Jeremiah 7
7:1 ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ယေရမိထံသို့ ရောက်လာ၍
7:2 “သင်သည် ထာဝရဘုရား၏အိမ်တော်တံခါးဝ၌ ရပ်လျက် ‘ထာဝရဘုရားအား ရှိခိုးကိုးကွယ်ရန် ဤတံခါးကိုဖြတ်၍ ဝင်လာသော ယုဒလူမျိုးအပေါင်းတို့၊ ထာဝရဘုရား၏စကားတော်ကိုနားထောင်ကြလော့’ဟူသော ဤသတင်းစကားကို ကြေညာလော့”ဟု မိန့်ဆို၏။
7:3 အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့၏အပြုအမူအကျင့်အကြံတို့ကို ပြုပြင်ကြလော့။ သို့ပြုလျှင် ငါသည် သင်တို့ကို ဤအရပ်၌ နေထိုင်စေမည်။
7:4 ‘ဤသည်ကား ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်၊ ထာဝရဘုရား၏ဗိမာန်တော်ဖြစ်သည်’ဟု ဆိုတတ်သောသူတို့၏မုသားစကားကို သင်တို့မယုံကြနှင့်။
7:5 သင်တို့၏အပြုအမူအကျင့်အကြံတို့ကို အမှန်ပြုပြင်လျှင်၊ သင်တို့သည် အိမ်နီးချင်းအချင်းချင်းကြား တရားမျှတစွာစီရင်လျှင်၊
7:6 ဧည့်သည်၊ ဖတဆိုး၊ မုဆိုးမတို့ကိုမနှိပ်စက်၊ အပြစ်မဲ့သူ၏အသက်ကို ဤအရပ်၌ မသတ်၊ ကိုယ့်ကိုဒုက္ခပေးမည့် အခြားဘုရားများနောက်သို့မလိုက်ဘဲနေလျှင်
7:7 သင်တို့ဘိုးဘေးတို့အား ငါအပိုင်ပေးသော ဤပြည်၊ ဤအရပ်၌ သင်တို့ကို နေထိုင်စေမည်”ဟု မိန့်တော်မူ၏။
7:8 “ကြည့်ရှုလော့။ သင်တို့သည် အကျိုးမရှိသော မုသားစကားကို ယုံကြ၏။
7:9 သင်တို့သည် ခိုးလျက်၊ လူသတ်လျက်၊ အိမ်ထောင်ရေးဖောက်ပြန်လျက်၊ မဟုတ်မမှန်ကျိန်ဆိုလျက်၊ ဗာလဘုရားအား နံ့သာပေါင်းမီးရှို့ပူဇော်လျက်၊ သင်တို့မသိသောအခြားဘုရားများနောက်သို့လိုက်လျက်နှင့်
7:10 ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်တွင် ငါ့ရှေ့၌ လာ၍ရပ်ပြီးလျှင် ‘ငါတို့အပြစ်လွတ်ပြီ။ ဤစက်ဆုပ်ရွံရှာဖွယ်အားလုံးကို ဆက်လက်ပြုနိုင်ပြီ’ဟု သင်တို့ဆိုကြမည်လော။
7:11 ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော ဤအိမ်တော်ကို ဓားပြခိုအောင်းရာဖြစ်သည်ဟု သင်တို့ထင်ကြသလော။ သင်တို့ပြုသောအမှုကို ငါမြင်ပြီ”ဟု ထာဝရဘုရားမိန့်တော်မူ၏။
7:12 “ငါ၏နာမတော် အဦးဆုံးတည်ရာ ရှိလောအရပ်ရှိ ငါကိန်းဝပ်ရာအရပ်သို့ ယခုသွားကြလော့။ ငါ့လူမျိုးတော်ဖြစ်သည့် အစ္စရေးလူမျိုး၏ဆိုးညစ်မှုကြောင့် ထိုအရပ်ကို ငါမည်သို့ပြုခဲ့သည်ကို ကြည့်ကြလော့။
7:13 သင်တို့သည် ထိုအမှုအလုံးစုံတို့ကို ပြုကြသောကြောင့် သင်တို့ကို ငါအကြိမ်ကြိမ်သတိပေး၏။ သို့သော် သင်တို့နားမထောင်ကြ။ ငါခေါ်သော်လည်း သင်တို့မထူးကြ။
