Isaiah 38
38:1 ထိုကာလ၌ ဟေဇကိမင်းကြီးသည် သေလုနီးပါးနာမကျန်းဖြစ်လေ၏။ အာမုတ်၏သား ပရောဖက်ဟေရှာယသည် သူ့ထံသို့လာ၍ “သင်သေရမည်။ သင်အသက်ရှင်ရတော့မည် မဟုတ်သောကြောင့် သင့်နန်းတွင်းရေးရာတို့ကို စီမံခဲ့လော့ဟူ၍ ထာဝရဘုရား မိန့်တော်မူသည်”ဟု လျှောက်လေ၏။
38:2 ထိုအခါ ဟေဇကိမင်းကြီးသည် နံရံဘက်သို့ မျက်နှာလှည့်၍
38:3 “အို ထာဝရဘုရား၊ အကျွန်ုပ်သည် ရှေ့တော်၌ စိတ်နှလုံးအကြွင်းမဲ့ သစ္စာရှိရှိအသက်ရှင်လျှောက်လှမ်းခဲ့သည်ကိုလည်းကောင်း၊ ရှေ့တော်၌ ကောင်းသောအမှု ပြုခဲ့သည်ကိုလည်းကောင်း အောက်မေ့တော်မူပါ”ဟု ထာဝရဘုရားထံ ဆုတောင်းပြီး အော်ဟစ်ငိုကြွေးလေ၏။
38:4 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဟေရှာယထံသို့ရောက်လာသည်မှာ
38:5 “သင်သည် ဟေဇကိမင်းကြီးထံသို့သွား၍ သင့်ဘိုးဘေးဒါဝိဒ်မင်းကြီး၏ဘုရားသခင် ထာဝရဘုရားက ‘သင်၏ဆုတောင်းသံကို ငါကြားပြီ။ သင်၏မျက်ရည်ကိုလည်း ငါမြင်ပြီ။ ကြည့်ရှုလော့။ ငါသည် သင့်အား တစ်ဆယ့်ငါးနှစ် ထပ်၍အသက်ရှင်စေမည်။
38:6 သင်နှင့်ဤမြို့ကို အဆီးရီးယားဘုရင်လက်မှ ငါကယ်တင်မည်။ ဤမြို့ကို ငါကာကွယ်မည်။
38:7 ထာဝရဘုရားသည် မိန့်တော်မူသည့်အတိုင်း ပြုမည်ဖြစ်ကြောင်း သင့်အား ထာဝရဘုရားပေးတော်မူသောနိမိတ်လက္ခဏာကား ဤသို့ဖြစ်၏။
38:8 ကြည့်ရှုလော့။ နေရွေ့သည်နှင့်အမျှလိုက်ရွေ့သွားသော အာခတ်မင်းကြီး၏လှေကားထစ်များပေါ်မှ အချိန်တိုင်းအရိပ်ကို အနောက်သို့ဆယ်ထစ် ငါပြန်ဆုတ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ပြောကြားလော့။ ထို့ကြောင့် လှေကားထစ်ပေါ်မှ ရွေ့သွားပြီးသည့်နေ၏အရိပ်သည် နောက်သို့ဆယ်ထစ်ပြန်ဆုတ်လေ၏။
38:9 ယုဒဘုရင်ဟေဇကိမင်းကြီးသည် နာမကျန်းဖြစ်ပြီးမှ ပြန်လည်ကျန်းမာလာသောအခါ သူရေးထားသည့်စာဟူမူကား
38:10 “ငါသည် အရွယ်ကောင်းချိန် တွင်ပင် မရဏာနိုင်ငံတံခါးရှိရာသို့ သွားရတော့မည်။ ကြွင်းကျန်သော ငါ၏နှစ်လများကို ငါဆုံးရှုံးလိုက်ရလေပြီ။
38:11 သက်ရှိကမ္ဘာမြေ၌ ထာဝရဘုရားရှင်ကို ငါဖူးမြင်ရတော့မည်မဟုတ်။ ကမ္ဘာလောက၌နေထိုင်သော လူသားတို့ကို တွေ့မြင်ရတော့မည်မဟုတ်။
