Isaiah 57
57:1 ဖြောင့်မတ်သောသူဆုံးပါးသွားသည်ကို မည်သူမျှနှလုံးမသွင်းကြ။ ကျေးဇူးပြုတတ်သောသူတို့ ရုပ်သိမ်းခြင်းခံရသည်ကို မည်သူမျှနားမလည်ကြ။ အကယ်စင်စစ် ဖြောင့်မတ်သောသူသည် မကောင်းမှုထဲမှရုပ်သိမ်းခံရခြင်းဖြစ်၏။
57:2 ဖြောင့်မတ်စွာလျှောက်လှမ်းသောသူတို့သည် နားနေရာ၌လဲလျောင်းခွင့်ရ၏။ ငြိမ်းချမ်းရာသို့ ဝင်စားခွင့်ရ၏။
57:3 စုန်းမသား၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ ပြည့်တန်ဆာအမျိုးအနွယ်တို့၊ ချဉ်းကပ်ကြလော့။
57:4 သင်တို့သည် မည်သူ့ကို သရော်ကြသနည်း။ မည်သူ့ကိုပါးစပ်ဟ၍ လျှာထုတ်ပြကြသနည်း။ သင်တို့သည် အပြစ်ကျူးလွန်သောသားသမီးများ၊ မုသားပြောဆိုသောအမျိုးအနွယ်များ ဖြစ်ကြသည်မဟုတ်လော။
57:5 ဝက်သစ်ချပင်တို့ကြား၊ စိမ်းလန်းသောသစ်ပင်ရှိသမျှတို့အောက်တွင် ရမ္မက်မီးတောက်လောင်သောသူများ၊ လျှိုမြောင်ရှိ ကျောက်တောင်အက်ကွဲကြောင်းများတွင် သားသမီးများကို သတ်ဖြတ်ပူဇော်သောသူများ ဖြစ်ကြသည်မဟုတ်လော။
57:6 လျှိုမြောင်ထဲမှချောသောကျောက်များထဲတွင် သင်၏ဝေစုရှိ၏။ ထိုကျောက်တို့သည် သင်၏ပေါက်မဲဖြစ်၏။ အကယ်စင်စစ် သင်သည် ထိုကျောက်တို့အား သွန်းလောင်းရာပူဇော်သက္ကာကိုသွန်းလောင်း၏။ ဘောဇဉ်ပူဇော်သက္ကာကိုပူဇော်၏။ ဤသည်ကို ငါလိုက်လျောရမည်လော။
57:7 သင်သည် မြင့်မားသောတောင်ပေါ်တွင် သင်၏အိပ်ရာကိုခင်း၏။ ထိုတောင်ပေါ်သို့တက်၍လည်း ယဇ်ပူဇော်တတ်၏။
57:8 သင်၏အမှတ်သင်္ကေတကို တံခါး၊ တံခါးတိုင်နောက်၌ သင်ထား၏။ အဝတ်အချည်းစည်းဖြင့် ငါ့ထံမှ သင်ထွက်သွား၍ တောင်ပေါ်သို့တက်သွား၏။ သင့်အိပ်ရာကိုကျယ်စွာဖြန့်၍ အခြားသူတို့နှင့်ပဋိညာဉ်ဖွဲ့၏။ သူတို့၏အိပ်ရာကို သင်နှစ်သက်၍ သူတို့အဝတ်မဝတ်ဘဲနေသည်ကို ငေးကြည့်၏။
57:9 သင်သည် ရှင်ဘုရင်ထံသို့ နံ့သာဆီဖြင့် သွား၏။ နံ့သာမျိုးများစွာဖြင့် ကိုယ့်ကိုယ်ကိုယ်မွှေးကြိုင်စေ၏။ သင်၏သံတမန်တို့ကိုလည်း အဝေးသို့စေလွှတ်၏။ သင်သည် မရဏာနိုင်ငံတိုင်အောင် နိမ့်ကျ၏။
57:10 သင်သည် ဝေးစွာခရီးသွား၍ ပင်ပန်းသော်လည်း “မျှော်လင့်စရာမရှိ”ဟု သင်မဆို။ ခွန်အားသစ်ကို တွေ့သောကြောင့် သင်သည် အားမလျော့ ။
