Jeremiah 1
1:1 ဗင်္ယာမိန်ပြည်၊ အာနသုတ်မြို့မှ ယဇ်ပုရောဟိတ်တစ်ပါးဖြစ်သော ဟိလခိ၏သား ယေရမိဆင့်ဆိုသောနှုတ်ကပတ်တော်။
1:2 အာမုန်မင်းကြီး၏သားတော် ယုဒဘုရင်ယောရှိမင်းကြီး နန်းစံတစ်ဆယ့်သုံးနှစ်မှစ၍
1:3 ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီးလက်ထက်နှင့် ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ဇေဒကိမင်းကြီး နန်းစံတစ်ဆယ့်တစ်နှစ်၊ ပဉ္စမလ ဂျေရုဆလင်မြို့သားတို့ ဖမ်းခေါ်သွားခြင်းခံရသည့်အချိန်ထိ ယေရမိထံသို့ ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်ကား ဤသို့ဖြစ်၏။
1:4 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ ရောက်လာ၍
1:5 “သင့်ကို အမိဝမ်းထဲမှာ ပုံမသွင်းမီကပင် သင့်ကိုငါသိ၏။ သင်မမွေးမီကပင် သင့်ကိုငါသန့်ရှင်းစေပြီ။ လူမျိုးတကာတို့အတွက် ပရောဖက်အဖြစ် ငါခန့်ထားပြီ” ဟု မိန့်ဆိုသော်
1:6 ငါကလည်း “အို၊ ဘုရားရှင်ထာဝရဘုရား အကျွန်ုပ်သည် သူငယ်သာဖြစ်၍ မပြောမဆိုတတ်ပါ”ဟု ပြန်လျှောက်၏။
1:7 သို့သော် ထာဝရဘုရားက ငါ့အား “ ‘အကျွန်ုပ်သည် သူငယ်သာဖြစ်ပါသည်’ဟု မဆိုနှင့်။ သင့်ကိုငါစေလွှတ်သော လူအပေါင်းတို့ထံသို့ သင်သွားရမည်။ ငါမိန့်မှာသောစကားအလုံးစုံတို့ကို သင်ပြောကြားရမည်။
1:8 သူတို့ကို မကြောက်နှင့်။ ငါသည် သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူရှိ၏”ဟု မိန့်တော်မူပြီးလျှင်
1:9 ထာဝရဘုရားသည် လက်တော်ကိုဆန့်၍ ငါ၏နှုတ်ကိုတို့တော်မူ၏။ ထို့နောက် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ၏နှုတ်ကပတ်တော်ကို သင့်နှုတ်၌ ငါထားပြီ။
1:10 လူမျိုးခြားများနှင့် တိုင်းနိုင်ငံများကို နုတ်ပယ်ဖြိုချရန်၊ ဖျက်ဆီးမှောက်လှန်ရန်၊ တည်ထောင်ပြုစုရန် ယနေ့ သင့်အား ငါခန့်ထားပြီ”ဟု မိန့်တော်မူ၏။
1:11 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍ “ယေရမိ၊ သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “ဗာဒံကိုင်းကိုမြင်ပါသည်”ဟု လျှောက်၏။
1:12 ထိုအခါ ထာဝရဘုရားက “သင်မြင်သည့်အတိုင်း မှန်ပေ၏။ အကြောင်းမူကား ငါ့စကားပြည့်စုံသည်ကို ငါစောင့်ကြည့်နေ၏”ဟု ငါ့အား မိန့်တော်မူ၏။
1:13 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဒုတိယအကြိမ် ငါ့ထံသို့ရောက်လာ၍ “သင်သည် မည်သည့်အရာကိုမြင်သနည်း”ဟု မိန့်တော်မူလျှင် ငါက “မြောက်ဘက်မှမျက်နှာမူသည့် ဆူပွက်နေသောအိုးကိုမြင်ပါ၏”ဟု လျှောက်၏။
1:14 ထိုအခါ ထာဝရဘုရားက “မြောက်ဘက်မှဘေးအန္တရာယ်သည် ဤပြည်သူပြည်သားရှိသမျှတို့အပေါ် ကျရောက်လိမ့်မည်။
1:15 အကြောင်းမူကား ငါသည် မြောက်ဘက်တိုင်းနိုင်ငံများရှိ လူမျိုးအပေါင်းတို့ကို ဆင့်ခေါ်မည်”ဟု မိန့်တော်မူ၏။ ထာဝရဘုရားက “သူတို့သည် ရောက်လာ၍ ဂျေရုဆလင်မြို့တံခါးဝများတွင် ရာဇပလ္လင်ကို အသီးသီးတည်ကြမည်။ မြို့ရိုးအားလုံးကိုဝိုင်းရံထား၍ ယုဒမြို့အားလုံးကို တိုက်ခိုက်ကြမည်။
1:16 ပြည်သူပြည်သားတို့သည် ငါ့ကိုစွန့်ပယ်၍ အခြားဘုရားများအား နံ့သာပေါင်းမီးရှို့ပူဇော်လျက် မိမိတို့လက်ဖြင့်လုပ်သောအရာများကို ရှိခိုးကိုးကွယ်သောကြောင့် ငါသည် သူတို့၏မကောင်းမှုအားလုံးအတွက် တရားစီရင်ချက်ကို ချမှတ်ကြေညာမည်”ဟု မိန့်တော်မူ၏။
1:17 “သင်သည် ခါးကိုစည်း၍ ထပြီးလျှင် သင့်အား ငါမိန့်မှာထားသောစကားအလုံးစုံကို သူတို့အား ဆင့်ဆိုလော့။ သူတို့ကို မကြောက်နှင့်။ ကြောက်လျှင် သင့်ကို သူတို့ရှေ့တွင် ငါခြောက်လှန့်မည်။
1:18 ကြည့်ရှုလော့။ ယုဒဘုရင်များ၊ အကြီးအကဲများ၊ ယဇ်ပုရောဟိတ်များ၊ ပြည်သူပြည်သားများမှစ၍ ပြည်တစ်ပြည်လုံးကို ဆန့်ကျင်နိုင်ရန် ယနေ့ ငါသည် သင့်ကို ခိုင်ခံ့သောမြို့၊ သံတိုင်၊ ကြေးနီမြို့ရိုးကဲ့သို့ ဖြစ်စေပြီ။
1:19 သင့်ကိုကယ်နုတ်ရန် သင်နှင့်အတူ ငါရှိမည်ဖြစ်၍ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်လိမ့်မည်မဟုတ်”ဟု ထာဝရဘုရားမိန့်တော်မူ၏။