Jeremiah 26
26:1 ယောရှိမင်းကြီး၏သားတော် ယုဒဘုရင်ယောယကိမ်မင်းကြီး နန်းတက်စ၌ ထာဝရဘုရားထံတော်မှ ဤနှုတ်ကပတ်တော်ရောက်လာ၏။
26:2 ထာဝရဘုရားက “ထာဝရဘုရား၏အိမ်တော်ဝင်း၌ရပ်၍ ထာဝရဘုရား၏အိမ်တော်သို့ လာရောက်ရှိခိုးကိုးကွယ်ကြသော ယုဒပြည်သူပြည်သားအားလုံးတို့အား ငါမိန့်မှာထားသောစကားရှိသမျှတို့ကို ဆင့်ဆိုလော့။ စကားတစ်ခွန်းကိုမျှ မချန်ထားနှင့်။
26:3 သူတို့သည် နားထောင်၍ သူတို့၏မကောင်းသောလမ်းမှ အသီးသီးပြန်လှည့်ကောင်းပြန်လှည့်ကြလိမ့်မည်။ ငါသည်လည်း သူတို့၏ဆိုးညစ်သောလုပ်ရပ်များကြောင့် သူတို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟူသောအကြံအစည်မှ စိတ်ပြောင်းလဲမည်”ဟု မိန့်တော်မူ၏။
26:4 တစ်ဖန် သူတို့အား “ထာဝရဘုရားက ‘ငါ့စကားကို သင်တို့နားမထောင်၊ သင်တို့ကို ငါချပေးထားသောပညတ်တရားအတိုင်း မလိုက်လျှောက်၊
26:5 သင်တို့ရှိရာသို့ ငါ၏အစေအပါးပရောဖက်တို့ကို ငါအကြိမ်ကြိမ်စေလွှတ်၍ ဆင့်ဆိုစေသော်လည်း သူတို့၏စကားကို သင်တို့နားမထောင်လျှင်
26:6 ဤအိမ်တော်ကို ရှိလောအရပ်ကဲ့သို့ ငါဖြစ်စေမည်။ ဤမြို့ကိုလည်း မြေကြီးပေါ်ရှိ လူမျိုးတကာတို့ ကျိန်ဆဲရာမြို့ဖြစ်စေမည်’ဟူ၍ မိန့်တော်မူသည်”ဟု ဆင့်ဆိုလော့။
26:7 ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် ပြည်သူပြည်သားအပေါင်းတို့သည် ထာဝရဘုရား၏အိမ်တော်ထဲ၌ ယေရမိဆင့်ဆိုသော စကားကို ကြားကြ၏။
26:8 ယေရမိသည် ထာဝရဘုရားမိန့်မှာတော်မူသောစကားအလုံးစုံတို့ကို ပြည်သူပြည်သားအပေါင်းတို့အား ဆင့်ဆိုပြီးသောအခါ ယဇ်ပုရောဟိတ်များ၊ ပရောဖက်များနှင့် လူအပေါင်းတို့သည် သူ့ကိုဖမ်းဆီး၍ “သင်သည် မုချသေရမည်။
26:9 ‘ဤအိမ်တော်သည် ရှိလောအရပ်ကဲ့သို့ ဖြစ်လိမ့်မည်။ ဤမြို့သည် နေထိုင်သောသူမရှိဘဲ တိတ်ဆိတ်ခြောက်ကပ်လိမ့်မည်’ဟု ထာဝရဘုရား၏နာမတော်ဖြင့် အဘယ်ကြောင့် ပရောဖက်ပြုဟောပြောရသနည်း”ဟု ဆိုပြီးလျှင် လူတို့သည် ထာဝရဘုရားအိမ်တော်၌ ယေရမိထံ ဝိုင်းအုံလာကြ၏။
26:10 ထိုအကြောင်းတို့ကို ယုဒလူမျိုးမှူးမတ်တို့ကြားကြသောအခါ ရှင်ဘုရင်၏နန်းတော်မှ ထာဝရဘုရား၏အိမ်တော်သို့တက်လာကြပြီး ထာဝရဘုရား၏အိမ်တော်တံခါးသစ်အဝင်ဝ၌ ထိုင်ကြ၏။
26:11 ထိုအခါ ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့က မှူးမတ်များနှင့်ပြည်သူပြည်သားအပေါင်းတို့အား “သင်တို့နားနှင့်ဆတ်ဆတ်ကြားကြသည့်အတိုင်း သူသည် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောကြောင့် သေဒဏ်ခံထိုက်သည်”ဟု ပြောဆိုကြ၏။
26:12 ယေရမိကလည်း မှူးမတ်များနှင့် ပြည်သူပြည်သားအပေါင်းတို့အား “ဤအိမ်တော်နှင့် ဤမြို့ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောသောစကားကို သင်တို့အလုံးစုံကြားရပြီ။ ထိုသို့ဟောပြောရန် ထာဝရဘုရားသည် ငါ့ကိုစေလွှတ်တော်မူပြီ။
