Isaiah 59
59:1 ကြည့်ရှုလော့။ ထာဝရဘုရား၏လက်တော်သည် မကယ်တင်နိုင်အောင် တိုသည်မဟုတ်။ နားတော်သည်လည်း မကြားနိုင်အောင် ထိုင်းသည်မဟုတ်။
59:2 သင်တို့၏ဒုစရိုက်များကသာ သင်တို့ကို ဘုရားသခင်နှင့် ကွဲကွာစေ၏။ သင်တို့အပြစ်များကသာ မျက်နှာတော်ကို သင်တို့ထံမှလွှဲစေ၍ သင်တို့စကားကိုကြားတော်မမူခြင်းဖြစ်၏။
59:3 သင်တို့လက်သည် သွေးနှင့်လည်းကောင်း၊ သင်တို့လက်ချောင်းသည် ဒုစရိုက်နှင့်လည်းကောင်း ညစ်ညူး၏။ သင်တို့၏နှုတ်သည် မုသားကိုပြောဆို၍ သင်တို့၏လျှာမှ ကောက်ကျစ်သောစကားထွက်၏။
59:4 တရားမျှတမှုကိုတောင်းလျှောက်သောသူမရှိ။ သစ္စာဖြင့် တရားစီရင်သောသူမရှိ။ အချည်းနှီးသောအရာကိုယုံကြည်ကိုးစား၍ မုသားကိုပြောဆိုကြ၏။ အခက်အခဲပြဿနာကိုကိုယ်ဝန်ဆောင်၍ အပြစ်ဒုစရိုက်ကိုမွေးဖွား၏။
59:5 သူတို့သည် မြွေပွေးဥများကိုပေါက်စေ၏။ ပင့်ကူအိမ်များကိုရက်ကြ၏။ မြွေပွေးဥများကိုစားသောသူသည် သေတတ်၏။ ဥကိုခွဲလျှင် အဆိပ်ပြင်းသောမြွေပွေးပေါက်တတ်၏။
59:6 သူတို့ရက်သောပင့်ကူအိမ်သည် အဝတ်ဖြစ်မလာနိုင်။ သူတို့လုပ်သော ထိုအရာများဖြင့် သူတို့ကိုယ်သူတို့ မဖုံးအုပ်နိုင်။ သူတို့ပြုသောအမှုသည် ဒုစရိုက်အမှုဖြစ်၏။ သူတို့လက်၌ ရက်စက်ကြမ်းကြုတ်သောလုပ်ရပ်ရှိ၏။
59:7 သူတို့ခြေသည် မကောင်းမှုရှိရာသို့ ပြေးသွားတတ်၏။ သူတို့သည် အပြစ်မဲ့သောသူအား သတ်ဖြတ်ရန် လျင်မြန်၏။ သူတို့၏အကြံသည် မကောင်းသောအကြံဖြစ်၏။ သူတို့သွားရာလမ်း၌ ပျက်စီးပြိုပျက်ခြင်းရှိ၏။
59:8 ငြိမ်းချမ်းရာလမ်းကို သူတို့မသိကြ။ သူတို့လျှောက်ရာလမ်း၌ တရားမျှတမှုမရှိ။ မိမိတို့သွားရာလမ်းကို ကွေ့ကောက်စေကြ၏။ ကွေ့ကောက်သောလမ်းကိုလျှောက်သောသူအပေါင်းတို့သည် ငြိမ်းချမ်းခြင်းဆိုသည်ကို မသိကြ။
59:9 ထို့ကြောင့် တရားမျှတမှုသည် ငါတို့နှင့်ဝေး၏။ ဖြောင့်မတ်ခြင်းသည် ငါတို့ကိုမမီ။ ငါတို့သည် အလင်းကိုစောင့်မျှော်သော်လည်း အမှောင်သာတွေ့၏။ တောက်ပသောအလင်းကိုစောင့်မျှော်သော်လည်း မှောင်မိုက်ထဲ၌သာ လျှောက်ရ၏။
59:10 ငါတို့သည် မျက်မမြင်ကဲ့သို့ နံရံကိုလိုက်စမ်းရ၏။ မျက်စိမပါသောသူကဲ့သို့ လိုက်စမ်းရ၏။ မှောင်ရီပျိုးချိန်၌ ခလုတ်တိုက်သကဲ့သို့ မွန်းတည့်ချိန်မှာပင် ခလုတ်တိုက်ကြ၏။ သန်မာသောသူများကြား၌ လူသေကဲ့သို့ဖြစ်ကြ၏။
59:11 ငါတို့ရှိသမျှသည် ဝက်ဝံကဲ့သို့မာန်ဖီ၍ ခိုငှက်ကဲ့သို့ အလွန်ညည်းကြ၏။ တရားမျှတမှုကိုစောင့်မျှော်သော်လည်း မရနိုင်။ ကယ်တင်ခြင်းကိုစောင့်မျှော်သော်လည်း ငါတို့နှင့်ဝေးလှ၏။
