လင်းယုန်ကဲ့သို့ ကောင်းကင်သို့ပျံသန်းသွားလိမ့်မည်။
23:6 စေးနှဲသောသူ၏အစားအစာကိုမစားနှင့်။ သူ၏စားကောင်းသောက်ဖွယ်များကိုလည်း မတောင့်တနှင့်။
23:7 အကြောင်းမူကား သူသည် မိမိစိတ်ထဲ၌ တွက်ချက်တတ်သောသူမျိုးဖြစ်၏။ သူသည် သင့်အား “စားလော့။ သောက်လော့”ဟု ဆိုသော်လည်း သင့်အပေါ် စေတနာစိတ်မရှိ။
23:8 သင်စားပြီးသော တစ်လုတ်စာကို အန်ထုတ်ရလိမ့်မည်။ သင်၏နှစ်လိုဖွယ်ကောင်းသောစကားတို့သည်လည်း အလဟဿဖြစ်သွားလိမ့်မည်။
23:9 မိုက်မဲသောသူ၏ရှေ့တွင် စကားမပြောနှင့်။ အကြောင်းမူကား သူသည် သင်၏စကားများ၌ပါသောဉာဏ်စွမ်းကို မထီမဲ့မြင်ပြုလိမ့်မည်။
23:10 ရှေးယခင်နယ်နိမိတ်အမှတ်အသားကို မရွှေ့နှင့်။ ဖတဆိုးတို့၏လယ်ယာများကို မကျူးကျော်နှင့်။
23:11 သူတို့ကိုရွေးနုတ်သောအရှင်သည် တန်ခိုးကြီးတော်မူသောကြောင့် သင့်ကိုဆန့်ကျင်လျက် သူတို့၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေးတော်မူလိမ့်မည်။
23:12 ဆုံးမပဲ့ပြင်ခြင်းကို နှလုံးသွင်း၍ အသိပညာစကားတို့ကို နားစွင့်လော့။
23:13 ကလေးသူငယ်ကို ဆုံးမပဲ့ပြင်ခြင်းမပြုဘဲမနေနှင့်။ သူ့ကိုကြိမ်လုံးနှင့်ရိုက်သော်လည်း သူမသေနိုင်။
23:14 သင်သည် သူ့ကိုကြိမ်လုံးနှင့်ရိုက်၍ သူ၏စိတ်ဝိညာဉ်ကို မရဏာနိုင်ငံမှကယ်နုတ်ရမည်။
23:15 ငါ့သား၊ သင်၏စိတ်နှလုံးသည် ဉာဏ်ပညာရှိလျှင် ငါ၏စိတ်နှလုံးသည်လည်း အမှန်ပင်ဝမ်းမြောက်လိမ့်မည်။
23:16 သင်၏နှုတ်ခမ်းသည် ဟုတ်မှန်သောအရာများကိုပြောဆိုသောအခါ ငါ၏အတွင်းသဘောသည် ရွှင်မြူးလိမ့်မည်။
23:17 သင်၏စိတ်နှလုံးသည် အပြစ်သားတို့ကို မငြူစူနှင့်။ တစ်နေ့လုံး ထာဝရဘုရားကို ကြောက်ရွံ့၍သာနေလော့။
23:18 သို့ပြုလျှင် သင့်အတွက် အနာဂတ် မုချရှိလိမ့်မည်။ သင်၏မျှော်လင့်ခြင်းသည်လည်း ဖျက်ဆီးခြင်းခံရလိမ့်မည်မဟုတ်။
23:19 ငါ့သား၊ သင်သည်နားထောင်၍ ဉာဏ်ပညာရှိလော့။ သင်၏စိတ်နှလုံးကိုလည်း လမ်းတော်သို့ လိုက်စေလော့။
23:20 စပျစ်ဝိုင်သောက်ကြူးသောသူများ၊ အသားစားကြူးသောသူများနှင့် မပေါင်းဖော်နှင့်။
23:21 အကြောင်းမူကား အသောက်ကြူးသောသူနှင့် အစားကြူးသောသူသည် ဆင်းရဲသွားလိမ့်မည်။ ငိုက်မျဉ်းခြင်းသည်လည်း လူကိုအဝတ်စုတ်များဝတ်စေလိမ့်မည်။