26:13 ထို့ကြောင့် ယခု သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ ဘုရားသခင်ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။ သို့ပြုလျှင် ထာဝရဘုရားသည် သင်တို့အပေါ် ဘေးအန္တရာယ်ကျရောက်စေမည်ဟု မိန့်တော်မူခဲ့ရာမှ စိတ်ပြောင်းလဲတော်မူမည်။
26:14 ငါသည် သင်တို့၏လက်ထဲတွင်ရှိ၏။ ကောင်းသည်၊ မှန်သည်ဟု သင်တို့ထင်သည့်အတိုင်း ငါ့ကိုပြုကြလော့။
26:15 အကယ်စင်စစ် ဤစကားအလုံးစုံကို သင်တို့အားကြားပြောရန် ထာဝရဘုရား ငါ့ကိုစေလွှတ်တော်မူသည်ဖြစ်၍ ငါ့ကိုသတ်လျှင် သင်တို့နှင့်တကွ ဤမြို့နှင့်မြို့သူမြို့သားတို့သည် အပြစ်မဲ့သောသူအား သတ်သောအပြစ်သင့်လိမ့်မည်ကို သိမှတ်ကြလော့”ဟု ဆို၏။
26:16 ထိုအခါ မှူးမတ်တို့နှင့် ပြည်သူပြည်သားတို့က ယဇ်ပုရောဟိတ်နှင့် ပရောဖက်တို့အား “ဤသူသည် ငါတို့၏ဘုရားသခင် ထာဝရဘုရား၏နာမတော်ဖြင့် ငါတို့အား ဟောပြောသည်ဖြစ်၍ သေဒဏ်မခံထိုက်ပါ”ဟု ဆိုကြ၏။
26:17 ပြည်သားသက်ကြီးဝါကြီးအချို့တို့ကလည်း ထ၍ လူအစုအဝေးအပေါင်းတို့အား
26:18 “ယုဒဘုရင်ဟေဇကိမင်းကြီးလက်ထက်တွင် မောရရှက်မြို့သားမိက္ခာက ယုဒလူမျိုးအပေါင်းတို့အား ‘ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ဇိအုန်တောင်သည် လယ်ကဲ့သို့ ထွန်ယက်ခြင်းကိုခံရလိမ့်မည်။ ဂျေရုဆလင်မြို့သည် အပြိုအပျက်ပုံဖြစ်လိမ့်မည်။ အိမ်တော်တည်ရာတောင်သည် တောအုပ်ဖြစ်လိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပရောဖက်ပြုဟောပြောခဲ့သည်ကို
26:19 ယုဒဘုရင်ဟေဇကိမင်းကြီးနှင့် ယုဒလူမျိုးတို့သည် ထိုပရောဖက်ကို သတ်ခဲ့သလော။ ထိုဘုရင်သည် ထာဝရဘုရားကိုကြောက်ရွံ့၍ ထာဝရဘုရား၏မျက်နှာတော်ကို ရှာသောကြောင့် သူတို့အပေါ် ကျရောက်စေမည့်ဘေးအန္တရာယ်မှ ထာဝရဘုရား စိတ်ပြောင်းလဲတော်မူသည် မဟုတ်လော။ ငါတို့မူကား ငါတို့အပေါ် ကြောက်မက်ဖွယ်ဘေးအန္တရာယ်ကို ကျရောက်စေကြပြီ”ဟု ဆိုကြ၏။
26:20 ထာဝရဘုရား၏နာမတော်ဖြင့် ပရောဖက်ပြုသောသူတစ်ယောက် ရှိသေး၏။ ထိုသူကား ကိရယတ်ယာရိမ်မြို့မှ ရှေမာယ၏သား ဥရိယဖြစ်၏။ သူသည် ယေရမိဟောပြောသောစကားနှင့်တစ်ထပ်တည်း ဤမြို့ဤပြည်ကိုဆန့်ကျင်၍ ပရောဖက်ပြုဟောပြောခဲ့၏။
26:21 ယောယကိမ်မင်းကြီးနှင့် မှူးမတ်စစ်သူရဲအပေါင်းတို့သည် သူဟောပြောသောစကားများကို ကြားကြ၏။ ထိုအခါ ရှင်ဘုရင်သည် သူ့ကိုသတ်ရန်ရှာကြံလေ၏။ ထိုသတင်းကို ဥရိယကြားသောအခါ ကြောက်ရွံ့၍ အီဂျစ်ပြည်သို့ထွက်ပြေးသွား၏။
26:22 ထိုအခါ ယောယကိမ်မင်းကြီးသည် အာခဗော်၏သား ဧလနာသန်နှင့်အတူ လူအချို့ကို အီဂျစ်ပြည်သို့လိုက်စေ၍
26:23 ထိုသူတို့သည် ဥရိယအား အီဂျစ်ပြည်မှ ယောယကိမ်မင်းကြီးထံသို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့ကြ၏။ ရှင်ဘုရင်သည် သူ့ကိုဓားဖြင့်ကွပ်မျက်၍ သူ၏ကိုယ်ခန္ဓာကို အများပြည်သူသင်္ချိုင်း၌ ပစ်ထားလေ၏။
26:24 သို့ရာတွင် ရှာဖန်၏သား အဟိကံသည် ယေရမိကိုကာကွယ်ပေးသဖြင့် သူ့ကိုသတ်မည့်သူတို့လက်မှ သူလွတ်မြောက်လေ၏။