38:12 ငါ့အိမ်ကို သိုးထိန်းတဲကဲ့သို့ ဆွဲထုတ်၍ ငါ့ထံမှဖယ်ရှားလေပြီ။ ရက်ကန်းသည် အဝတ်လိပ်သကဲ့သို့ ငါ့အသက်ကို ငါလိပ်ရလေပြီ။ ရက်ကန်းစင်မှချည်ကိုဖြတ်သကဲ့သို့ ကိုယ်တော်သည် ငါ့ကို ဖြတ်တော်မူပြီ။ နေ့ချင်းညချင်း ငါ့ကို အဆုံးသတ်တော်မူပြီ။
38:13 ငါ့အရိုးရှိသမျှတို့ကို ခြင်္သေ့ကဲ့သို့ချိုးတော်မူသည်ဖြစ်၍ နံနက်တိုင်အောင် ငါအော်ဟစ်ရပြီ။ ကိုယ်တော်သည် နေ့ချင်းညချင်း ငါ့ကိုအဆုံးသတ်တော်မူပြီ။
38:14 ကြိုးကြာကဲ့သို့၊ ပျံလွှားကဲ့သို့ ငါအော်မြည်ရ၏။ ချိုးငှက်ကဲ့သို့ ငါညည်းတွားရ၏။ အထက်ကောင်းကင်သို့ မျှော်ကြည့်ရသဖြင့် ငါ့မျက်စိသည် အားနည်းပါပြီ။ အို ဘုရားရှင်၊ အကျွန်ုပ်သည် ဝေဒနာခံစားရသဖြင့် အကျွန်ုပ်ကို ကယ်မတော်မူပါ။
38:15 ငါဘာများပြောဆိုနိုင်မည်နည်း။ ကိုယ်တော်သည် ငါ့ကိုမိန့်တော်မူသည့်အတိုင်း ပြုတော်မူပြီ။ စိတ်ဒုက္ခဝေဒနာကို ငါခံစားခဲ့ရသည်ဖြစ်၍ ငါ့အသက်တာတစ်လျှောက်လုံး သတိရှိရှိလျှောက်လှမ်းပါမည်။
38:16 အို ဘုရားရှင်၊ ထိုသို့သောအားဖြင့် လူတို့အသက်ရှင်ကြပါ၏။ အကျွန်ုပ်၏အသက်ဝိညာဉ်သည်လည်း ထိုအရာအားလုံးထဲ၌ တည်ပါ၏။ အကျွန်ုပ်ကိုပြန်လည်ကျန်းမာစေ၍ အသက်ရှင်စေတော်မူပါပြီ။
38:17 ကြည့်ရှုလော့။ အကျွန်ုပ်ခံစားရသောဒုက္ခဝေဒနာသည် အကျွန်ုပ်ကောင်းဖို့ဖြစ်ပါ၏။ ကိုယ်တော်သည် အကျွန်ုပ်၏စိတ်ဝိညာဉ်ကို ပျက်စီးခြင်းတွင်းထဲမှ နုတ်ယူတော်မူပြီ။ အကျွန်ုပ်၏အပြစ်ရှိသမျှတို့ကို နောက်တော်သို့ ပစ်လိုက်တော်မူပြီ။
38:18 မရဏာနိုင်ငံသည် ကိုယ်တော်၏ကျေးဇူးတော်ကို မချီးမွမ်းနိုင်ပါ။ သေခြင်းသည် ကိုယ်တော်၏ဂုဏ်တော်ကို မချီးမွမ်းနိုင်ပါ။ တွင်းထဲသို့ဆင်းသွားသောသူတို့သည် ကိုယ်တော်၏သစ္စာတော်ကို မမျှော်လင့်နိုင်ကြပါ။
38:19 ယနေ့ ကိုယ်တော်၏ကျေးဇူးတော်ကို အကျွန်ုပ်ချီးမွမ်းသကဲ့သို့ အသက်ရှင်သောသူသာလျှင် ပြုနိုင်ပါ၏။ ဖခင်သည် သားသမီးတို့အား ကိုယ်တော်၏သစ္စာတော်ကို သိစေပါ၏။
38:20 ထာဝရဘုရားသည် ငါ့ကိုကယ်တင်တော်မူမည်။ ငါတို့အသက်ရှင်သမျှကာလပတ်လုံး ထာဝရဘုရား၏အိမ်တော်တွင် ကြိုးတပ်တူရိယာများကိုတီးခတ်ကြပါမည်ဟု ငါဆို၏”ဟူ၍ ဖြစ်၏။
38:21 ဟေရှာယကလည်း “သဖန်းပျဉ်ကိုယူ၍ အနာစိမ်းကိုအုံပေးကြပါ။ မင်းကြီး ပြန်ကောင်းလာလိမ့်မည်”ဟု ဆို၏။
38:22 ဟေဇကိမင်းကြီးကလည်း “ထာဝရဘုရား၏အိမ်တော်သို့ အကျွန်ုပ်တက်သွားရမည့် နိမိတ်လက္ခဏာကား အဘယ်နည်း”ဟု မေးလေ၏။