Jeremiah 39
39:1 ယုဒဘုရင်ဇေဒကိမင်းကြီးနန်းစံ ကိုးနှစ်၊ ဒသမလတွင် ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ချီတက်လာ၍ ဂျေရုဆလင်မြို့ကို ဝိုင်းရံထားလေ၏။
39:2 ဇေဒကိမင်းကြီးနန်းစံ တစ်ဆယ့်တစ်နှစ်၊ စတုတ္ထလ၊ ကိုးရက်နေ့တွင် မြို့ထဲသို့ ထိုးဖောက်ဝင်ရောက်ကြ၏။
39:3 ထိုအခါ ဘေဘီလုံဘုရင်၏မှူးမတ်များဖြစ်ကြသော နေရဂါလရှရေဇာ၊ သံဂါနေဗော၊ ရာဗသာရိပ်စာသခိမ်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏အခြားမှူးမတ်အပေါင်းတို့သည် မြို့ထဲသို့ဝင်လာ၍ အလယ်တံခါးဝ၌ နေရာယူကြ၏။
39:4 ယုဒဘုရင်ဇေဒကိမင်းကြီးနှင့် သူ၏စစ်သည်အပေါင်းတို့သည် ထိုသူတို့ကိုမြင်သောအခါ ညအချိန်တွင်ပင် ဘုရင့်ဥယျာဉ်တော်လမ်းအတိုင်းပြေး၍ မြို့ရိုးနှစ်ခုကြားရှိတံခါးမှ မြို့ပြင်သို့ထွက်ပြီး အရာဗလွင်ပြင်သွားရာလမ်းအတိုင်း ထွက်ပြေးကြ၏။
39:5 ခါလဒဲစစ်သည်တို့ကလည်း သူတို့နောက်သို့လိုက်ရာ ဂျေရိခေါလွင်ပြင်တွင် ဇေဒကိမင်းကြီးကိုမီသဖြင့် သူ့ကိုဖမ်းပြီး ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးရှိရာ ဟာမတ်ပြည်၊ ရိဗလမြို့သို့ ခေါ်ဆောင်သွားကြ၍ ဘေဘီလုံဘုရင်သည် ဇေဒကိမင်းကြီးကို စီရင်ချက်ချလေ၏။
39:6 ဘေဘီလုံဘုရင်သည် ရိဗလမြို့၌ ဇေဒကိမင်းကြီး၏သားတို့ကို ဇေဒကိမင်းကြီး၏ရှေ့မှောက်တွင်ပင် သတ်၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်း သတ်လေ၏။
39:7 ဇေဒကိမင်းကြီး၏မျက်လုံးများကိုလည်း ဖောက်ထုတ်ပြီး သူ့ကို ကြေးနီခြေချင်းခတ်လျက် ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွား၏။
39:8 ခါလဒဲစစ်သည်တို့သည် ဘုရင့်နန်းတော်နှင့် လူနေအိမ်တို့ကိုမီးရှို့ပြီး ဂျေရုဆလင်မြို့ရိုးကိုလည်း ဖြိုဖျက်ကြ၏။
39:9 ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှကြွင်းကျန်သူများ၊ သူ့ထံခိုလှုံလာသူများ၊ အသက်ရှင်ကျန်ရစ်သူများကို ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားလေ၏။
39:10 သို့သော် ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဘာမျှမရှိသောဆင်းရဲသားတို့ကို ယုဒပြည်၌ထားခဲ့၍ သူတို့အား စပျစ်ခြံနှင့်လယ်ယာမြေတို့ကို ပေးလေ၏။
39:11 ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယေရမိနှင့်ပတ်သက်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အား
39:12 “ယေရမိကို ခေါ်ထုတ်၍ ကောင်းမွန်စွာကြည့်ရှုလော့။ သူ့ကို အန္တရာယ်မပြုနှင့်။ သူပြောသည့်အတိုင်း ပြုပေးလော့”ဟု မိန့်မှာလေ၏။
39:13 သို့ဖြစ်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ရာဗသာရိပ်နေဗုရှာဇဗန်၊ ရာမက်နေရဂါလရှရေဇာနှင့် ဘေဘီလုံဘုရင်၏မှူးမတ်အပေါင်းတို့ကို စေလွှတ်၍
39:14 သူတို့သည် ယေရမိကို ထောင်ဝင်းထဲမှ ထုတ်ယူပြီးလျှင် ရှာဖန်၏မြေး၊ အဟိကံ၏သား ဂေဒလိထံသို့ သူ့ကိုအပ်၍ အိမ်သို့ပြန်ပို့စေ၏။ ဤသို့ဖြင့် ယေရမိသည် မိမိလူမျိုးတို့နှင့်အတူ နေထိုင်ရလေ၏။
39:15 ထောင်ဝင်းထဲ၌ ယေရမိအကျဉ်းချခံရစဉ် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် သူ့ထံသို့ရောက်လာ၍
39:16 “သင်သည် အီသီယိုးပီးယားလူမျိုး ဧဗဒမေလက်ထံသို့သွားပြီးလျှင် ‘အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ဤမြို့ကို ကောင်းစားစေမည်မဟုတ်၊ ဘေးအန္တရာယ်ကျရောက်စေမည်ဟူသော ငါ့နှုတ်ထွက်စကားတို့ကို ပြည့်စုံစေမည်။ ထိုနေ့ရောက်သောအခါ ဤအမှုအရာတို့သည် သင့်မျက်စိရှေ့တွင်ပင် ဖြစ်ပျက်လိမ့်မည်ဟု မိန့်တော်မူ၏။
39:17 ထာဝရဘုရားက ထိုနေ့၌ သင့်ကို ငါကယ်နုတ်မည်။ သင်ကြောက်သောသူတို့လက်သို့ သင်မရောက်ရ။
39:18 သင်သည် ငါ့ကို ယုံကြည်ကိုးစားသောကြောင့် အကယ်စင်စစ် သင့်ကို ငါလွတ်မြောက်စေမည်။ သင်သည် ဓားဘေးဖြင့် မကျဆုံးရ။ သင့်အသက်ကို တိုက်ယူသောပစ္စည်းကဲ့သို့ဖြစ်စေမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။