Isaiah 6
6:1 ဩဇိမင်းကြီးအနိစ္စရောက်သောနှစ်၌ ဘုရားရှင်သည် မြင့်မြတ်ထည်ဝါသောပလ္လင်ပေါ်တွင် ထိုင်နေတော်မူသည်ကို ငါမြင်၏။ ကိုယ်တော်၏ဝတ်ရုံတော်အနားစွန်းသည် ဗိမာန်တော်အပြည့်ဖုံးနေ၏။
6:2 သရပ် တို့သည် ပလ္လင်တော်၏အထက်၌ရပ်နေကြ၏။ သူတို့တစ်ပါးစီ၌ တောင်ပံခြောက်ခုစီရှိ၍ တောင်ပံနှစ်ခုဖြင့် မျက်နှာကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ခြေကိုဖုံး၏။ တောင်ပံနှစ်ခုဖြင့် ပျံသန်း၏။
6:3 ထို့နောက် သူတို့က “ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားသည် သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ သန့်ရှင်းတော်မူ၏။ ကမ္ဘာမြေတစ်ခွင်လုံးသည် ကိုယ်တော်၏ဘုန်းအသရေနှင့်ပြည့်လျက်နေတော်မူ၏” ဟု တစ်ပါးကိုတစ်ပါး ကြွေးကြော်မြွက်ဆိုကြ၏။
6:4 ထိုကြွေးကြော်သံကြောင့် တံခါးတိုင်တို့သည်ခါယမ်း၍ အိမ်တော်သည် မီးခိုးနှင့်ပြည့်လေ၏။
6:5 ထိုအခါ “ငါ၌အမင်္ဂလာရှိ၏။ ငါသည် ပျက်စီးဆုံးရှုံးပြီ။ အကြောင်းမူကား ငါသည် နှုတ်ခမ်းညစ်ညူးလျက်၊ နှုတ်ခမ်းညစ်ညူးသောလူမျိုးအလယ်တွင်နေထိုင်လျက်ပင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားတည်းဟူသော ရှင်ဘုရင်ကို ငါ့မျက်စိနှင့်မြင်လေပြီတကား”ဟု ငါဆို၏။
6:6 ထို့နောက် သရပ် တို့ထဲမှတစ်ပါးသည် ငါ့ထံသို့ပျံသန်းလာ၏။ လက်ထဲ၌ မီးညှပ်ဖြင့် ယဇ်ပလ္လင်ပေါ်မှယူသော မီးခဲတစ်ခဲပါလာ၏။
6:7 ထိုမီးခဲဖြင့် ငါ့နှုတ်ကိုတို့ပြီးလျှင် “ကြည့်ရှုလော့။ ဤမီးခဲသည် သင့်နှုတ်ခမ်းကိုထိပြီ။ သင်၏ဒုစရိုက်ကိုဖယ်ရှားပြီ။ သင်၏အပြစ်ကိုလည်း ဖြေလွှတ်ပြီ”ဟု ဆို၏။
6:8 ထို့နောက် “ငါမည်သူ့ကိုစေလွှတ်ရမည်နည်း။ မည်သူသည် ငါတို့အတွက် သွားမည်နည်း”ဟု ဘုရားရှင်မိန့်တော်မူသောအသံကို ငါကြားရ၏။ ထိုအခါ ငါက “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကို စေလွှတ်တော်မူပါ”ဟု လျှောက်၏။
6:9 ကိုယ်တော်ကလည်း “ဤလူမျိုးထံသွား၍ ‘သင်တို့သည် ကြားလျက်ပင် နားမလည်ဘဲ ကြားကြလိမ့်မည်။ မြင်လျက်ပင် သတိမမူဘဲ မြင်ကြလိမ့်မည်’ ဟု ပြောလော့။
6:10 ဤလူမျိုး၏စိတ်နှလုံးကို ထုံထိုင်း စေ၍ သူတို့၏နားကို လေးစေလော့။ သူတို့မျက်စိကိုလည်း ကန်းစေလော့။ သို့မဟုတ်လျှင် သူတို့သည် မျက်စိဖြင့်မြင်လျက်၊ နားဖြင့်ကြားလျက်၊ စိတ်နှလုံးဖြင့်နားလည်လျက် ပြောင်းလဲကြသဖြင့် သူတို့ကိုကျန်းမာစေရလိမ့်မည်” ဟု မိန့်တော်မူ၏။
6:11 ထိုအခါ ငါက “အို ဘုရားရှင်၊ မည်မျှကြာပါမည်နည်း”ဟု မေးလျှောက်ရာ ကိုယ်တော်က “မြို့တို့သည်ပျက်စီး၍ နေထိုင်သူမရှိ၊ အိမ်တို့တွင် လူမရှိ၊ တစ်ပြည်လုံးသည် ပျက်စီး၍ လူသူကင်းမဲ့သည့်တိုင်အောင်၊
6:12 ထာဝရဘုရားသည် လူတို့ကိုဝေးရာသို့ နှင်ထုတ်တော်မူ၍ ပြည်ထဲ၌ စွန့်ခွာထားသောနေရာများသာကျန်ရှိသည့်တိုင်အောင် ဖြစ်၏။
6:13 သပိတ်ပင်နှင့်ဝက်သစ်ချပင်တို့သည် ခုတ်လှဲခြင်းခံရ၍ အငုတ်သာကျန်သကဲ့သို့ ဆယ်ပုံတစ်ပုံသာကြွင်းကျန်သောထိုပြည်သည် ထပ်၍ဝါးမျိုဖျက်ဆီးခြင်းခံရလိမ့်မည်။ သန့်ရှင်းသောအမျိုးအနွယ်သည် အငုတ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။