Isaiah 12
12:1 ထိုနေ့ရက်၌ သင်က “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ကိုယ်တော်ကိုချီးမွမ်းပါမည်။ ကိုယ်တော်သည် အကျွန်ုပ်ကို အမျက်ထွက်တော်မူသော်လည်း အမျက်တော်ပြေ၍ အကျွန်ုပ်ကိုနှစ်သိမ့်တော်မူပါ၏။
12:2 ကြည့်ရှုလော့။ ဘုရားသခင်သည် ငါ့ကိုကယ်တင်သောအရှင် ဖြစ်တော်မူ၏။ ငါသည် ကြောက်ရွံ့ခြင်းမရှိဘဲ ယုံကြည်ကိုးစားမည်။ အကြောင်းမူကား ထာဝရဘုရားသည် ငါ၏ခွန်အား၊ ငါ၏တေးသီချင်း၊ ငါ့ကို ကယ်တင်သောအရှင်ဖြစ်တော်မူ၏”ဟု ဆိုလိမ့်မည်။
12:3 သင်တို့သည် ကယ်တင်ခြင်းစမ်းရေတွင်းများမှရေကို ဝမ်းမြောက်စွာ ခပ်ယူကြလိမ့်မည်။
12:4 ထိုနေ့ရက်၌ သင်တို့က “ထာဝရဘုရားကို ချီးမွမ်းကြလော့။ ကိုယ်တော်၏နာမတော်ကို ခေါ်ဆိုပတ္ထနာပြုကြလော့။ ကိုယ်တော်ပြုသောအမှုတော်တို့ကို လူမျိုးတို့အလယ်၌ ဖော်ပြကြလော့။ ကိုယ်တော်၏နာမတော်မြင့်မြတ်တော်မူကြောင်းကို ထုတ်ဖော်ပြောဆိုကြလော့။
12:5 ထာဝရဘုရားကို သီဆိုချီးမွမ်းကြလော့။ အကြောင်းမူကား ကိုယ်တော်သည် ကြီးမြတ်သောအမှုကို ပြုတော်မူ၏။ ဤအမှုကို မြေကြီးတစ်ပြင်လုံး သိစေကြလော့။
12:6 အို ဇိအုန်မြို့သားတို့၊ ကြွေးကြော်လော့။ ရွှင်လန်းစွာသီချင်းဆိုလော့။ အကြောင်းမူကား သင်တို့တွင် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ကြီးမြတ်တော်မူ၏”ဟု ဆိုကြလိမ့်မည်။