59:12 အကြောင်းမူကား ငါတို့ကျူးလွန်သောအပြစ်သည် ရှေ့တော်၌များပြားလှ၏။ ငါတို့၏အပြစ်များသည် ငါတို့အကြောင်း သက်သေထွက်ဆို၏။ ငါတို့ကျူးလွန်သောအပြစ်များသည် ငါတို့နှင့်အတူရှိ၍ ငါတို့၏ဒုစရိုက်များကို ငါတို့သိကြ၏။
59:13 ထာဝရဘုရားကိုပြစ်မှားကြ၏။ ငြင်းပယ်ကြ၏။ ဘုရားသခင်နောက်တော်သို့လိုက်ခြင်းမှ ပြန်ဆုတ်သွားကြ၏။ ဖိနှိပ်ချုပ်ချယ်ခြင်း၊ ဆန့်ကျင်ပုန်ကန်ခြင်းအကြောင်းကို ပြောဆိုကြ၏။ စိတ်နှလုံးထဲ၌သန္ဓေတည်နေသော မုသားစကားကို မြွက်ဆိုကြ၏။
59:14 ထို့ကြောင့် တရားမျှတမှုသည် နောက်သို့ပြန်ဆုတ်သွား၍ ဖြောင့်မတ်ခြင်းသည် အဝေး၌ရပ်နေ၏။ သစ္စာတရားသည်လည်း လမ်း၌ခလုတ်တိုက်လဲကျ၍ မှန်ကန်ခြင်းသဘောသည်လည်း ဝင်ရောက်မလာနိုင်။
59:15 သစ္စာသည် ပျောက်ဆုံးသွားလေပြီ။ မကောင်းမှုကို ရှောင်ကြဉ်သောသူသည် လုယက်ခြင်းခံရပါသည်တကား။ ထိုအမှုကို ထာဝရဘုရားမြင်တော်မူ၍ တရားမျှတမှုမရှိသောကြောင့် နှစ်မြို့တော်မမူ။
59:16 ကိုယ်တော်သည် ကြားဝင်စေ့စပ်သောသူတစ်ဦးတစ်ယောက်မျှမရှိကြောင်းကို မြင်၍ အံ့ဩတော်မူ၏။ ထို့ကြောင့် ကိုယ်တော်၏လက်ရုံးတော်သည် ကယ်တင်ခြင်းအမှုကိုပြု၍ ကိုယ်တော်၏ဖြောင့်မတ်ခြင်းသည် ကိုယ်တော့်ကိုထောက်မပေး၏။
59:17 ကိုယ်တော်သည် ဖြောင့်မတ်ခြင်းကိုရင်အုပ်တန်ဆာကဲ့သို့ ဝတ်ဆင်တော်မူ၏။ ခေါင်းပေါ်၌ ကယ်တင်ခြင်းသံခမောက်ကို ဆောင်းတော်မူ၏။ လက်စားချေခြင်းဝတ်ရုံကိုဝတ်ဆင်၍ စိတ်အားထက်သန်ခြင်းဝတ်လုံကို လွှမ်းခြုံတော်မူ၏။
59:18 သူတို့၏လုပ်ဆောင်မှုနှင့်အညီ ရန်ပြုသောသူတို့အား အမျက်တော်ကိုလည်းကောင်း၊ ရန်သူတို့အား အကျိုးအပြစ်ကိုလည်းကောင်း ပေးဆပ်တော်မူမည်။ ကမ်းရိုးတန်းဒေသတို့အား အကျိုးအပြစ်ကို ပေးဆပ်တော်မူမည်။
59:19 ထို့ကြောင့် သူတို့သည် ထာဝရဘုရား၏နာမတော်ကို အနောက်အရပ်မှလည်းကောင်း၊ ဘုန်းအသရေတော်ကို နေထွက်ရာအရပ်မှလည်းကောင်း ကြောက်ရွံ့ကြလိမ့်မည်။ အကြောင်းမူကား ထာဝရဘုရား၏ထွက်သက်လေမှုတ်ထုတ်တော်မူ၍ အရှိန်အဟုန်နှင့်စီးဆင်းသောမြစ်ရေကဲ့သို့ ကိုယ်တော်ကြွလာတော်မူမည်။
59:20 ထာဝရဘုရားက “ရွေးနုတ်တော်မူသောအရှင်သည် ဇိအုန်တောင်သို့ကြွလာတော်မူမည်။ အပြစ်ကျူးလွန်ရာမှ နောင်တရသောယာကုပ်အမျိုးအနွယ်တို့ထံသို့ ကြွလာတော်မူမည်”ဟု မိန့်တော်မူ၏။
59:21 ထာဝရဘုရားက “ဤသည်ကား သူတို့နှင့်ပြုသော ငါ၏ပဋိညာဉ်ဖြစ်၏။ သင်၌တည်နေသောငါ၏ဝိညာဉ်တော်၊ သင့်နှုတ်၌ငါထားသော ငါ၏နှုတ်ကပတ်တော်သည် သင့်နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်၏နှုတ်မှလည်းကောင်း၊ သင့်သားစဉ်မြေးဆက်အဆက်ဆက်၏နှုတ်မှလည်းကောင်း ယခုမှစ၍ ကာလအစဉ်အဆက် တည်ရှိမည်”ဟု မိန့်တော်မူ၏။