Jeremiah 33
33:1 ထောင်ဝင်းထဲ၌ ယေရမိချုပ်နှောင်ထားခြင်းခံနေရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ ဒုတိယအကြိမ်ရောက်လာ၍
33:2 “ကမ္ဘာမြေကြီးကို ဖန်ဆင်းတော်မူသောထာဝရဘုရား၊ ပုံဖော်ဖြစ်တည်စေတော်မူသောထာဝရဘုရား၊ ယေဟောဝါအမည်ရှိသော ထာဝရဘုရားက
33:3 ‘ငါ့ကိုခေါ်လော့။ ငါထူးမည်။ သင်မသိ နားမလည်နိုင်သော ကြီးမြတ်သောအရာ၊ ကွယ်ဝှက်ထားသောအရာတို့ကို သင့်အားပြောပြမည်’ဟု မိန့်တော်မူ၏။
33:4 ခါလဒဲလူတို့၏မြေကတုတ်နှင့် ဓားဘေးကိုခုခံကာကွယ်ရန် ဖြိုဖျက်ခံရသော ဤမြို့တွင်းရှိ အိမ်များ၊ ယုဒဘုရင်တို့၏နန်းတော်များနှင့်ပတ်သက်၍ အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက
33:5 ‘သူတို့သည် ခါလဒဲတပ်နှင့်တိုက်ခိုက်ရန်သွားကြသော်လည်း သူတို့၏မကောင်းမှုများကြောင့် ဤမြို့ကို ငါမျက်နှာလွှဲပြီဖြစ်၍ မြို့ထဲ၌ ငါ့အမျက်ဒေါသဖြင့်ကွပ်မျက်သော အလောင်းကောင်တို့နှင့်သာ ပြည့်လိမ့်မည်။
33:6 သို့သော် ငါသည် ဤမြို့၏အနာကို ကုသပေးမည်။ ပြန်လည်ကျန်းမာစေမည်။ ငြိမ်းချမ်းခြင်း၊ ဘေးကင်းလုံခြုံခြင်း အပြည့်အဝခံစားစေမည်။
33:7 ဖမ်းခေါ်သွားခြင်းခံရသော ယုဒလူမျိုး၊ အစ္စရေးလူမျိုးတို့ကို ပြန်လာစေမည်။ ယခင်ကကဲ့သို့ ပြန်လည်တည်ဆောက်မည်။
33:8 ငါ့ကိုပြစ်မှားခဲ့သောအပြစ်ရှိသမျှတို့နှင့် သူတို့ကိုကင်းစင်စေမည်။ ငါ့ကိုပြစ်မှားခြင်း၊ ငါ့ကိုပုန်ကန်ခြင်းအပြစ်ရှိသမျှတို့ကို ငါခွင့်လွှတ်မည်။
33:9 ဤမြို့သည် ငါ့အဖို့ ဝမ်းမြောက်စရာ၊ ချီးမွမ်းစရာ၊ ဂုဏ်ပြုစရာ ဖြစ်လိမ့်မည်။ ဤမြို့အတွက် ငါပြုပေးသောကောင်းကျိုးချမ်းသာတို့ကို ကမ္ဘာမြေပေါ်ရှိ လူမျိုးအပေါင်းတို့ကြားသိကြလိမ့်မည်။ ဤမြို့ကို ကောင်းကျိုးချမ်းသာအတိ၊ ငြိမ်သက်ခြင်းအတိရှိစေသည်ကို သူတို့ အံ့ဩတုန်လှုပ်ကြလိမ့်မည်’ဟု မိန့်တော်မူ၏။
33:10 ထာဝရဘုရားက ‘ဤအရပ်တွင် လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်လေပြီဟု သင်တို့ပြောဆိုကြသော လူမရှိ၊ တိရစ္ဆာန်မရှိ၊ နေထိုင်သူမရှိ ဆိတ်ညံသောယုဒမြို့များနှင့် ဂျေရုဆလင်မြို့လမ်းများပေါ်တွင်
33:11 ဝမ်းမြောက်ရွှင်မြူးခြင်းအသံ၊ သတို့သားသတို့သမီးအသံ၊ ထာဝရဘုရားသည် ကောင်းမြတ်တော်မူ၍ မေတ္တာကရုဏာတော်အစဉ်အမြဲတည်သောကြောင့် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ကျေးဇူးတော်ကို ချီးမွမ်းကြလော့ဟု ဆိုလျက် ထာဝရဘုရား၏အိမ်တော်သို့ ကျေးဇူးတော်ချီးမွမ်းခြင်းယဇ်ကို ယူဆောင်လာသောသူတို့၏အသံကို ကြားရလိမ့်မည်။ အကြောင်းမူကား ဖမ်းခေါ်သွားခြင်းခံရသောပြည်သားတို့ကို ငါပြန်လာစေ၍ ယခင်ကကဲ့သို့ ပြန်လည်နေထိုင်စေမည်’ဟု မိန့်တော်မူ၏။
33:12 ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ‘လူမရှိ၊ တိရစ္ဆာန်မရှိ၊ ဆိတ်ညံရာဖြစ်ခဲ့သော ဤအရပ်ရှိမြို့ရွာအားလုံးတွင် သိုးထိန်းတို့ သိုးများကိုထိန်းကျောင်းရာ စားကျက်မြေရှိလာလိမ့်မည်’ဟု မိန့်တော်မူ၏။