7:14 သို့ဖြစ်၍ သင်တို့ယုံကြည်ကိုးစားရာဖြစ်သည့် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်ကိုလည်းကောင်း၊ သင်တို့နှင့်သင်တို့ဘိုးဘေးတို့အား ငါပေးသောပြည်ကိုလည်းကောင်း ရှိလောအရပ်၌ ပြုခဲ့သည့်နည်းတူ ငါပြုမည်။
7:15 ငါသည် သင်တို့ညီအစ်ကိုဖြစ်သော ဧဖရိမ်၏သားစဉ်မြေးဆက်ရှိသမျှကို နှင်ထုတ်သကဲ့သို့ သင်တို့ကို ငါ့ရှေ့မှောက်မှနှင်ထုတ်မည်”ဟု ထာဝရဘုရားမိန့်တော်မူ၏။
7:16 “သင်သည်လည်း ဤလူမျိုးအတွက် အသနားမခံနှင့်။ သူတို့အတွက် ဟစ်ကြော်ခြင်း၊ ဆုတောင်းခြင်းကိုမပြုနှင့်။ ကြားဝင်စေ့စပ်ခြင်းမပြုနှင့်။ သင်၏စကားကို ငါနားထောင်မည်မဟုတ်။
7:17 သူတို့သည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်၌ မည်သို့ပြုကြသည်ကို သင်မမြင်သလော။
7:18 ကောင်းကင်မိဖုရားထံ မုန့်ပူဇော်ရန် သားသမီးတို့က ထင်းကောက်ကြ၏။ ဖခင်တို့က မီးမွှေးကြ၏။ မိခင်တို့က မုန့်နယ်ကြ၏။ သူတို့သည် အခြားသောဘုရားများရှေ့၌ သွန်းလောင်းရာပူဇော်သက္ကာကို သွန်းလောင်းခြင်းဖြင့်လည်း ငါ့ကိုအမျက်ထွက်စေကြ၏။
7:19 ဤသို့ပြုခြင်းမှာ ငါ့ကို အမျက်ထွက်စေသည်မဟုတ်ဘဲ သူတို့ကိုယ်တိုင် ကိုယ့်ကိုယ်ကိုယ် အရှက်ခွဲကြသည်မဟုတ်လော”ဟု ထာဝရဘုရားမိန့်တော်မူ၏။
7:20 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက “ကြည့်ရှုလော့။ ငါ့အမျက်ဒေါသသည် ဤအရပ်နှင့်တကွ လူ၊ တိရစ္ဆာန်၊ ကွင်းပြင်ရှိသစ်ပင်၊ မြေအသီးအနှံတို့အပေါ် သွန်ချမည်။ ငါ၏ဒေါသသည် မငြိမ်းဘဲတောက်လောင်လိမ့်မည်”ဟု မိန့်တော်မူ၏။
7:21 အစ္စရေးလူမျိုး၏ဘုရားသခင် ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရားက “သင်တို့ပူဇော်သောယဇ်တို့တွင် မီးရှို့ရာယဇ်ကို ပေါင်းထည့်လော့။ အသားကို စားကြလော့။
7:22 အကြောင်းမူကား သင်တို့၏ဘိုးဘေးတို့အား အီဂျစ်ပြည်မှ ငါထုတ်ဆောင်ခဲ့စဉ်က မီးရှို့ရာယဇ်အကြောင်း၊ ယဇ်ပူဇော်ခြင်းအကြောင်းကို သူတို့အား ငါမဆင့်ဆို၊ မမိန့်မှာခဲ့။
7:23 သို့သော် သူတို့အား ‘ငါ့စကားကို နားထောင်ကြလော့။ ငါသည် သင်တို့၏ဘုရားဖြစ်မည်။ သင်တို့သည်လည်း ငါ၏လူမျိုးတော်ဖြစ်မည်။ ငါပညတ်သောနည်းလမ်းရှိသမျှတို့ကို သင်တို့လိုက်လျှောက်လျှင် သင်တို့ကောင်းစားကြရမည်’ ဟူသောစကားကိုကား ငါမိန့်မှာခဲ့၏။
