Song of Songs 5
5:1 “အို ငါ့နှမ၊ ငါ့သတို့သမီး၊ ငါ့ဥယျာဉ်ထဲသို့ ငါလာပြီ။ မုရန်နှင့် အမွှေးနံ့သာတို့ကို ငါစုသိမ်းပြီ။ ပျားလပို့မှပျားရည်တို့ကို ငါစားပြီ။ စပျစ်ဝိုင်နှင့် နို့ကိုလည်း ငါသောက်ရပြီ။” “အို မိတ်ဆွေတို့၊ စားကြပါ။ အို ချစ်သူတို့၊ သောက်၍ ယစ်မူးကြပါ။”
5:2 “အကျွန်ုပ်သည် အိပ်သော်လည်း စိတ်မှာနိုးလျက်နေ၏။ အကျွန်ုပ်ချစ်သူက ‘ငါ့နှမ၊ ငါ့ချစ်သူလေး၊ ငါ့ချိုးငှက်၊ ပြစ်မျိုးမှဲ့မထင်သူ၊ ငါ့ကို တံခါးဖွင့်ပေးပါ။ ငါ့ခေါင်းသည် နှင်းစက်တို့နှင့် ရွှဲနစ်နေပါပြီ။ ငါ့ဆံပင်သည် ညနှင်းရည်တို့နှင့် ရွှဲနစ်နေပါပြီ’ဟု ဆိုလျက် တံခါးခေါက်နေပါသည်တကား။
5:3 အကျွန်ုပ်သည် ဝတ်ရုံကိုချွတ်ပြီးပါပြီ၊ ပြန်ဝတ်ရမည်လော။ ခြေကိုဆေးပြီးပါပြီ၊ ညစ်ပေအောင် ပြန်လုပ်ရမည်လော။
5:4 အကျွန်ုပ်ချစ်သူသည် တံခါးပေါက်မှ လက်လှမ်းလျှိုလိုက်သောအခါ အကျွန်ုပ်၏အသဲနှလုံး တုန်ခါသွားပါ၏။
5:5 အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးဖို့ ထလိုက်သောအခါ အကျွန်ုပ်လက်ကြားမှ မုရန်ဆီတို့ယို၍ လက်ချောင်းများကြားမှ တံခါးလက်ကိုင်ပေါ်သို့ စီးကျလာပါ၏။
5:6 အကျွန်ုပ်ချစ်သူကို တံခါးဖွင့်ပေးသော်လည်း ချစ်သူမှာ ထွက်သွားနှင့်လေပြီ။ သူစကားပြောသောအခါ အကျွန်ုပ်ရင်ခုန်လွန်းလှပါ၏။ သူ့ကိုရှာသော်လည်း မတွေ့ပါ။ ခေါ်သော်လည်း မထူးပါ။
5:7 မြို့လှည့်ကင်းစောင့်သောသူတို့သည် အကျွန်ုပ်ကိုတွေ့သောအခါ ရိုက်နှက်ကြသဖြင့် အကျွန်ုပ်ဒဏ်ရာရပါ၏။ မြို့ရိုးအစောင့်တို့သည်လည်း အကျွန်ုပ်ခြုံပဝါကို လုယူကြပါ၏။
5:8 အို ဂျေရုဆလင်သမီးပျိုတို့၊ အကျွန်ုပ်ချစ်သူကိုတွေ့လျှင် အကျွန်ုပ်အချစ်နာကျနေသည်ကို သူ့အားပြောပြပေးပါမည်ဟု ကျိန်ဆိုကြပါလော့။”
5:9 “မိန်းမတကာတို့ထက် အဆင်းလှသောမိန်းကလေး၊ သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။ သင်သည် အကျွန်ုပ်တို့ကို ကျိန်ဆိုစေရလောက်အောင် သင့်ချစ်သူသည် အခြားသူတို့၏ချစ်သူထက် မည်မျှသာသနည်း။”
5:10 “အကျွန်ုပ်ချစ်သူသည် စိုပြည်နီမြန်းသောအသားအရောင်ရှိပါ၏။ လူတစ်သောင်းအလယ်တွင်ပင် ထင်းကနဲပေါ်လွင်သူဖြစ်ပါ၏။
5:11 အကျွန်ုပ်ချစ်သူ၏ဦးခေါင်းမှာ ရွှေစင်နှင့်တူပါ၏။ ဆံပင်မှာ ကျီးကန်းကဲ့သို့ မည်းနက်ပြီး လှိုင်းတွန့်ပုံဖြစ်ပါ၏။
5:12 သူ့မျက်လုံးများကား နို့ရည်ချိုးပြီး ရေပြည့်လျှံသည့်ချောင်းနံဘေးတွင်နေလေ့ရှိသော ချိုးငှက်၏မျက်လုံးနှင့်တူ၏။
5:13 သူ့ပါးပြင်တို့သည် မွှေးကြိုင်သောအိပ်ရာ၊ အမွှေးနံ့သာထုံသင်းသောရဲတိုက်နှင့်တူ၏။ သူ့နှုတ်ခမ်းသည်လည်း မုရန်ဆီယိုစီးသော နှင်းပန်းနှင့်တူ၏။
5:14 သူ၏လက်များသည်လည်း ကျောက်မျက်ရွဲစီခြယ်ထားသော ရွှေလက်စွပ်နှင့်တူ၏။ ဝမ်းဗိုက်သည်လည်း နီလာကျောက်စီခြယ်ထားသော ပြောင်လက်သည့်ဆင်စွယ်နှင့်တူ၏။
5:15 သူ့ခြေထောက်များသည် ရွှေစင်အုတ်ခုံပေါ်တွင် စိုက်ထူထားသော စကျင်ကျောက်တိုင်နှင့်တူ၏။ သူ့ရုပ်သွင်သည်လည်း အကောင်းဆုံးသစ်ကတိုးပင်များပေါက်ရာ လက်ဘနွန်တောင်နှင့်တူ၏။
5:16 နှုတ်ချို၍ သူ့တစ်ကိုယ်လုံး နှစ်သက်မြတ်နိုးဖွယ်ဖြစ်၏။ အို ဂျေရုဆလင်သမီးပျိုတို့၊ ဤသူကား အကျွန်ုပ်၏ချစ်သူ၊ ဤသူသည် အကျွန်ုပ်မိတ်ဆွေ ဖြစ်၏။”