Isaiah 41
41:1 ကမ်းရိုးတန်းဒေသတို့၊ ငါ့ရှေ့မှာတိတ်ဆိတ်စွာနေကြလော့။ လူမျိုးတကာတို့၊ အားသစ်မွေးကြ။ လာ၍ တိုင်ပင်ဆွေးနွေးကြ။ တရားဆိုင်ဖို့ အတူတူဆုံ၍ တရားဆိုင်ကြစို့။
41:2 ဖြောင့်မတ်သောသူကို အရှေ့အရပ်မှ ပေါ်ထွန်းစေသောသူကား မည်သူနည်း။ သူ့ထံ လူမျိုးတကာတို့ကို အပ်နှံသောသူ၊ သူ့အား ရှင်ဘုရင်တို့ကို အုပ်စိုးရသောအခွင့် ပေးသောသူကား မည်သူနည်း။ ထိုသူတို့ကို သူ၏ဓားဖြင့် မြေမှုန့်ကဲ့သို့ဖြစ်စေ၍ သူ၏လေးဖြင့် ဖွဲကဲ့သို့လွင့်စေသောသူကား မည်သူနည်း။
41:3 မိမိခြေမချဖူးသောလမ်းဖြင့် ထိုသူတို့ကို လိုက်လံတိုက်ခိုက်ရာ၌ ဘေးကင်းလုံခြုံခွင့်ကိုပေးသောသူကား မည်သူနည်း။
41:4 အစအဦးကပင် မျိုးဆက်တစ်ဆက်ပြီးတစ်ဆက် ပေါ်ထွန်းစေသောအမှုကို ပြုသောသူကား မည်သူနည်း။ ထိုသူကား အဦးဆုံးသောသူဖြစ်၍ နောက်ဆုံးသောသူတို့နှင့်အတူရှိသော ငါထာဝရဘုရားပင်တည်း။
41:5 ကမ်းရိုးတန်းဒေသတို့သည် မြင်၍ ကြောက်ရွံ့ကြပြီ။ မြေကြီးစွန်းတို့သည် ကြောက်ရွံ့တုန်လှုပ်ကြပြီ။ သူတို့သည် ချဉ်းကပ်လာကြပြီ။
41:6 သူတို့အချင်းချင်း ကူညီမစကြ၏။ မိမိညီအစ်ကိုအား “အားယူလော့”ဟု ဆိုကြ၏။
41:7 ပန်းတဉ်းသမားသည် ပန်းထိမ်သမားကို အားပေး၏။ တူနှင့်အချောသပ်သောသူသည် ပေပေါ်တွင် ထုသောသူကို အားပေး၏။ ဂဟေဆက်ထားသည်မှာ “ကောင်းသည်”ဟု ဆို၏။ သူတို့သည် ရုပ်တုကို ခိုင်ခံ့စေရန် သံဖြင့် ရိုက်ထားကြ၏။
41:8 သို့သော် ငါ့အစေအပါး အစ္စရေး၊ ငါရွေးချယ်သောသူ ယာကုပ်၊ ငါ့မိတ်ဆွေ အာဗြဟံ၏သားစဉ်မြေးဆက်၊
41:9 မြေကြီးစွန်းမှ ငါဆွဲလာသူ၊ အဝေးဆုံးအရပ်မှ ငါခေါ်လာသူ “သင်သည် ငါ၏အစေအပါးဖြစ်၏။ သင့်ကို ငါရွေးချယ်ပြီ။ သင့်ကို ငါမစွန့်ပစ်”ဟု သင့်အား ငါမိန့်ဆို၏။
41:10 မကြောက်နှင့်၊ ငါသည် သင်နှင့်အတူရှိ၏။ မစိုးရိမ်နှင့်။ ငါသည် သင်၏ဘုရားသခင်ဖြစ်၏။ အကယ်စင်စစ် သင့်ကို ခိုင်ခံ့စေမည်။ သင့်ကို ကူညီမစမည်။ ငါ၏ဖြောင့်မတ်သောလက်ယာလက်ဖြင့် သင့်ကို ငါထောက်မမည်။
41:11 သင့်ကို အမျက်ထွက်သောသူအားလုံး အရှက်ကွဲရလိမ့်မည်၊ အသရေပျက်ရလိမ့်မည်။ သင့်ကိုရန်ပြုသောသူတို့သည် ဘာမျှမဟုတ်သောသူကဲ့သို့ဖြစ်သွားပြီး ပျက်စီးခြင်းသို့ရောက်ကြရလိမ့်မည်။
