Jeremiah 43
43:1 သူတို့၏ဘုရားသခင်ထာဝရဘုရားက ယေရမိကိုစေလွှတ်၍ဆင့်ဆိုစေသော သူတို့၏ဘုရားသခင်ထာဝရဘုရား၏စကားအလုံးစုံကို လူအပေါင်းတို့အား ယေရမိဆင့်ဆိုပြီးသောအခါ
43:2 ဟောရှာယ၏သားအာဇရိ၊ ကာရာ၏သားယောဟနန်မှစ၍ မာနထောင်လွှားသောသူအပေါင်းတို့က ယေရမိအား “သင်သည် မုသားစကားကို ပြောပြီ။ ငါတို့၏ဘုရားသခင်ထာဝရဘုရားသည် ငါတို့ကို ‘အီဂျစ်ပြည်သို့ မသွားရောက်၊ မနေထိုင်ရ’ဟု သင့်ကို ဆင့်ဆိုစေသည်မဟုတ်။
43:3 ငါတို့ကို ခါလဒဲလူမျိုးတို့လက်သို့အပ်နှံ၍ ဘေဘီလုံမြို့သို့ ဖမ်းခေါ်သွားရန်၊ သို့မဟုတ် သတ်ပစ်ရန် သင့်ကို နေရိ၏သားဗာရုတ်က နှိုးဆော်လေပြီ”ဟု ဆိုကြ၏။
43:4 ဤသို့ဖြင့် ကာရာ၏သားယောဟနန်နှင့်တကွ စစ်သည်အကြီးအကဲများနှင့် ပြည်သူပြည်သားအားလုံးတို့သည် ယုဒပြည်၌ နေထိုင်ရမည်ဟူသော ထာဝရဘုရား၏စကားတော်ကို မနာခံကြ။
43:5 ထို့ပြင် ယုဒပြည်၌နေထိုင်ရန် နှင်ထုတ်ခံရရာအတိုင်းတိုင်းအပြည်ပြည်မှပြန်လာကြသော ယုဒအမျိုးအကြွင်းအကျန်တို့ကို ကာရာ၏သားယောဟနန်နှင့် စစ်သည်အကြီးအကဲတို့သည် ခေါ်ဆောင်သွားကြ၏။
43:6 ရှာဖန်၏မြေး၊ အဟိကံ၏သားဂေဒလိထံ ကိုယ်ရံတော်မှူးနေဗုဇာရဒန် အပ်နှံထားခဲ့သော ယောက်ျား၊ မိန်းမ၊ ကလေး၊ ဘုရင့်သမီးတော်တို့နှင့်တကွ လူအပေါင်းတို့ကိုလည်း ခေါ်ဆောင်သွားကြ၏။ ပရောဖက်ယေရမိနှင့် နေရိ၏သားဗာရုတ်ကိုလည်း ခေါ်ဆောင်သွားလေ၏။
43:7 ဤသို့ဖြင့် သူတို့သည် ထာဝရဘုရား၏စကားတော်ကိုမနာခံဘဲ အီဂျစ်ပြည်သို့ထွက်သွား၍ တာပနက်မြို့တိုင်အောင် ရောက်သွားကြ၏။
43:8 တာပနက်မြို့တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
43:9 “ယုဒအမျိုးသားတို့မျက်စိရှေ့တွင် ကျောက်တုံးကြီးတို့ကိုယူ၍ တာပနက်မြို့ရှိ ဖာရောမင်းကြီး၏နန်းတော်အဝင်ဝ အုတ်ဖိုမြေ၌ မြှုပ်ထားရမည်။
43:10 ထို့နောက် သူတို့အား ‘အစ္စရေးလူမျိုးတို့၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက ကြည့်ရှုလော့။ ငါ၏အစေအပါးဘေဘီလုံဘုရင် နေဗုခဒ်နေဇာကို ငါစေလွှတ်မည်။ ယေရမိအား ငါမြှုပ်စေခဲ့သောကျောက်တုံးများပေါ်တွင် ထိုဘုရင်၏ရာဇပလ္လင်ကို ငါတည်မည်။ သူသည်လည်း ယာယီစံနန်းကို တည်လိမ့်မည်။
43:11 သူသည် ရောက်လာ၍ အီဂျစ်ပြည်ကို တိုက်ခိုက်လိမ့်မည်။ သေဘေးသင့်သောသူတို့အား သေခြင်းသို့လည်းကောင်း၊ ဖမ်းခေါ်သွားခြင်းဘေးသင့်သောသူတို့အား ဖမ်းခေါ်သွားခြင်းသို့လည်းကောင်း၊ ဓားဘေးသင့်သောသူတို့အား ဓားဘေးသို့လည်းကောင်း အပ်လိမ့်မည်။
43:12 ငါသည် အီဂျစ်နတ်ဘုရားကျောင်းများကို မီးရှို့မည်။ ဘေဘီလုံဘုရင်သည်လည်း ထိုနတ်ဘုရားကျောင်းတို့ကိုမီးရှို့၍ နတ်ဘုရားတို့ကို သိမ်းယူသွားလိမ့်မည်။ သိုးထိန်းသည် အဝတ်ဖြင့် မိမိကိုယ်ကို ပတ်စည်းသကဲ့သို့ ထိုဘုရင်သည်လည်း အီဂျစ်ပြည်ဖြင့် မိမိကိုယ်ကိုပတ်စည်းလိမ့်မည်။ ထိုပြည်မှ သာသာယာယာထွက်သွားလိမ့်မည်။
43:13 အီဂျစ်ပြည်ရှိ ဗက်ရှေမက်မြို့၏အထွတ်အမြတ်ကျောက်တိုင်တို့ကိုလည်း ချိုးဖျက်လိမ့်မည်။ အီဂျစ်နတ်ဘုရားကျောင်းများကိုလည်း မီးရှို့လိမ့်မည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။