23:22 သင့်ကိုမွေးဖွားလာစေသော သင့်ဖခင်၏စကားကို နားထောင်လော့။ သင့်မိခင်အိုမင်းသောအခါလည်း မထီမဲ့မြင်မပြုနှင့်။
23:23 သမ္မာတရားကိုဝယ်ယူလော့။ မရောင်းနှင့်။ ဉာဏ်ပညာ၊ ဆုံးမပဲ့ပြင်ခြင်းနှင့် အသိဉာဏ်ကိုလည်း ထိုနည်းတူပြုလော့။
23:24 ဖြောင့်မတ်သောသူ၏ဖခင်သည် အလွန်ရွှင်လန်းလိမ့်မည်။ ပညာရှိသောသားကိုရသောသူသည်လည်း ထိုသားအတွက် ဝမ်းမြောက်လိမ့်မည်။
23:25 သင်၏မိခင်နှင့်ဖခင်တို့သည် ဝမ်းမြောက်ကြပါစေ။ သင့်ကိုမွေးဖွားသောသူသည် ရွှင်လန်းပါစေ။
23:26 ငါ့သား၊ သင်၏စိတ်နှလုံးကို ငါ့အားပေးလော့။ သင်၏မျက်စိသည်လည်း ငါ၏လမ်းတို့ကို ထိန်းသိမ်းစောင့်ရှောက်ပါစေ။
23:27 အကြောင်းမူကား ပြည့်တန်ဆာသည် နက်သောတွင်းဖြစ်၏။ ကိုယ်ကျင့်တရားပျက်ပြားသောမိန်းမသည်လည်း ကျဉ်းသောရေတွင်းဖြစ်၏။
23:28 ထိုမိန်းမသည် ဓားပြကဲ့သို့ချောင်းမြောင်း၍ ယောက်ျားတို့ထဲတွင် သစ္စာမဲ့သောသူကိုများပြားစေတတ်၏။
23:29 မည်သူသည် အမင်္ဂလာရှိသနည်း။ မည်သူသည် စိတ်ပျက်ဝမ်းနည်းတတ်သနည်း။ မည်သူသည် ငြင်းခုံရန်တွေ့တတ်သနည်း။ မည်သူသည် ညည်းတွားတတ်သနည်း။ မည်သူသည် အကြောင်းမဲ့ဒဏ်ရာများရတတ်သနည်း။ မည်သူသည် မျက်စိနီရဲနေတတ်သနည်း။
23:30 ထိုသို့ဖြစ်သူများမှာ စပျစ်ဝိုင်ကိုအချိန်ကြာမြင့်စွာ သောက်တတ်သူများ၊ ရောစပ်ထားသောစပျစ်ဝိုင်ကို သွား၍ရှာတတ်သူများပင်ဖြစ်ကြ၏။
23:31 အရောင်နီလျက်၊ ခွက်ဖလားထဲ၌အရောင်တောက်လျက် ချိုမြိန်စွာစီးဝင်သွားသောစပျစ်ဝိုင်ကိုမကြည့်နှင့်။
23:32 ထိုအရာသည် အဆုံး၌ မြွေကဲ့သို့ကိုက်၍ မြွေပွေးကဲ့သို့အဆိပ်သင့်စေတတ်၏။
23:33 သင်၏မျက်စိသည် ထူးဆန်းသောအရာတို့ကိုမြင်၍ သင်၏စိတ်နှလုံးသည် ဖောက်ပြန်လွဲမှားသောစကားတို့ကိုပြောဆိုလိမ့်မည်။
23:34 သင်သည် ပင်လယ်အလယ်ဗဟို၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း၊ သင်္ဘောရွက်တိုင်၏ထိပ်ဖျား၌ လဲလျောင်းနေသောသူကဲ့သို့လည်းကောင်း ဖြစ်လိမ့်မည်။
23:35 “သူတို့သည် ငါ့ကိုရိုက်ကြသော်လည်း ငါမနာ။ ငါ့ကိုထုရိုက်ကြသော်လည်း ငါမသိ။ မည်သည့်အချိန်မှ ငါနိုးမည်နည်း။ နောက်ထပ်သောက်ရန် ငါရှာဦးမည်”ဟု သင်ပြောဆိုလိမ့်မည်။