Lamentations 3
3:1 ငါသည် ကိုယ်တော်၏အမျက်တော်ကြိမ်လုံးကြောင့် ဖိစီးနှိပ်စက်မှုကို ကြုံတွေ့ခဲ့ရသောသူဖြစ်ပါ၏။
3:2 ကိုယ်တော်သည် ငါ့ကိုနှင်ထုတ်တော်မူပြီ။ အလင်းမရှိသော မှောင်မိုက်၌ သွားလာစေတော်မူပြီ။
3:3 စင်စစ် ကိုယ်တော်သည် လက်ကိုဆန့်၍ ငါ့ကို တစ်နေ့လုံး အကြိမ်ကြိမ်ဆုံးမတော်မူပြီ။
3:4 ကိုယ်တော်သည် ငါ၏အသားအရေကို ရွတ်တွစေတော်မူပြီ။ ငါ၏အရိုးတို့ကို ချိုးတော်မူပြီ။
3:5 ငါ့ကို ဝန်းရံတိုက်ခိုက်တော်မူပြီ။ ခါးသီးမှု၊ ခက်ခဲမှုဖြင့် ဝိုင်းထားတော်မူပြီ။
3:6 ကာလကြာမြင့်စွာကသေဆုံးသွားသူကဲ့သို့ ငါ့ကိုမှောင်မိုက်သောအရပ်ထဲ၌နေစေတော်မူပြီ။
3:7 ငါမထွက်သွားနိုင်အောင် ကြေးနီကြိုးဖြင့်ချုပ်နှောင်၍ ပိတ်လှောင်ထားပြီ။
3:8 ငါအကူအညီအော်ဟစ်တောင်းခံသော်လည်း ငါ၏ဆုတောင်းချက်ကို နားညောင်းတော်မမူ။
3:9 ငါသွားသောလမ်းကို ကျောက်နံရံဖြင့် ပိတ်ထားပြီး လမ်းခရီးကို ကွေ့ကောက်စေတော်မူပြီ။
3:10 ကိုယ်တော်သည် ငါ့ကို ချောင်းမြောင်းနေသောဝက်ဝံ၊ ကွယ်ရာ၌ပုန်းနေသောခြင်္သေ့ကဲ့သို့ ဖြစ်စေတော်မူပြီ။
3:11 ငါ့ကို လမ်းလွဲစေ၍ အပိုင်းပိုင်းဆွဲဖြတ်တော်မူပြီ။ ငါ့ကို အထီးကျန်စေတော်မူပြီ။
3:12 ကိုယ်တော်သည် လေးကိုတင်ပြီး ငါ့ကိုပစ်မှတ်ထား၍ မြားဖြင့်ချိန်ရွယ်တော်မူပြီ။
3:13 ကိုယ်တော်၏မြားတို့သည် ငါ့နှလုံးသားကို ထိုးဖောက်လေပြီ။
3:14 ငါသည် ငါ့လူမျိုးတို့တွင် နေ့စဉ် ပြက်ရယ်ပြုစရာ၊ သီချင်းဆိုစရာ ဖြစ်လေပြီ။
3:15 ကိုယ်တော်သည် ငါ့ကို ခါးသောဟင်းရွက်ဖြင့် ဝအီစေတော်မူပြီ။ ဒေါနရည်ဖြင့် မူးစေတော်မူပြီ။
3:16 ငါ့သွားတို့ကို ကျောက်စရစ်များဖြင့် ကျိုးစေတော်မူပြီ။ ငါ့ကို ပြာပုံထဲတွင် လူးစေတော်မူပြီ။
3:17 ငါ့စိတ်ဝိညာဉ်သည် ငြိမ်သက်ခြင်းကင်းလျက် ကောင်းစားခြင်းကိုလည်း မေ့လျော့လေပြီ။
3:18 သို့ဖြစ်၍ “ငါ့ခွန်အား ကုန်ခန်းပြီ။ ထာဝရဘုရားထံတော်မှ ငါ့မျှော်လင့်ခြင်း ကုန်ဆုံးပြီ”ဟု ငါဆိုရ၏။
3:19 အကျွန်ုပ်ခံရသောဖိစီးနှိပ်စက်မှု၊ ဆင်းရဲဒုက္ခတို့ကို သတိရတော်မူပါ။ အကျွန်ုပ်သောက်ရသော ဒေါနရည်၊ အဆိပ်ရည်တို့ကိုလည်း သတိရတော်မူပါ။
3:20 ထိုအရာတို့ကို အမြဲတမ်းအမှတ်ရလျက် ငါ့စိတ်ဝိညာဉ်သည် ညှိုးငယ်ရပါပြီ။
3:21 သို့သော် ပြန်၍ဆင်ခြင်ကြည့်သောအခါ ငါ၌ မျှော်လင့်ချက်ရှိလာပါပြီ။
3:22 ထာဝရဘုရား၏မေတ္တာကရုဏာတော်ကြောင့် ငါတို့သည် ပျက်စီးခြင်းသို့မရောက်ပါ။ ကိုယ်တော်၏သနားစုံမက်ခြင်းသည်လည်း အဆုံးမရှိပါ။
