Isaiah 33
33:1 ကိုယ်တိုင်ဖျက်ဆီးခြင်းမခံရဘဲ သူတစ်ပါးကို ဖျက်ဆီးသောသူ၊ ကိုယ်တိုင် သစ္စာဖောက်မခံရဘဲ သူတစ်ပါးကို သစ္စာဖောက်သောသူ၊ သင်သည် အမင်္ဂလာရှိ၏။ သင်သည် သူတစ်ပါးကိုဖျက်ဆီးပြီးလျှင် ပြန်၍အဖျက်ဆီးခံရမည်။ သူတစ်ပါးကို သစ္စာဖောက်ပြီးလျှင် ပြန်၍သစ္စာအဖောက်ခံရမည်။
33:2 အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို သနားတော်မူပါ။ အကျွန်ုပ်တို့သည် ကိုယ်တော်ကို စောင့်မျှော်ကြပါ၏။ နံနက်အချိန်၌ အကျွန်ုပ်တို့ကို ခွန်အားပေးတော်မူပါ။ ဆင်းရဲဒုက္ခရောက်သည့်ကာလ၌ အကျွန်ုပ်တို့ကို ကယ်တင်တော်မူပါ။
33:3 မြည်ဟိန်းသောအသံတော်ကြောင့် လူတို့ထွက်ပြေးကြ၏။ ကိုယ်တော်ထတော်မူသောအခါ လူမျိုးတို့သည် ကွဲလွင့်သွားကြ၏။
33:4 လူတို့သည် သင်တို့၏လုယက်ပစ္စည်းကို ကျိုင်းကောင်အစုအအုံကဲ့သို့ စုပုံထားကြမည်။ ကျိုင်းကောင်များခုန်ပေါက်ပြေးလွှားသကဲ့သို့ ထိုပစ္စည်းတို့အပေါ် ပြေးလွှားကြမည်။
33:5 ထာဝရဘုရားသည် မြင့်မြတ်တော်မူသည်ဖြစ်၍ မြင့်ရာအရပ်၌ကိန်းဝပ်တော်မူ၏။ ဇိအုန်တောင်ကို တရားမျှတခြင်း၊ ဖြောင့်မတ်ခြင်းဖြင့် ပြည့်စေတော်မူ၏။
33:6 ကိုယ်တော်သည် သင်အသက်ရှင်သည့်ကာလတွင် တည်ငြိမ်ခြင်း၊ ကယ်တင်ခြင်းစည်းစိမ်၊ ဉာဏ်ပညာ၊ အသိပညာဖြစ်တော်မူမည်။ ထာဝရဘုရားကိုကြောက်ရွံ့ခြင်းသည် သင်၏ဘဏ္ဍာ ဖြစ်လိမ့်မည်။
33:7 သူရဲကောင်းတို့သည် လမ်းပေါ်၌ အော်ဟစ်ကြ၏။ ငြိမ်းချမ်းရေးစေတမန်တို့သည် ခါးသီးစွာငိုကြွေးကြ၏။
33:8 လမ်းမပေါ်တွင် လူသူကင်းမဲ့၏။ လမ်းပေါ်တွင် လူသွားလူလာမရှိ။ ပဋိညာဉ်ကို ချိုးဖောက်လေပြီ။ မြို့ များကိုပမာဏမပြု။ လူကိုအလေးမထား။
33:9 တိုင်းပြည်သည် ငိုကြွေးမြည်တမ်း၍ အားလျော့လေပြီ။ လက်ဘနွန်တောင်သည် အရှက်ရ၍ ညှိုးနွမ်းလေပြီ။ ရှာရုန်အရပ်သည် အရာဗလွင်ပြင်နှင့်တူလေပြီ။ ဗာရှန်တောင်၊ ကရမေလတောင်သည် မိမိတို့အရွက်များကိုခါချပြီ။
33:10 ထာဝရဘုရားက “ယခုပင် ငါထမည်။ ငါ့ကိုယ်ငါချီးမြှောက်မည်။ ငါသည် ချီးမြှောက်ခြင်းခံရမည်။
33:11 သင်တို့သည် ဖွဲကိုကိုယ်ဝန်ဆောင်၍ ကောက်ရိုးကို မွေးမည်။ သင်တို့၏ထွက်သက်လေသည် မီးကဲ့သို့ဖြစ်၍ သင်တို့ကိုဝါးမျိုမည်။
33:12 လူတို့သည် ထုံးမှုန့်ဖြစ်သည်အထိ လောင်မြိုက်ခြင်းခံရမည်။ ဆူးပင်ကိုခုတ်လှဲ၍ မီးရှို့လိုက်သကဲ့သို့ ဖြစ်မည်။
33:13 ရပ်ဝေးရှိလူတို့၊ ငါပြုသောအမှုကို ကြားသိကြလော့။ ရပ်နီးရှိလူတို့၊ ငါ့အစွမ်းတန်ခိုးကို သိမှတ်ကြလော့”ဟု မိန့်တော်မူ၏။