41:12 သင့်ကို ရန်မူသောသူတို့ကို သင်ရှာသော်လည်း တွေ့လိမ့်မည်မဟုတ်။ သင့်ကို တိုက်ခိုက်သောသူတို့သည် ဘာမျှမဟုတ်သောသူ၊ အရာမရောက်သောသူကဲ့သို့ ဖြစ်သွားကြလိမ့်မည်။
41:13 သင်၏ဘုရားသခင် ငါထာဝရဘုရားသည် သင်၏လက်ယာလက်ကိုကိုင်လျက် သင့်အား “မကြောက်နှင့်။ သင့်ကိုငါကူညီမစမည်”ဟု မြွက်ဆိုသောသူဖြစ်၏။
41:14 “အို ပိုးကောင်ယာကုပ်၊ အို အစ္စရေးလူမျိုးတို့၊ မကြောက်နှင့်။ သင့်ကို ငါကူညီမစမည်”ဟု ထာဝရဘုရား မိန့်တော်မူ၏။ သင့်ကိုရွေးနုတ်သောသူသည် အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင် ဖြစ်တော်မူ၏။
41:15 ကြည့်ရှုလော့။ ငါသည် သင့်ကို အသွားထက်သည့် ကောက်နယ်တန်ဆာပလာအသစ်ဖြစ်စေမည်။ သင်သည် တောင်ကြီးတို့ကို နင်းနယ်၍ ညက်ညက်ကြေစေမည်။ တောင်ငယ်တို့ကို ဖွဲကဲ့သို့ဖြစ်စေမည်။
41:16 ထိုတောင်တို့ကို သင်သည် လှေ့မည်။ လေသည် သယ်ဆောင်သွားမည်။ မုန်တိုင်းသည် လွင့်စဉ်စေမည်။ သင်သည် ထာဝရဘုရား၌ ရွှင်လန်းမည်။ အစ္စရေးလူမျိုး၏သန့်ရှင်းသောဘုရား၌ ဝါကြွားမည်။
41:17 ဆင်းရဲနွမ်းပါးသောသူတို့သည် ရေကိုရှာကြ၏။ ရေမရှိသောကြောင့် သူတို့သည် ရေငတ်၍ အာခေါင်ခြောက်ကပ်သောအခါ ငါထာဝရဘုရားသည် သူတို့ကိုထူးမည်။ အစ္စရေးလူမျိုး၏ဘုရားသခင် ငါသည် သူတို့ကို စွန့်ပစ်မည်မဟုတ်။
41:18 ငါသည် တောင်ကတုံးပေါ်တွင် မြစ်ကိုလည်းကောင်း၊ ချိုင့်ဝှမ်းအလယ်တွင် စမ်းရေကိုလည်းကောင်း စီးဆင်းစေမည်။ တောကန္တာရကို ရေအိုင်ဖြစ်စေ၍ ခြောက်သွေ့သောအရပ်ကို စမ်းရေတွင်းဖြစ်စေမည်။
41:19 တောကန္တာရ၌ သစ်ကတိုးပင်၊ အကေရှားပင် ၊ မုရတုပင် ၊ သံလွင်ပင်တို့ကို ပေါက်စေမည်။ သဲကန္တာရ၌ ထင်းရှူးပင်၊ တဒေရပင် ၊ ကျောက်ပန်းပင်တို့ကို အတူတကွ ပေါက်ရောက်စေမည်။
41:20 ထိုသို့သောအားဖြင့် ထာဝရဘုရား၏လက်တော်သည် ဤအမှုကိုပြုတော်မူကြောင်း၊ အစ္စရေးလူမျိုး၏သန့်ရှင်းသောအရှင်သည် ဤအမှုကိုဖြစ်စေတော်မူကြောင်း လူအားလုံး တွေ့မြင်သိရှိကြလိမ့်မည်။ ဆင်ခြင်နားလည်ကြလိမ့်မည်။
