Jeremiah 10
10:1 အို အစ္စရေးအမျိုးသားတို့၊ သင်တို့အား ထာဝရဘုရားမိန့်တော်မူသောစကားကို နားထောင်ကြလော့။
10:2 ထာဝရဘုရားက “လူမျိုးခြားတို့၏နည်းလမ်းကို မသင်ယူကြနှင့်။ လူမျိုးခြားတို့သည် မိုးကောင်းကင်မှနိမိတ်လက္ခဏာတို့ကို ကြောက်လန့်တတ်ကြသကဲ့သို့ သင်တို့ မကြောက်လန့်ကြနှင့်။
10:3 အကြောင်းမူကား လူမျိုးတို့၏ဓလေ့စရိုက်တို့သည် အချည်းနှီး ဖြစ်၏။ သူတို့သည် တောထဲမှသစ်ပင်ကိုခုတ်၍ လက်မှုပညာသည်တို့သည် ပုဆိန်ဖြင့်ထွင်းထု၏။
10:4 ရွှေငွေတို့နှင့် တန်ဆာဆင်၍ မယိမ်းမယိုင်အောင် သံနှင့်တူဖြင့် ရိုက်ထား၏။
10:5 ထိုအရာသည် သခွားခင်းရှိ စာခြောက်ရုပ်နှင့်တူ၏။ စကားလည်းမပြောနိုင်။ လမ်းလည်းမလျှောက်နိုင်သဖြင့် ထမ်းသွားရ၏။ အန္တရာယ်မပေးနိုင်သလို ကောင်းကျိုးလည်း မပေးနိုင်သောကြောင့် ထိုအရာတို့ကို မကြောက်ကြနှင့်”ဟု မိန့်တော်မူ၏။
10:6 အို ထာဝရဘုရား၊ ကိုယ်တော်နှင့်တူသောသူမရှိပါ။ ကိုယ်တော်သည် ကြီးမြတ်တော်မူ၏။ နာမတော်သည် တန်ခိုးတော်ကြောင့် ကြီးမြတ်ပါ၏။
10:7 အို လူမျိုးတကာတို့၏ဘုရင်၊ ကိုယ်တော်သည် ကြောက်ရွံ့ရိုသေခြင်းကို ခံထိုက်တော်မူပါ၏။ မည်သူသည် ကိုယ်တော့်ကို မကြောက်ရွံ့ဘဲနေပါသနည်း။ လူမျိုးတကာတို့၏ပညာရှိအပေါင်းတို့တွင်လည်းကောင်း၊ တိုင်းနိုင်ငံရှိသမျှတို့တွင်လည်းကောင်း ကိုယ်တော်နှင့်တူသောသူတစ်ယောက်မျှမရှိပါ။
10:8 ထိုသူအပေါင်းတို့သည် အသိတရားမရှိ၊ မိုက်မဲကြ၏။ အချည်းနှီးသောအရာကိုသွန်သင်ပေးသူမှာ သစ်သားဖြစ်၏။
10:9 ကျွမ်းကျင်သောလက်မှုပညာသည်နှင့် ပန်းထိမ်သမားတို့က တာရှုမြို့မှလာသည့်ငွေပြား၊ ဥဖတ်မြို့မှလာသောရွှေတို့ဖြင့် တန်ဆာဆင်ပေးကြ၏။ ကျွမ်းကျင်သူတို့က အပြာရောင်အထည်၊ ခရမ်းရောင်အထည်တို့ဖြင့်လည်း တန်ဆာဆင်ပေးကြ၏။
10:10 ထာဝရဘုရားမူကား စစ်မှန်သောဘုရားဖြစ်၏။ ကိုယ်တော်သည် အသက်ရှင်တော်မူသောဘုရား၊ ထာဝရဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်အမျက်ထွက်တော်မူလျှင် မြေကြီးတုန်ခါပါ၏။ လူမျိုးအပေါင်းတို့သည် အမျက်တော်ကို မခံနိုင်ကြပါ။
10:11 သင်တို့က “ကောင်းကင်နှင့်မြေကြီးကို မဖန်ဆင်းသောဘုရားတို့သည် ဤကောင်းကင်အောက်နှင့် ဤမြေကြီးပေါ်မှ ပျောက်ပျက်သွားရလိမ့်မည်”ဟု သူတို့အား ပြောရမည်။
10:12 ကိုယ်တော်သည် တန်ခိုးတော်အားဖြင့် မြေကြီးကိုဖန်ဆင်းတော်မူ၏။ ဉာဏ်ပညာအားဖြင့် ကမ္ဘာကြီးကို တည်တော်မူ၏။ ထိုးထွင်းဉာဏ်အားဖြင့် ကောင်းကင်ကို ဖြန့်ကြက်တော်မူ၏။
10:13 ကိုယ်တော်အသံပေးတော်မူသောအခါ ကောင်းကင်ရှိရေတို့သည် ဟုန်းဟုန်းမြည်ကြပါ၏။ မိုးတိမ်ကို မြေကြီးစွန်းမှ တက်လာစေ၏။ မိုးကိုရွာစေတော်မူ၏။ လျှပ်စီးကိုလက်စေတော်မူ၏။ ဘဏ္ဍာတိုက်ထဲမှ လေကိုထုတ်တော်မူ၏။