33:13 ထာဝရဘုရားက ‘ဗင်္ယာမိန်ပြည်၊ ယုဒပြည် ဂျေရုဆလင်မြို့ပတ်ပတ်လည်ရှိမြို့ရွာများ၊ မြေနိမ့်ဒေသရှိမြို့ရွာများ၊ တောင်ပေါ်ဒေသရှိမြို့ရွာများ၊ နေဂေ့အရပ်ရှိမြို့ရွာများ၌ သိုးထိန်းသည် သိုးစုကို ပြန်လည်ရေတွက်လိမ့်မည် ’ဟု မိန့်တော်မူ၏။
33:14 ထာဝရဘုရားက ‘ကြည့်ရှုလော့။ ယုဒအမျိုးအနွယ်၊ အစ္စရေးအမျိုးအနွယ်တို့ကို ကောင်းကျိုးချမ်းသာပြုပေးမည်ဟူသော ငါ့ကတိကို ပြည့်စုံစေမည့်နေ့ရောက်လာလေပြီ။
33:15 ထိုနေ့ ထိုအချိန်၌ ဖြောင့်မတ်ခြင်းအကိုင်းကို ဒါဝိဒ်အမျိုးထဲမှ ငါပေါ်ထွက်စေမည်။ သူသည် မြေကြီးပေါ်၌ တရားမျှတစွာ၊ ဖြောင့်မတ်စွာ စီရင်လိမ့်မည်။
33:16 ထိုနေ့၌ ယုဒအမျိုးသည် ကယ်တင်ခြင်းခံရလိမ့်မည်။ ဂျေရုဆလင်မြို့သူမြို့သားတို့သည် ဘေးကင်းလုံခြုံစွာနေထိုင်ရလိမ့်မည်။ ထိုမြို့အား ငါတို့ကို ဖြောင့်မတ်စေတော်မူသောထာဝရဘုရားဟူ၍ ခေါ်ဆိုကြလိမ့်မည်’ဟု မိန့်တော်မူ၏။
33:17 ထာဝရဘုရားက ‘အစ္စရေးအမျိုးအနွယ်၏ရာဇပလ္လင်ပေါ်တွင်စိုးစံသော ဒါဝိဒ်မင်းမျိုးမပြတ်ရ။
33:18 နေ့စဉ်နှင့်အမျှ ငါ့မျက်မှောက်၌ မီးရှို့ရာယဇ်ကိုပူဇော်ခြင်း၊ ဘောဇဉ်ပူဇော်သက္ကာကိုမီးရှို့ခြင်း၊ ယဇ်ပူဇော်ခြင်းကိုပြုရသော လေဝိအမျိုး ယဇ်ပုရောဟိတ်တို့သည်လည်း မပြတ်ရ’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
33:19 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာပြန်၍
33:20 “ထာဝရဘုရားက ‘နေ့နှင့်ညတို့ သူ့အချိန်နှင့်သူ ရောက်မလာအောင် နေ့နှင့်ဆိုင်သောပဋိညာဉ်၊ ညနှင့်ဆိုင်သောပဋိညာဉ်ကို သင်တို့ချိုးဖောက်နိုင်လျှင်
33:21 ငါ၏အစေအပါးဒါဝိဒ်နှင့်ဖွဲ့သောပဋိညာဉ်ပျက်ပြီး သူ၏ရာဇပလ္လင်ပေါ် စိုးစံသောမင်းမျိုးပြတ်မည်။ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုး ယဇ်ပုရောဟိတ်တို့နှင့်ဖွဲ့သောပဋိညာဉ်လည်း ပျက်မည်။
33:22 ကောင်းကင်ကြယ်များ မရေတွက်နိုင်အောင်များပြားသကဲ့သို့၊ သမုဒ္ဒရာသဲလုံးများ အတိုင်းအဆမရှိများပြားသကဲ့သို့ ငါ့အစေအပါးဒါဝိဒ်အမျိုးအနွယ်၊ ငါ့အမှုကိုထမ်းဆောင်သောလေဝိအမျိုးတို့ကို ငါများပြားစေမည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
33:23 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာပြန်၍
33:24 “လူတို့က ‘ထာဝရဘုရားသည် မိမိရွေးချယ်တော်မူသောလူမျိုးနှစ်မျိုးကို စွန့်ပယ်တော်မူပြီ’ဟု ပြောဆိုကြသောစကားကို သင်သတိမပြုမိသလော။ သူတို့သည် ငါ့လူမျိုးတော်ကို မထီလေးစားပြုကြလေပြီ။ လူမျိုးတစ်မျိုးအဖြစ် မမှတ်ကြတော့ပေ။
33:25 ထာဝရဘုရားက ‘ငါသည် နေ့နှင့်ညအတွက် ပဋိညာဉ်မဖွဲ့ထားခဲ့လျှင်၊ ကောင်းကင်နှင့်မြေကြီးအတွက် ပြဋ္ဌာန်းချက် မစီရင်ထားခဲ့လျှင်
33:26 ယာကုပ်အမျိုးအနွယ် ငါ့အစေအပါးဒါဝိဒ်ကို ငါစွန့်ပယ်မည်။ အာဗြဟံ၊ ဣဇက်၊ ယာကုပ်အမျိုးအနွယ်တို့ကို အုပ်စိုးမည့်သူကိုလည်း သူတို့ထဲမှ ငါပေါ်ထွန်းစေမည်မဟုတ်။ အကယ်စင်စစ် ဖမ်းခေါ်သွားခြင်းခံရသူတို့ကို ငါပြန်လာစေမည်၊ သနားစုံမက်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။