Ecclesiastes 10
10:1 သေသောယင်ကောင်သည် အမွှေးနံ့သာဖော်စပ်သူ၏နံ့သာဆီကို အပုပ်နံ့ထွက်စေသကဲ့သို့ အနည်းငယ်သောမိုက်မဲခြင်းသည် ဉာဏ်ပညာနှင့် ဂုဏ်သရေထက် အလေးသာတတ်၏။
10:2 ပညာရှိသောသူ၏စိတ်နှလုံးသည် သူ့ကိုလက်ယာဘက်သို့ တိမ်းညွတ်စေတတ်၏။ မိုက်မဲသောသူ၏စိတ်နှလုံးမူကား သူ့ကိုလက်ဝဲဘက်သို့တိမ်းညွတ်စေတတ်၏။
10:3 မိုက်မဲသောသူသည် လမ်း၌လျှောက်သွားစဉ်တွင်ပင် အသိစိတ်ကင်းမဲ့၍ မိမိသည်မိုက်မဲသောသူဖြစ်ကြောင်း လူအပေါင်းတို့ရှေ့၌ဖော်ပြတတ်၏။
10:4 အုပ်စိုးသူမင်းသည် သင့်ကိုစိတ်ဆိုးလျှင်လည်း သင်၏နေရာကိုမစွန့်ခွာနှင့်။ အကြောင်းမူကား တည်ငြိမ်ခြင်းသည် ကြီးစွာသောအမှားကို ပြေပျောက်စေတတ်၏။
10:5 နေအောက်တွင် ငါတွေ့မြင်သောမကောင်းမှုတစ်ခုရှိ၏။ ၎င်းမှာ အုပ်ချုပ်သူက မတော်တဆပြုမိသောအမှားမျိုးဖြစ်ပြီး
10:6 မိုက်မဲသောသူအား အလွန်မြင့်သောနေရာကိုပေး၍ ချမ်းသာသောသူတို့သည် နိမ့်ပါးသောနေရာ၌ထိုင်နေရခြင်းဖြစ်၏။
10:7 ကျွန်တို့သည် မြင်းကိုစီး၍ အကြီးအကဲတို့သည် ကျွန်များကဲ့သို့ မြေပေါ်မှာလျှောက်နေကြရသည်ကို ငါတွေ့မြင်၏။
10:8 တွင်းကိုတူးသောသူသည် ထိုတွင်းထဲသို့ ကျတတ်၏။ တံတိုင်းကိုဖြိုဖျက်သောသူသည်လည်း မြွေကိုက်ခံရတတ်၏။
10:9 ကျောက်တို့ကို တူးဖော်သောသူသည် ထိုကျောက်များကြောင့် ဒဏ်ရာရတတ်၏။ ထင်းခွဲသောသူသည် ထိုထင်းများကြောင့် ထိခိုက်ခံရတတ်၏။
10:10 ပုဆိန်တုံးသောအခါ ၎င်း၏အသွားကိုမသွေးဘဲနေလျှင် ခွန်အားပို၍စိုက်ထုတ်ရလိမ့်မည်။ ဉာဏ်ပညာမူကား အောင်မြင်စေသောအကျိုးကျေးဇူးရှိ၏။
10:11 မန္တန်မန်းမှုတ်ခြင်းမပြုမီ မြွေကိုက်လျှင် အလမ္ပာယ်သမားသည် အကျိုးမရှိ။
10:12 ပညာရှိသောသူ၏နှုတ်ထွက်စကားသည် မျက်နှာရစေတတ်၏။ မိုက်မဲသောသူ၏နှုတ်ခမ်းမူကား သူ့ကိုဝါးမျိုဖျက်ဆီးတတ်၏။
10:13 သူ၏နှုတ်ထွက်စကားအစသည် မိုက်မဲခြင်းဖြစ်ပြီး သူ့စကား၏အဆုံးသည် ဆိုးရွားသောရူးသွပ်ခြင်းဖြစ်၏။
10:14 မိုက်မဲသောသူသည် စကားများစွာပြောဆိုတတ်၏။ သို့သော် လူသည် မည်သည့်အရာဖြစ်လာမည်ကိုမသိပေ။ သူ့နောက်တွင် ဖြစ်လာမည့်အရာကို သူ့အားမည်သူပြောပြနိုင်မည်နည်း။
10:15 မိုက်မဲသောသူတို့သည် မြို့သို့သွားသောလမ်းကိုပင် မသိသောကြောင့် သူတို့၏ကြိုးပမ်းအားထုတ်မှုသည် သူတို့ကိုပင်ပန်းစေ၏။
10:16 အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် သူငယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် နံနက်အချိန်၌ပင် စားသောက်ပွဲကျင်းပလျှင် သင်သည် အမင်္ဂလာရှိ၏။
10:17 အချင်းတိုင်းနိုင်ငံ၊ သင်၏ရှင်ဘုရင်သည် မြင့်မြတ်သောသူတို့၏အမျိုးအနွယ်ဖြစ်ပြီး သင်၏အကြီးအကဲတို့သည် ယစ်မူးရန်မဟုတ်ဘဲ ခွန်အားရရှိရန် သူ့အချိန်နှင့်သူ စားသောက်ပွဲကျင်းပလျှင် သင်သည် မင်္ဂလာရှိ၏။
10:18 ပျင်းရိခြင်းကြောင့် အမိုးဒိုင်းသည် ဆွေးမြည့်တတ်၏။ ပျင်းတွဲသောလက်ကြောင့် အိမ်သည် မိုးယိုတတ်၏။
10:19 ပျော်ရွှင်ရန် စားသောက်ပွဲကိုကျင်းပတတ်ကြ၏။ စပျစ်ဝိုင်သည် အသက်တာကိုဝမ်းမြောက်စေတတ်၏။ ငွေသည် ခပ်သိမ်းသောအမှုကိုဖြေရှင်းပေးတတ်၏။
10:20 ရှင်ဘုရင်ကို သင်၏စိတ်ကူးထဲ၌ပင် မကျိန်ဆဲနှင့်။ ချမ်းသာသောသူကိုလည်း သင်၏အိပ်ခန်းထဲ၌ပင် မကျိန်ဆဲနှင့်။ အကြောင်းမူကား မိုးကောင်းကင်ငှက်သည် ထိုအသံကို ဆောင်ယူသွားလိမ့်မည်။ တောင်ပံရှိသောအကောင်သည်လည်း ထိုစကားကို ပြောကြားလိမ့်မည်။