33:14 ဇိအုန်မြို့ရှိအပြစ်သားတို့သည် ကြောက်ရွံ့ကြလေပြီ။ ထိတ်လန့်တုန်လှုပ်ခြင်းသည် ဘုရားတရားမဲ့သူတို့ကို လွှမ်းမိုးလေပြီ။ သူတို့က “ငါတို့တွင် မည်သူသည် တောက်လောင်သောမီးထဲ၌ နေနိုင်သနည်း။ ငါတို့တွင် မည်သူသည် ထာဝရမီးတောက်ထဲ၌ နေနိုင်သနည်း”ဟု ဆိုကြ၏။
33:15 ဖြောင့်မတ်စွာအသက်ရှင်လျှောက်လှမ်း၍ ဟုတ်မှန်သောစကားကိုပြောသူ၊ ဖိနှိပ်ညှဉ်းပန်းခြင်းဖြင့်ရသောအကျိုးစီးပွားကိုငြင်းပယ်၍ တံစိုးလက်ဆောင်ကို လက်မခံဘဲ ငြင်းဆိုသူ၊ သတ်ဖြတ်မှုအကြောင်းကို မကြားမိအောင် နားပိတ်ထားသူ၊ မကောင်းသောအရာများကို မကြည့်မိအောင် မျက်စိပိတ်ထားသူ၊
33:16 ထိုသူသည် မြင့်ရာအရပ်၌ နေရလိမ့်မည်။ ခိုင်ခံ့သောကျောက်တောင်၌ ခိုလှုံရ၍ သူ့အား အစားအစာပေးကြ၏။ သူ၌ သောက်ရေမပြတ်။
33:17 သင့်မျက်စိသည် တင့်တယ်သောရှင်ဘုရင်ကို တွေ့မြင်ရမည်။ အဝေး၌ရှိသောပြည်ကို ရှုမြင်ရမည်။
33:18 “စာရေးတော်ကြီး အဘယ်မှာရှိသနည်း၊ အခွန်ကောက်ခံသူ အဘယ်မှာရှိသနည်း၊ ပြအိုးရေတွက်သူ အဘယ်မှာရှိသနည်း”ဟု သင့်စိတ်နှလုံးသည် ကြောက်ရွံ့ထိတ်လန့်ဖွယ်ရာကို ပြန်တွေးလိမ့်မည်။
33:19 နားမလည်နိုင်အောင် ထူးဆန်းသောဘာသာစကားပြောဆိုသော၊ နားမလည်နိုင်အောင် မပီမသစကားပြောဆိုသော ရိုင်းစိုင်းသည့်လူမျိုးကို သင်တွေ့ရတော့မည်မဟုတ်။
33:20 ငါတို့ပွဲတော်မြို့ဖြစ်သည့် ဇိအုန်မြို့ကိုကြည့်ရှုလော့။ အပြောင်းအရွှေ့မရှိသောတဲဖြစ်သည့် ငြိမ်းအေးရာဂျေရုဆလင်မြို့ကို သင်သည် ကိုယ့်မျက်စိနှင့် မြင်ရလိမ့်မည်။ ထိုတဲ၏တိုင်များသည် မည်သည့်အခါမျှ ဆွဲနုတ်ခြင်းခံရမည်မဟုတ်။ ကြိုးများသည်လည်း တစ်ချောင်းမျှဖြတ်တောက်ခြင်းခံရမည်မဟုတ်။
33:21 ထိုအရပ်၌ တန်ခိုးကြီးသောထာဝရဘုရားသည် ငါတို့အတွက် မြစ်ကြီး၊ ချောင်းကြီးများ ဖြစ်တော်မူမည်။ ထိုနေရာတွင် တက်ခတ်လှေလည်း မသွားနိုင်၊ သင်္ဘောကြီးလည်း ဖြတ်မကူးနိုင်။
33:22 အကြောင်းမူကား ထာဝရဘုရားသည် ငါတို့၏ တရားသူကြီး၊ ပညတ်တရားရှင်၊ ရှင်ဘုရင် ဖြစ်တော်မူ၏။ ကိုယ်တော်သည် ငါတို့ကို ကယ်တင်တော်မူမည်။
33:23 သင်၏ကြိုးတို့သည် လျော့၍ ရွက်တိုင်ကို မြဲမြံစွာမဆွဲထားနိုင်၊ ရွက်ကိုလည်း မဖြန့်နိုင်။ ထိုအခါ သင်တိုက်ခိုက်လုယူထားသည့် ဥစ္စာပစ္စည်းများစွာတို့ကို ခွဲဝေယူကြလိမ့်မည်။ ခြေမသန်သူတို့ပင် တိုက်ရာပါပစ္စည်းကို သိမ်းယူနိုင်ကြလိမ့်မည်။
33:24 မြို့သူမြို့သားတစ်ဦးမျှ “ငါဖျားနာ၏”ဟု ပြောမည်မဟုတ်။ ထိုမြို့၌ နေထိုင်သောလူတို့သည် အပြစ်လွတ်ခွင့်ရကြလိမ့်မည်။