10:14 လူအပေါင်းတို့သည် အသိတရားကင်းမဲ့၏။ ပညာလည်းမရှိ။ ပန်းထိမ်သမားအပေါင်းတို့သည်လည်း ရုပ်တုဆင်းတုအားဖြင့် အရှက်ကွဲကြလိမ့်မည်။ အကြောင်းမူကား သူတို့သွန်းလုပ်သောရုပ်တုတို့သည် လှည့်စားခြင်းသာဖြစ်၏။ အသက်မရှိ။
10:15 ထိုအရာတို့သည် အချည်းနှီးသောအရာဖြစ်၏။ လှည့်စားတတ်သောအရာဖြစ်၏။ စစ်ကြောစီရင်ချိန်ရောက်လျှင် ပျက်စီးသွားရလိမ့်မည်။
10:16 ယာကုပ်အမျိုး၏ဝေစုဖြစ်သောဘုရားသခင်သည် ထိုကဲ့သို့မဟုတ်။ အကြောင်းမူကား ကိုယ်တော်သည် အရာခပ်သိမ်းကို ပုံဖော်ဖန်ဆင်းသောအရှင်ဖြစ်၏။ အစ္စရေးလူမျိုးသည် ကိုယ်တော်၏အမွေတော်အမျိုးအနွယ်ဖြစ်၏။ ကိုယ်တော်၏နာမတော်ကား ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားပေတည်း။
10:17 အို ဝိုင်းထားခံရသောသူ၊ မြေကြီးပေါ်မှ သင့်ပစ္စည်းကိုစုသိမ်းလော့။
10:18 ထာဝရဘုရားက “ကြည့်ရှုလော့။ ထိုကာလတွင် ငါသည် ပြည်သားတို့ကို လွှင့်ပစ်မည်။ သူတို့ကို ငါဒုက္ခရောက်စေမည်။ သူတို့အဖမ်းခံရမည်”ဟု မိန့်တော်မူ၏။
10:19 ငါ၏ဒဏ်ရာကြောင့် ငါ၌ အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းထန်လှ၏။ သို့သော်လည်း ငါက “ဤသည်ကား ဆိုးဝါးသောဝေဒနာဖြစ်၏။ ဤဝေဒနာကို ငါတင်းခံရမည်”ဟု ဆို၏။
10:20 ငါ့တဲသည် ဖျက်ဆီးခြင်းခံရပြီ။ ကြိုးရှိသမျှတို့သည် ပြတ်လေပြီ။ ငါ့သားတို့သည်လည်း ငါ့ထံမှထွက်သွားကြပြီ။ တစ်ယောက်မျှမရှိတော့ပေ။ ငါ့တဲကို ပြန်ဆောက်မည့်သူ၊ ရွက်ထည်များကိုကာမည့်သူ တစ်ယောက်မျှမရှိတော့ပေ။
10:21 အကြောင်းမူကား သိုးထိန်းတို့သည် အသိတရားကင်းမဲ့ကြ၏။ ထာဝရဘုရားကိုမရှာကြ။ ထို့ကြောင့် အောင်မြင်မှုမရရှိကြ။ သူတို့၏သိုးစုအားလုံးတို့သည်လည်း ကွဲလွင့်ကြလေပြီ။
10:22 သတင်းတစ်ခုရောက်လာ၏။ ကြည့်ရှုလော့။ တုန်ဟည်းသံကြီးသည် မြောက်အရပ်မှလာ၍ ယုဒမြို့ရွာများကို လူသူကင်းမဲ့ရာအရပ်ဖြစ်စေမည်၊ ခွေးအတို့ခိုအောင်းရာဖြစ်စေမည်။
10:23 အို ထာဝရဘုရား၊ လူသည် မိမိသွားရာလမ်းကို မိမိမပိုင်၊ လမ်းလျှောက်နေသောသူသည် ကိုယ့်ခြေလှမ်းကို ကိုယ်မတည့်မတ်စေနိုင်သည်ကို အကျွန်ုပ်သိပါ၏။
10:24 အို ထာဝရဘုရား၊ အကျွန်ုပ်ကိုပဲ့ပြင်တော်မူသောအခါ အမျက်တော်ဖြင့်မဟုတ်ဘဲ တရားမျှတမှုဖြင့် ပဲ့ပြင်တော်မူပါ။ သို့မဟုတ်လျှင် အကျွန်ုပ်အကျိုးနည်းရပါလိမ့်မည်။
10:25 ကိုယ်တော်ကိုမသိသော လူမျိုးခြားတို့အပေါ်သို့လည်းကောင်း၊ ကိုယ်တော်၏နာမတော်ကိုမခေါ်သော မျိုးနွယ်စုတို့အပေါ်သို့လည်းကောင်း အမျက်တော်ကို သွန်ချတော်မူပါ။ အကြောင်းမူကား သူတို့သည် ယာကုပ်အမျိုးကိုဝါးမျို၍ အကုန်အစင်ဖျက်ဆီးလေပြီ။ သူနေထိုင်ရာအရပ်ကိုလည်း ဖျက်ဆီးလေပြီ။