3:23 နံနက်တိုင်း ကရုဏာတော်အသစ်ကို ခံစားရပါ၏။ သစ္စာတော်သည် ကြီးမြတ်တော်မူပါ၏။
3:24 “ထာဝရဘုရားသည် ငါ၏ဝေစုဖြစ်တော်မူ၏”ဟု ငါ့စိတ်ထဲ၌ဆိုလျက် ကိုယ်တော်ကို မျှော်လင့်ကိုးစားပါမည်။
3:25 ထာဝရဘုရားကို စောင့်မျှော်သောသူ၊ ထာဝရဘုရားကို ရှာသောသူကို ကိုယ်တော်ကောင်းစားစေတော်မူပါ၏။
3:26 ထာဝရဘုရား၏ကယ်တင်ခြင်းကို ငြိမ်ဝပ်စွာမျှော်လင့်စောင့်စားသောသူသည် ကောင်းကျိုးကို ခံစားရ၏။
3:27 လူသည် ငယ်ရွယ်စဉ်အခါ ထမ်းပိုးထမ်းသည်မှာ ကောင်းပေ၏။
3:28 သူ့အပေါ် ထမ်းပိုးကို တင်တော်မူသည်ဖြစ်၍ သူသည် တစ်ယောက်တည်း ငြိမ်ဝပ်စွာထိုင်နေစေ။
3:29 မျှော်လင့်ချက်ရှိကောင်းရှိနိုင်သည်ဖြစ်၍ သူသည် မျက်နှာကို မြေမှုန့်၌အပ်ပါစေ။
3:30 ရိုက်လိုသောသူအား ပါးကိုလှည့်ပေး၍ ကဲ့ရဲ့ပြစ်တင်သမျှကိုခံပါစေ။
3:31 အကြောင်းမူကား ဘုရားရှင်သည် အစဉ်စွန့်ပစ်တော်မူမည်မဟုတ်။
3:32 ဝမ်းနည်းကြေကွဲစေတော်မူသော်လည်း မေတ္တာကရုဏာကြီးမားတော်မူသည်နှင့်အညီ သနားစုံမက်တော်မူလိမ့်မည်။
3:33 ကိုယ်တော်သည် လူသားတို့ကို ဒုက္ခဝေဒနာခံစားစေလိုသောသဘော၊ ဝမ်းနည်းကြေကွဲစေလိုသောသဘောရှိတော်မမူ။
3:34 မြေကြီးပေါ်ရှိ အကျဉ်းသားတို့ကို နှိပ်ကွပ်ခြင်း၊
3:35 အမြင့်ဆုံးသောအရှင်ရှေ့မှောက်တွင် မတရားသဖြင့်စီရင်ခြင်း၊
3:36 အမှုကိစ္စများကို တရားမျှတစွာမစီရင်ခြင်း စသည်တို့ကို ဘုရားရှင် နှစ်သက်တော်မမူ။
3:37 ဘုရားရှင် မမိန့်မှာဘဲ မည်သူသည် နှုတ်မြွက်သည့်အတိုင်း ဖြစ်လာတတ်သနည်း။
3:38 အမြင့်ဆုံးသောအရှင် နှုတ်မြွက်သည့်အတိုင်း အကောင်း၊ အဆိုး ဖြစ်လာတတ်သည်မဟုတ်လော။
3:39 လူ၊ အသက်ရှင်သောလူသည် အဘယ်ကြောင့် မိမိအပြစ်အတွက် စောဒကတက်ရသနည်း။
3:40 ကိုယ့်အကျင့်အကြံများကို ဆင်ခြင်သုံးသပ်၍ ထာဝရဘုရားထံ ပြန်လှည့်ကြစို့။
3:41 ကောင်းကင်ဘုံရှိ ထာဝရဘုရားထံ ငါတို့စိတ်နှလုံးပါလျက် လက်ကို ချီကြစို့။
3:42 ငါတို့ အပြစ်ကျူးလွန်မိပြီ၊ ပုန်ကန်မိပြီ။ ကိုယ်တော်သည် ငါတို့ကို ခွင့်လွှတ်တော်မမူ။
3:43 ပြင်းစွာအမျက်ထွက်လျက် ငါတို့ကို လိုက်၍ မညှာမတာကွပ်မျက်တော်မူပြီ။
3:44 အထံတော်သို့ ငါတို့ဆုတောင်းသံမရောက်အောင် ကိုယ်တော်သည် ကိုယ့်ကိုယ်ကိုယ် တိမ်တိုက်ဖြင့် ကာထားတော်မူပြီ။
3:45 ကိုယ်တော်သည် ငါတို့ကို လူမျိုးတကာအလယ်တွင် အညစ်အကြေး၊ အမှိုက်သရိုက် ဖြစ်စေတော်မူပြီ။
