Isaiah 20
20:1 အဆီးရီးယားဘုရင်သာဂုန်မင်းကြီးစေလွှတ်သော တာတန် သည် အာဇုတ်မြို့သို့လာပြီး အာဇုတ်မြို့ကိုတိုက်ခိုက်သိမ်းပိုက်သော ထိုနှစ်၊
20:2 ထိုအချိန်တွင် ထာဝရဘုရားသည် အာမုတ်၏သား ဟေရှာယအား “သင့်ခါးမှလျှော်တေအဝတ်နှင့် သင့်ခြေမှဖိနပ်ကို သွား၍ချွတ်ပစ်လော့”ဟု မိန့်တော်မူရာ သူသည် ထိုအတိုင်းပြု၍ အဝတ်မပါ၊ ဖိနပ်မပါဘဲ သွားလာလေ၏။
20:3 တစ်ဖန် ထာဝရဘုရားက “ငါ၏အစေအပါး ဟေရှာယသည် အီဂျစ်ပြည်၊ အီသီယိုးပီးယားပြည်တို့နှင့်ဆိုင်သော နိမိတ်လက္ခဏာ၊ အံ့ဖွယ်ရာအဖြစ် အဝတ်မပါ၊ ဖိနပ်မပါဘဲ သုံးနှစ်ပတ်လုံးသွားလာသကဲ့သို့
20:4 အဆီးရီးယားဘုရင်သည် အီဂျစ်ပြည်သုံ့ပန်းများနှင့် အီသီယိုးပီးယားပြည်မှဖမ်းဆီးခေါ်ဆောင်သွားခြင်းခံရသူ လူကြီးလူငယ်တို့ကို အဝတ်မပါ၊ ဖိနပ်မပါ၊ တင်ပါးကိုလည်းမဖုံးစေဘဲ ခေါ်ဆောင်သွားလိမ့်မည်။ အီဂျစ်ပြည်၏အရှက်ရစရာဖြစ်၏။
20:5 သူတို့အားထားသော အီသီယိုးပီးယားပြည်ကြောင့်၊ သူတို့ဂုဏ်ယူသော အီဂျစ်ပြည်ကြောင့် ကြောက်လန့်အရှက်ကွဲကြရလိမ့်မည်။
20:6 ထိုနေ့ရက်၌ ဤကမ်းရိုးတန်းတွင် နေထိုင်သောသူတို့က ‘ကြည့်ပါလော့။ ငါတို့အားထားရာပြည်၊ ငါတို့ကို အဆီးရီးယားဘုရင်လက်မှကယ်နုတ်ရန် ငါတို့ပြေး၍အကူအညီတောင်းခဲ့သောပြည်သည် ဤသို့ဖြစ်ပါသည်တကား။ ငါတို့မည်သို့လွတ်မြောက်နိုင်ကြပါမည်နည်း’ဟူ၍ ဆိုကြလိမ့်မည်”ဟု မိန့်တော်မူ၏။