Proverbs 25
25:1 ဤစကားတို့သည်လည်း ယုဒရှင်ဘုရင်ဟေဇကိ၏လူတို့ ကူးရေးထားသော ရှောလမုန်၏ သုတ္တံစကားများဖြစ်ကြ၏။
25:2 ဘုရားသခင်၏ဘုန်းအသရေကား အမှုကိစ္စကိုဝှက်ထားခြင်းဖြစ်၏။ ရှင်ဘုရင်တို့၏ဘုန်းအသရေကား အမှုကိစ္စကိုစူးစမ်းခြင်းဖြစ်၏။
25:3 မိုးကောင်းကင်၏အမြင့်နှင့်မြေကြီး၏အနက်ကို စူးစမ်း၍မရသကဲ့သို့ ရှင်ဘုရင်တို့၏စိတ်နှလုံးကို စူးစမ်း၍မရနိုင်။
25:4 ငွေထဲမှ ချော်ကိုဖယ်ထုတ်လျှင် ပန်းထိမ်သမားအတွက် အသုံးအဆောင်ပစ္စည်းထွက်လာမည်။
25:5 ရှင်ဘုရင်၏ရှေ့မှောက်မှ ဆိုးယုတ်သောသူကိုဖယ်ထုတ်လျှင် သူ၏ရာဇပလ္လင်သည် ဖြောင့်မတ်ခြင်း၌ တည်မြဲလိမ့်မည်။
25:6 ရှင်ဘုရင်၏ရှေ့မှောက်၌ သင့်ကိုယ်သင် အမွှမ်းမတင်နှင့်။ ကြီးမြတ်သောသူတို့၏နေရာ၌လည်း မရပ်နှင့်။
25:7 အကြောင်းမူကား မြင့်မြတ်သောသူ၏ရှေ့တွင် နှိမ့်ချခြင်းခံရသည်ထက် “ဤနေရာသို့တက်လာပါ”ဟု ဖိတ်ခေါ်ခြင်းခံရသည်က ပို၍ကောင်း၏။ သင့်မျက်စိဖြင့်တွေ့မြင်သောအရာကို
25:8 အလျင်စလိုသွား၍ မတိုင်တန်းနှင့်။ နောက်ဆုံး၌ သင်၏အိမ်နီးချင်းသည် သင့်ကိုအရှက်ရစေလျှင် သင်မည်သို့ပြုမည်နည်း။
25:9 သင်၏အမှုကိစ္စကို သင်၏အိမ်နီးချင်းနှင့် ရင်ဆိုင်ဖြေရှင်းလော့။ အခြားသောသူ၏လျှို့ဝှက်ချက်ကိုလည်း မဖော်ပြနှင့်။
25:10 ဖော်ပြလျှင် ကြားသောသူသည် သင့်ကိုအရှက်ခွဲသဖြင့် သင်၏မကောင်းသတင်းသည် မည်သည့်အခါမျှ ပျောက်ကွယ်သွားမည်မဟုတ်။
25:11 သင့်လျော်သောအချိန်၌ ပြောဆိုသောစကားသည် အပြောက်အမွမ်းခြယ်မှုန်းထားသောငွေထည်ပေါ်မှ ရွှေပန်းသီးများနှင့်တူ၏။
25:12 ပညာရှိ၏အဆုံးအမသည် နားထောင်တတ်သောသူ၏နားအတွက် ရွှေနားကွင်း၊ သို့မဟုတ် ရွှေစင်ဖြင့်ပြုလုပ်ထားသောအဆင်တန်ဆာဖြစ်၏။
25:13 သစ္စာရှိသောစေတမန်သည် သူ့ကိုစေလွှတ်သောသူအတွက် ရိတ်သိမ်းရာကာလ၌ကျသော အေးမြသည့်နှင်းပွင့်ကဲ့သို့ဖြစ်၍ သူ့သခင်တို့၏စိတ်ဝိညာဉ်ကို လန်းဆန်းစေတတ်၏။
25:14 လက်ဆောင်မပေးဘဲ ပေးသည်ဟု ဝါကြွားသောသူသည် မိုးရေမပါသော မိုးတိမ်များနှင့်လေကဲ့သို့ဖြစ်၏။