41:21 “သင်တို့၏အမှုကို တင်ပြကြလော့”ဟု ထာဝရဘုရားမိန့်တော်မူ၏။ “သင်တို့၏ခိုင်လုံသောသက်သေတို့ကို ယူဆောင်လာကြလော့”ဟု ယာကုပ်အမျိုး၏ရှင်ဘုရင်မိန့်တော်မူ၏။
41:22 သူတို့သည် ထိုသက်သေတို့ကို ယူဆောင်လာကြပါစေ။ မည်သည့်အရာများ ဖြစ်ပျက်လိမ့်မည်ကို ငါတို့အား ပြောပြကြပါစေ။ ယခင်က မည်သည့်အရာများဖြစ်ပျက်ခဲ့သည်ကို ငါတို့အားပြောပြကြလော့။ သို့မှသာ ငါတို့ဆင်ခြင်၍ ထိုအရာတို့၏အကျိုးဆက်ကိုသိနိုင်မည်။ သို့မဟုတ် ဖြစ်လာမည့်အရာများကို ငါတို့အားပြောကြားကြလော့။
41:23 သင်တို့သည် ဘုရားများဖြစ်သည်ကို ငါတို့သိရှိနိုင်မည့်အကြောင်း နောင်ဖြစ်လာမည့်အရာတို့ကို ပြောပြကြလော့။ ငါတို့အားလုံး မြင်၍ အံ့ဩတုန်လှုပ်သွားအောင် ကောင်းသောအမှုကိုဖြစ်စေ၊ ဆိုးညစ်သောအမှုကိုဖြစ်စေ လုပ်ပြကြလော့။
41:24 သင်တို့သည် ဘာမျှမဟုတ်သောအရာဖြစ်၏။ သင်တို့၏လုပ်ဆောင်ချက်သည် အချည်းနှီးသက်သက်ဖြစ်၏။ သင်တို့ကို ရွေးချယ်သောသူသည် စက်ဆုပ်ရွံရှာဖွယ်ဖြစ်၏။
41:25 မြောက်အရပ်မှ တစ်စုံတစ်ဦးကို ငါလှုံ့ဆော်၍ သူသည် နေထွက်ရာအရပ်မှလာလေပြီ။ သူသည် ငါ့နာမကိုဟစ်ခေါ်လိမ့်မည်။ အိုးထိန်းသည်သည် မြေစေးကိုနင်းသကဲ့သို့ သူသည် မင်းအရာရှိတို့ကို ရွှံ့သဖွယ်နင်းလိမ့်မည်။
41:26 ငါတို့ သိရှိနိုင်ရန် အစအဦးကတည်းက မည်သူပြောပြဖူးသနည်း။ “မှန်ပေ၏”ဟု ငါတို့ပြောနိုင်ရန် မည်သူကြိုတင်ပြောပြဖူးသနည်း။ ပြောပြသောသူ တစ်ယောက်မျှမရှိ။ ပြောကြားသောသူ တစ်ယောက်မျှမရှိ။ သင်တို့စကားကို ကြားဖူးသောသူ တစ်ယောက်မျှမရှိ။
41:27 ဇိအုန်တောင်အား “ကြည့်ရှုလော့။ သူတို့ကိုကြည့်ရှုလော့”ဟု အဦးဆုံး ပြောသောသူမှာ ငါဖြစ်၏။ ကောင်းမြတ်သောသတင်းယူဆောင်လာသောသူကို ဂျေရုဆလင်မြို့သို့ ငါစေလွှတ်၏။
41:28 ငါကြည့်ရှုသောအခါ တစ်စုံတစ်ယောက်မျှမရှိ။ ငါမေးမြန်းသောအခါ သူတို့ထဲတွင် ပြန်ဖြေကြားနိုင်သောသူ တစ်ယောက်မျှမရှိ၊ အကြံပေးနိုင်သောသူ တစ်ယောက်မျှမရှိ။
41:29 သူတို့အားလုံးသည် အနတ္တသက်သက်၊ သူတို့ပြုသောအမှုတို့သည် အချည်းနှီးသက်သက်၊ သူတို့သွန်းလုပ်သောရုပ်တုတို့သည် အလဟဿ၊ အချည်းနှီးဖြစ်၏။