7:24 သို့သော် သူတို့ နားမထောင်ကြ။ ဂရုမစိုက်ကြ။ သူတို့၏အကျင့်အကြံ၊ သူတို့၏ဆိုးညစ်မာကျောသောစိတ်သဘောအတိုင်း လိုက်လျှောက်ကြ၏။ ရှေ့မတိုးဘဲ နောက်ဆုတ်သွားကြ၏။
7:25 အီဂျစ်ပြည်မှ သင်တို့၏ဘိုးဘေးများထွက်လာသည့်နေ့မှစ၍ ယနေ့တိုင်အောင် ငါသည် ငါ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ထံသို့ အကြိမ်ကြိမ်စေလွှတ်ခဲ့၏။
7:26 သို့သော် သူတို့သည် ငါ့စကားကို နားမထောင်ကြ၊ ဂရုမစိုက်ကြ၊ ခေါင်းမာ ကြ၏။ သူတို့၏ဘိုးဘေးတို့ထက် သာ၍ဆိုးညစ်ကြ၏။
7:27 ထို့ကြောင့် သင်သည် ဤစကားအလုံးစုံတို့ကို သူတို့အား ပြောပြရမည်။ သို့သော် သူတို့နားထောင်မည်မဟုတ်။ သင်ခေါ်သော်လည်း သူတို့ထူးမည်မဟုတ်။
7:28 သင်က သူတို့အား ‘ဤလူမျိုးသည် သူတို့၏ဘုရားသခင် ထာဝရဘုရား၏စကားကို နားမထောင်ကြ။ ဆုံးမပဲ့ပြင်ခြင်းကိုမခံယူကြ။ သစ္စာပျက်သောလူမျိုး၊ ဟုတ်မှန်ရာကိုမပြောသောလူမျိုးဖြစ်လေပြီ။
7:29 သင်တို့၏ဆံပင်ကိုရိတ်၍ လွှင့်ပစ်လော့။ တောင်ကတုံးများပေါ်၌ မြည်တမ်းခြင်းပြုကြလော့။ အကြောင်းမူကား ထာဝရဘုရားသည် အမျက်တော်ခံထိုက်သောမျိုးဆက်ကို ပယ်တော်မူပြီ၊ စွန့်ပစ်တော်မူပြီ’ဟူ၍ ပြောကြားရမည်”ဟု မိန့်တော်မူ၏။
7:30 ထာဝရဘုရားက “အကယ်စင်စစ် ယုဒအမျိုးသားတို့သည် ငါ့ရှေ့၌ မကောင်းမှုကိုပြုကြပြီ။ သူတို့သည် ငါ့နာမဖြင့်ခေါ်ဝေါ်သမုတ်သော အိမ်တော်၌ ရွံရှာဖွယ်ရုပ်တုများကိုထား၍ ညစ်ညူးစေကြပြီ။
7:31 ငါမမိန့်မှာခဲ့၊ စိတ်ပင်မကူးခဲ့ဘဲလျက် သူတို့သည် သားသမီးများကို မီးရှို့ပူဇော်ရန် ဗင်ဟိန္နုံချိုင့်ဝှမ်းရှိ တောဖက်ဟူသောနေရာတွင် အထွတ်အမြတ်ထားရာကုန်းမြင့်များကို တည်ကြပြီ”ဟု မိန့်တော်မူ၏။
7:32 သို့ဖြစ်၍ ထာဝရဘုရားက “ထိုအရပ်ကို တောဖက်အရပ်ဟူ၍လည်းကောင်း၊ ဟိန္နုံချိုင့်ဝှမ်းဟူ၍လည်းကောင်း မခေါ်တော့ဘဲ ကွပ်မျက်ရာချိုင့်ဝှမ်းဟု ခေါ်ရသောနေ့ရက်ရောက်လာလိမ့်မည်။ အကြောင်းမူကား တောဖက်အရပ်၌ နေရာလပ်မရှိတော့သည့်တိုင်အောင် လူသေကောင်များ များပြားလိမ့်မည်။
7:33 ဤလူမျိုးအသေကောင်တို့ကို မိုးကောင်းကင်ရှိငှက်များ၊ မြေကြီးပေါ်ရှိတိရစ္ဆာန်များသည် ခြောက်လှန့်မည့်သူမရှိဘဲ စားကြလိမ့်မည်။
7:34 ငါသည် ယုဒမြို့များ၊ ဂျေရုဆလင်မြို့ရှိလမ်းများပေါ်မှ ရွှင်မြူးခြင်းအသံ၊ ဝမ်းမြောက်ခြင်းအသံ၊ သတို့သားအသံ၊ သတို့သမီးအသံတို့ကို ရပ်စဲစေမည်။ သို့ဖြစ်၍ ထိုပြည်သည်လည်း ဆိတ်ညံရာအရပ်ဖြစ်လိမ့်မည်”ဟု မိန့်တော်မူ၏။