25:15 စိတ်ရှည်ခြင်းအားဖြင့် ဦးစီးဦးဆောင်သူကို ဖျောင်းဖျနိုင်၏။ နူးညံ့သိမ်မွေ့သောစကားသည်လည်း အရိုးကိုကျိုးစေနိုင်၏။
25:16 ပျားရည်ကိုတွေ့လျှင် သင့်အတွက် လုံလောက်ရုံမျှသာစားလော့။ ထိုသို့မစားဘဲ ဝအီအောင်စားလျှင် ၎င်းကိုအန်ထုတ်ရလိမ့်မည်။
25:17 သင်၏အိမ်နီးချင်းအိမ်သို့ တစ်ခါတစ်ရံသာ ခြေဦးလှည့်လော့။ သို့မဟုတ်လျှင် သူသည် သင့်ကိုငြီးငွေ့၍ မုန်းလိမ့်မည်။
25:18 မိမိ၏အိမ်နီးချင်းတစ်ဖက်၌ မုသားသက်သေထွက်ဆိုသောသူသည် တင်းပုတ်၊ ဓား၊ ချွန်ထက်သောမြားနှင့်တူ၏။
25:19 ဆင်းရဲဒုက္ခရောက်သောကာလ၌ သစ္စာမဲ့သောသူကိုအားထားခြင်းသည် ကျိုးပဲ့သောသွား၊ တုန်ချည့်နေသောခြေနှင့်တူ၏။
25:20 စိတ်ဒုက္ခရောက်နေသောသူအား သီချင်းဆိုပြသောသူသည် ချမ်းအေးသောနေ့တွင် အဝတ်ကိုချွတ်သောသူနှင့်လည်းကောင်း၊ ချွတ်ဆေးပေါ်မှာ ရှာလကာရည်ကို လောင်းသောသူနှင့်လည်းကောင်း တူ၏။
25:21 သင့်ရန်သူ ဆာလောင်မွတ်သိပ်လျှင် သူ့ကိုစားစရာပေးလော့။ ရေငတ်လျှင် သူ့ကိုရေတိုက်လော့။
25:22 ထိုသို့ပြုလျှင် သင်သည် သူ၏ခေါင်းပေါ်၌ မီးခဲများကိုပုံထားလိမ့်မည်။ ထာဝရဘုရားသည်လည်း သင့်ကို ဆုလာဘ်ပေးတော်မူလိမ့်မည်။
25:23 မြောက်လေသည် မိုးကိုဖြစ်ပေါ်စေတတ်၏။ အတင်းပြောသောလျှာသည်လည်း ဒေါသမျက်နှာထားကို ဖြစ်ပေါ်စေတတ်၏။
25:24 ငြင်းခုံရန်တွေ့တတ်သောမယားနှင့် တစ်အိမ်တည်းအတူနေရခြင်းထက် ခေါင်မိုးပြင်ထောင့်၌နေရခြင်းသည် ပို၍ကောင်း၏။
25:25 ဝေးလံသောပြည်မှ ရောက်လာသောသတင်းကောင်းသည် မောပန်းသောစိတ်ဝိညာဉ်အတွက် အေးမြသောရေကဲ့သို့ဖြစ်၏။
25:26 ဆိုးယုတ်သောသူကို အလျှော့ပေးလိုက်လျောသည့် ဖြောင့်မတ်သောသူသည် နောက်ကျိသောစမ်းရေတွင်း၊ သို့မဟုတ် ညစ်ညမ်းသောရေတွင်းနှင့်တူ၏။
25:27 ပျားရည်ကို များစွာစားသုံးခြင်းသည်မကောင်းပေ။ ဂုဏ်သရေပေါ် ဂုဏ်သရေထပ်၍ရှာခြင်းသည်လည်း ထိုနည်းတူဖြစ်၏။
25:28 မိမိ၏စိတ်ကိုမချုပ်တည်းနိုင်သောသူသည် ပြိုပျက်၍တံတိုင်းမရှိသောမြို့နှင့်တူ၏။