57:11 မည်သူ့ကို ထိတ်လန့်ကြောက်ရွံ့၍ သင်လိမ်လည်သနည်း၊ ငါ့ကို သင်မအောက်မေ့၊ ငါ့ကို သင့်စိတ်ထဲ၌ မထား။ ငါ ကြာမြင့်စွာတိတ်ဆိတ်နေသောကြောင့် သင်ငါ့ကိုမကြောက်သည် မဟုတ်လော။
57:12 ဖြောင့်မတ်သည်ဟုဆိုသော သင်၏လုပ်ရပ်တို့ကို ငါကိုယ်တော်တိုင် ဖော်ထုတ်မည်။ ထိုအရာတို့သည် သင့်ကိုအကျိုးပြုလိမ့်မည်မဟုတ်။
57:13 သင်အော်ဟစ်သောအခါ ရုပ်တုတို့သည် သင့်ကိုကယ်နုတ်ပါစေ။ သို့သော် ထိုအရာအားလုံးကို လေတိုက်သွားမည်။ ထွက်သက်လေတစ်ချက်က လွင့်သွားစေမည်။ ငါ၌ခိုလှုံသောသူမူကား ပြည်တော်ကိုအမွေဆက်ခံရမည်။ ငါ၏သန့်ရှင်းသောတောင်ကို ပိုင်ဆိုင်ရမည်။
57:14 တစ်စုံတစ်ယောက်က “မြေဖို့ကြ။ မြေဖို့ကြ။ လမ်းကိုပြင်ကြ။ ငါ၏လူတို့သွားရာလမ်းမှ ခလုတ်တံသင်းကိုဖယ်ရှားကြလော့”ဟု ဆိုလိမ့်မည်။
57:15 မြင့်မြတ်၍ချီးမြှောက်ခြင်းခံတော်မူသော၊ ထာဝရအသက်ရှင်တော်မူသော၊ သန့်ရှင်းခြင်းဟု နာမရှိတော်မူသောအရှင်က “ငါသည် စိတ်နှလုံးကျိုးပဲ့ကြေမွသောသူ၊ စိတ်နှိမ့်ချသောသူတို့နှင့်အတူ အထွတ်အမြတ်ထားရာအရပ်၊ သန့်ရှင်းသောအရပ်၌ ကိန်းဝပ်၏။ စိတ်အားငယ်သောသူ၊ စိတ်နှလုံးကျိုးပဲ့ကြေမွသောသူတို့ကို အားဖြည့်ပေးရန် သူတို့တွင် ငါကိန်းဝပ်၏။
57:16 ငါကိုယ်တော်တိုင်ဖန်ဆင်းသောဝိညာဉ်၊ ငါကိုယ်တော်တိုင်ဖန်ဆင်းသောဇီဝအသက်တို့သည် ငါ့ရှေ့မှာ မညှိုးငယ်စေရန် ငါသည် အစဉ်အပြစ်တင်မည်မဟုတ်။ အစဉ်အမျက်ထွက်မည်မဟုတ်။
57:17 မတရားအကျိုးစီးပွားရှာသောအပြစ်ကြောင့် ငါသည် အမျက်ထွက်၍ သူ့ကိုရိုက်၏။ ငါသည် အမျက်ထွက်၍ မျက်နှာလွှဲသော်လည်း သူသည် မိမိစိတ်အလိုရှိရာလမ်းသို့ ဆက်သွား၍ လမ်းလွဲလျက်ရှိ၏။
57:18 သူ၏လမ်းတို့ကို ငါမြင်ပြီ။ သို့သော် ငါသည် သူ့ကိုကုသ၍ လမ်းပြပေးမည်။ သူ့ကိုလည်းကောင်း၊ သူနှင့်အတူငိုကြွေးမြည်တမ်းသောသူတို့ကိုလည်းကောင်း ပြန်လည်နှစ်သိမ့်ပေးမည်။
57:19 နှုတ်ခမ်းအသီးကို ငါဖန်ဆင်း၏။ ဝေးသောသူ၊ နီးသောသူတို့၌ ငြိမ်သက်ခြင်း ရှိစေသော။ ငါသည် သူ့ကို ကုသပေးမည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
57:20 ဆိုးယုတ်သောသူတို့သည် မငြိမ်မသက်လှိုင်းထနေသောပင်လယ်နှင့်တူ၏။ ပင်လယ်ရေသည် ရွှံ့နှင့်အမှိုက်တို့ကို ထကြွလှုပ်ရှားစေတတ်၏။
57:21 “ဆိုးယုတ်သောသူတို့၌ ငြိမ်သက်ခြင်းမရှိ”ဟု ငါ၏ဘုရားသခင်မိန့်တော်မူ၏။