Jeremiah 18
18:1 ယေရမိထံသို့ရောက်လာသော ထာဝရဘုရား၏နှုတ်ကပတ်တော်မှာ
18:2 “ထ၍ အိုးထိန်းသည်အိမ်သို့ သွားလော့။ ထိုအိမ်၌ သင်သည် ငါ၏နှုတ်ကပတ်တော်ကို ကြားရမည်”ဟူ၍ ဖြစ်၏။
18:3 ငါသည်လည်း အိုးထိန်းသည်အိမ်သို့သွား၍ ရောက်သောအခါ သူသည် အိုးထိန်းစက်နှင့် အလုပ်လုပ်နေသည်ကို တွေ့ရ၏။
18:4 အိုးထိန်းသည်သည် ရွှံ့စေးဖြင့် အိုးတစ်လုံးကိုပြုလုပ်ရာ ပုံပျက်သွားသဖြင့် အခြားအိုးတစ်လုံးကို သူနှစ်သက်သောပုံဖြင့် တစ်ဖန်ပြုလုပ်လေ၏။
18:5 ထိုအခါ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာပြန်၏။
18:6 ထာဝရဘုရားက “အို အစ္စရေးအမျိုးအနွယ်တို့၊ အိုးထိန်းသည် ပြုသကဲ့သို့ သင်တို့ကို ငါပြုနိုင်သည်မဟုတ်လော။ ကြည့်ရှုလော့။ ရွှံ့စေးသည် အိုးထိန်းသည်လက်၌ရှိသကဲ့သို့ အစ္စရေးအမျိုးအနွယ်တို့သည် ငါ့လက်၌ရှိ၏။
18:7 ငါသည် လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံတစ်နိုင်ငံကို တစ်ခဏအတွင်း နုတ်ပယ်ဖြိုချမည်၊ ဖျက်ဆီးမည်ဟု ငါသတိပေးခဲ့ပြီ။
18:8 သတိပေးခံရသောလူမျိုးသည် မိမိပြုသောမကောင်းမှုမှ နောင်တရလျှင် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသောအကြံအစည်မှ စိတ်ပြောင်းလဲမည်။
18:9 ငါသည် လူမျိုးတစ်မျိုး၊ တိုင်းနိုင်ငံတစ်နိုင်ငံကို တစ်ခဏအတွင်း တည်ထောင်ပြုစုနိုင်သည်ဟု ငါမိန့်ဆိုခဲ့ပြီ။
18:10 ငါမိန့်ဆိုသောစကားကိုနားမထောင်ဘဲ ငါ့မျက်မှောက်၌ မကောင်းမှုကိုပြုလျှင် ကောင်းစားစေမည်ဟုငါမိန့်ဆိုခဲ့သည်မှ စိတ်ပြောင်းလဲမည်”ဟု မိန့်တော်မူ၏။
18:11 ထို့ကြောင့် ထာဝရဘုရားက “ကြည့်ရှုလော့။ ငါသည် သင်တို့ခံရမည့် ဘေးအန္တရာယ်ကို ပြင်ဆင်နေပြီ။ သင်တို့ကိုဆန့်ကျင်မည့်အကြံအစည်ကို ကြံစည်နေပြီ။ မကောင်းသောလမ်းမှ အသီးသီးပြန်လာကြ။ သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြ”ဟူ၍ မိန့်တော်မူကြောင်း ယုဒပြည်သူ၊ ဂျေရုဆလင်မြို့သားတို့အား ယခု ဆင့်ဆိုလော့။
18:12 သို့သော် သူတို့က “မျှော်လင့်စရာမရှိ။ ထို့ကြောင့် ငါတို့သည် ကိုယ့်အကြံအစည်နောက်သို့ ကိုယ်လိုက်မည်။ ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း ပြုမည်”ဟု ပြောဆိုကြ၏။
18:13 သို့ဖြစ်၍ ထာဝရဘုရားက “လူမျိုးခြားတို့တွင်မေးကြည့်လော့။ ဤသို့သောအမှုကို မည်သူကြားဖူးသနည်း။ အစ္စရေးအပျိုကညာသည် စက်ဆုပ်ဖွယ်အမှုကို ပြုလေပြီ။
18:14 လက်ဘနွန်တောင်နှင်းပွင့်သည် ကျောက်တောင်စောင်း ကို စွန့်သွားတတ်သလော။ အဝေးမှစီးဆင်းလာသည့် အေးမြသောရေသည် ခန်းခြောက် သွားတတ်သလော။