3:46 ရန်သူအပေါင်းတို့သည် ငါတို့ကိုဆန့်ကျင်ပြောဆိုကြပါပြီ။
3:47 ငါတို့သည် ကြောက်မက်ဖွယ်ဘေးနှင့် ကြုံရပြီ။ မြေတွင်းထဲသို့ ကျလေပြီ ။ အထီးကျန်ခြင်း၊ ပျက်စီးခြင်းသို့ရောက်ပါပြီ။
3:48 ငါ့လူမျိုးသမီးပျို ပျက်စီးသောကြောင့် ငါ့မျက်စိမှ မျက်ရည်ချောင်းစီးရလေပြီ။
3:49 ကောင်းကင်ဘုံမှ ထာဝရဘုရား ငုံ့ကြည့်၍ မြင်တော်မမူမချင်း ငါ့မျက်ရည်သည် မပြတ်မစဲစီးဆင်းလေပြီ။
3:51 မြို့သမီးပျိုအပေါင်းတို့၏အဖြစ်ကို မြင်ရသောကြောင့် ငါ့စိတ်နှလုံးကြေကွဲရပြီ။
3:52 ရန်သူတို့သည် အကြောင်းမရှိဘဲ ငါ့ကို ငှက်ကဲ့သို့ လိုက်ဖမ်းကြပါ၏။
3:53 ငါ့ကို မြေတွင်းထဲပစ်ချပြီး သေကြောင်းကြံကြပြီ။ ကျောက်တုံးဖြင့် ပစ်ပေါက်ကြပြီ။
3:54 ရေသည် ငါ့ဦးခေါင်းအထိ လွှမ်းမိုးလာသဖြင့် “ငါသေရတော့မည်”ဟု ငါဆိုမိပြီ။
3:55 အို ထာဝရဘုရား၊ အကျွန်ုပ်သည် တွင်းနက်ထဲမှနေ၍ ကိုယ်တော်၏နာမတော်ကို ဟစ်ခေါ်ပါ၏။
3:56 အကျွန်ုပ်အသံကို ကိုယ်တော်ကြားတော်မူပါပြီ။ “အကျွန်ုပ်အကူအညီအော်ဟစ်တောင်းဆိုသောအခါ နားတော်ကို ပိတ်ထားတော်မမူပါနှင့်။”
3:57 အကျွန်ုပ်ဆုတောင်းသောအခါ ကိုယ်တော်သည် အနားသို့လာ၍ “မကြောက်နှင့်”ဟု မိန့်တော်မူ၏။
3:58 အို ထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏အမှုကိစ္စကို ရင်ဆိုင်ဖြေရှင်းပေး၍ အကျွန်ုပ်၏အသက်ကို ရွေးနုတ်တော်မူပါပြီ။
3:59 အို ထာဝရဘုရား၊ အကျွန်ုပ် မတရားသဖြင့်ခံရသည်ကို ကိုယ်တော်မြင်တော်မူပါပြီ။ အကျွန်ုပ်အမှုကို စီရင်တော်မူပါ။
3:60 အကျွန်ုပ်ကို အဘယ်မျှလောက် အငြိုးထား၍ အဘယ်မျှလောက် မကောင်းကြံစည်နေသည်ကို ကိုယ်တော်သိတော်မူပါပြီ။
3:61 အို ထာဝရဘုရား၊ သူတို့၏ကဲ့ရဲ့ပြစ်တင်ခြင်း၊ မကောင်းကြံစည်ခြင်းအလုံးစုံကို ကိုယ်တော် ကြားသိတော်မူပါပြီ။
3:62 အကျွန်ုပ်ကို ရန်ပြုသောသူတို့သည် တစ်နေ့လုံး တီးတိုးပြောဆို၍ အကျွန်ုပ်ကို မကောင်းကြံစည်ကြပါ၏။
3:63 ကြည့်ရှုတော်မူပါ။ သူတို့ထိုင်လေရာ၊ ထလေရာ၌ အကျွန်ုပ်အကြောင်းကိုသာ လှောင်ပြောင်သီဆိုကြပါ၏။
3:64 အို ထာဝရဘုရား၊ သူတို့ပြုသောအမှုအတိုင်း အကျိုးအပြစ်ကို ပြန်ဆပ်ပေးတော်မူပါ။
3:65 သူတို့၏စိတ်နှလုံးကို မာကျောစေတော်မူပါ။ ကျိန်ခြင်းအမင်္ဂလာသည် သူတို့အပေါ်သက်ရောက်ပါစေ။
3:66 အမျက်ထွက်လျက် သူတို့ကို လိုက်တော်မူပါ။ ထာဝရဘုရားပိုင်တော်မူသောကောင်းကင်အောက်မှ သူတို့ကို သုတ်သင်ဖယ်ရှင်းတော်မူပါ။