18:15 သို့သော် ငါ၏လူမျိုးသည် ငါ့ကိုမေ့လျော့ပြီ။ သူတို့သည် အချည်းနှီးသောအရာရှေ့၌ နံ့သာပေါင်းကိုမီးရှို့ကြလေပြီ။ သူတို့သည် ရှေးလမ်းဟောင်းများတွင် ခလုတ်တိုက်လဲကျကြလေပြီ။ လမ်းမ မဟုတ်သော လမ်းကြားများတွင် လိုက်လျှောက်ကြလေပြီ။
18:16 သူတို့ပြည်ကို လူသူကင်းမဲ့ရာ၊ အစဉ်ကဲ့ရဲ့ပြစ်တင်စရာ ဖြစ်စေသဖြင့် ထိုပြည်နား ဖြတ်သန်းသွားလာသူတိုင်း အံ့ဩလျက် ခေါင်းကိုခါယမ်းကြလိမ့်မည်။
18:17 ငါသည် အရှေ့လေကဲ့သို့ သူတို့ကို ရန်သူရှေ့တွင် ကွဲလွင့်စေမည်။ သူတို့ဘေးဒုက္ခရောက်သောနေ့၌ သူတို့ကို မျက်နှာမပြ၊ ကျောခိုင်းထားမည်”ဟု မိန့်တော်မူ၏။
18:18 လူတို့က “လာကြ၊ ယေရမိကို လုပ်ကြံကြစို့။ အကြောင်းမူကား ယဇ်ပုရောဟိတ်ထံမှလာသော တရားတော်၊ ပညာရှိထံမှလာသော အကြံဉာဏ်၊ ပရောဖက်ထံမှလာသော နှုတ်ကပတ်တော်သည် ငါတို့၌ ပျောက်ပျက်မည်မဟုတ်။ လာကြ၊ သူ့ကို အပြစ်ရှာ ကြစို့။ သူ့စကားကို နားမထောင်ဘဲနေကြစို့”ဟု ဆိုကြ၏။
18:19 အို ထာဝရဘုရား၊ အကျွန်ုပ်တောင်းလျှောက်သံကို နားညောင်းတော်မူပါ။ အကျွန်ုပ်အား ရန်ပြုသောသူတို့၏စကားကို ကြားတော်မူပါ။
18:20 အကောင်းကို အဆိုးဖြင့် တုံ့ပြန်သင့်ပါသလော။ သို့သော် သူတို့သည် အကျွန်ုပ်အတွက် သေတွင်းကိုတူးကြပါပြီ။ အကျွန်ုပ်သည် ကိုယ်တော်၏ရှေ့တော်၌ ရပ်လျက် သူတို့ကောင်းစားမည့်အကြောင်း၊ သူတို့ထံမှ အမျက်တော်လွှဲသွားမည့်အကြောင်း တောင်းလျှောက်ပေးခဲ့သည်ကို အောက်မေ့တော်မူပါ။
18:21 ထို့ကြောင့် သူတို့၏သားသမီးများကို ငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် ကြုံတွေ့စေပါ၊ ဓားဖြင့်ကျဆုံးစေပါ။ သူတို့၏မိန်းမများကို သားသမီးများဆုံးပါးစေပါ၊ မုဆိုးမဖြစ်စေပါ။ ယောက်ျားတို့ကို သေမင်းလက်သို့ရောက်စေပါ။ လူပျိုတို့ကို တိုက်ပွဲ၌ ဓားဖြင့်သေစေပါ။
18:22 ဓားပြတို့သည် သူတို့ကို ရုတ်တရက်ဝင်ရောက်တိုက်ခိုက်သဖြင့် သူတို့၏အိမ်သားများ အော်ဟစ်ကြရပါစေ။ အကြောင်းမူကား သူတို့သည် အကျွန်ုပ်ကိုဖမ်းဆီးရန် တွင်းကိုတူးကြပါပြီ။ ကျော့ကွင်းကိုထောင်ထားကြပါပြီ။
18:23 အို ထာဝရဘုရား၊ အကျွန်ုပ်ကိုသတ်မည့်သူတို့၏အကြံဉာဏ်အားလုံးကို ကိုယ်တော်သိတော်မူပါ၏။ သူတို့၏ဒုစရိုက်ကို ဖြေလွှတ်တော်မမူပါနှင့်။ သူတို့၏အပြစ်ကို ရှေ့တော်မှပယ်ဖျက်တော်မမူပါနှင့်။ ကိုယ်တော်ရှေ့တော်၌ သူတို့လဲကျကြပါစေ။ အမျက်တော်သင့်ရာကာလ၌ သူတို့ကိုစီရင်တော်မူပါ။