Lamentations 5
5:1 အို ထာဝရဘုရား၊ အကျွန်ုပ်တို့ မည်သို့ဖြစ်ခဲ့သည်ကို အောက်မေ့တော်မူပါ။ အကျွန်ုပ်တို့ ခံရသောကဲ့ရဲ့ပြစ်တင်ခြင်းကို ကြည့်တော်မူပါ။ မြင်တော်မူပါ။
5:2 အကျွန်ုပ်တို့ အမွေမြေသည် သူစိမ်းလက်သို့ ရောက်လေပြီ။ အကျွန်ုပ်တို့ နေအိမ်များသည် တစ်ပါးအမျိုးသားတို့လက်သို့ ရောက်လေပြီ။
5:3 အကျွန်ုပ်တို့သည် ဖခင်မရှိသော ဖတဆိုးများဖြစ်ကြပြီ။ မိခင်သည်လည်း မုဆိုးမ ဖြစ်ရလေပြီ။
5:4 အကျွန်ုပ်တို့သောက်သောရေသည် ငွေဖြင့် ဝယ်ရပါ၏။ ထင်းသည်လည်း အဖိုးအခပေးရပါ၏။
5:5 အကျွန်ုပ်တို့ကို လိုက်သောသူတို့သည် အကျွန်ုပ်တို့ လည်ကုတ်ပေါ် တက်စီးကြပါ၏။ အကျွန်ုပ်တို့ မနားရသောကြောင့် ပင်ပန်းလှပါ၏။
5:6 အစာရေစာအလုံအလောက်ရရှိဖို့ရန် အီဂျစ်ပြည်၊ အဆီးရီးယားပြည်တို့ထံ ခယတောင်းဆိုရပါပြီ။
5:7 အကျွန်ုပ်တို့ဘိုးဘေးတို့သည် အပြစ်ပြုပြီး သေဆုံးသွားကြပြီ။ သူတို့၏အပြစ်ဝန်ကို အကျွန်ုပ်တို့ ထမ်းရကြပါပြီ။
5:8 ကျွန်တို့သည် အကျွန်ုပ်တို့ကို အုပ်စိုးကြပါ၏။ သူတို့လက်မှ အကျွန်ုပ်တို့ကို ကယ်နုတ်မည့်သူမရှိပါ။
5:9 တောကန္တာရထဲ၌ရှိသော ဓားဘေးကြောင့် အကျွန်ုပ်တို့သည် အသက်ကိုရင်းပြီးမှ အစာကို ရပါ၏။
5:10 ငတ်မွတ်ခေါင်းပါးခြင်းဘေးဒဏ်ကြောင့် အကျွန်ုပ်တို့ အရေပြားသည် မီးဖိုမှမီးကဲ့သို့ ပူလောင်နေပါ၏။
5:11 သူတို့သည် ဇိအုန်မြို့သူများ၊ ယုဒမြို့ရွာတို့မှ အပျိုကညာတို့ကို အဓမ္မပြုကြပါပြီ။
5:12 မိမိတို့လက်ဖြင့် အကြီးအကဲတို့ကို ချိတ်ဆွဲထားကြပါ၏။ သက်ကြီးဝါကြီးတို့ကိုလည်း မလေးစားကြပါ။
5:13 လူပျိုတို့သည် ကြိတ်ဆုံကျောက်ကို ထမ်းရကြပြီ။ သူငယ်တို့သည် ထင်းပုံကြီးကို မနိုင်မနင်းထမ်းရကြပြီ။
5:14 မြို့တံခါးတို့၌ သက်ကြီးဝါကြီးတို့ မရှိကြတော့ပြီ။ လူပျိုတို့၏တီးမှုတ်သံလည်း ဆိတ်သုဉ်းသွားပြီ။
5:15 အကျွန်ုပ်တို့သည် စိတ်နှလုံးဝမ်းမြောက်ပျော်ရွှင်ခြင်း ကင်းလေပြီ။ ကခုန်ခြင်းအစား ငိုကြွေးမြည်တမ်းရလေပြီ။
5:16 အကျွန်ုပ်တို့ခေါင်းပေါ်မှ သရဖူသည် ပြုတ်ကျလေပြီ။ အကျွန်ုပ်တို့ပြုမိသောအပြစ်ကြောင့် ယခုမှာ အမင်္ဂလာဖြစ်လေပြီ။
5:17 ထိုအမှုကြောင့် အကျွန်ုပ်တို့၏စိတ်နှလုံးသည် ညှိုးငယ်လေပြီ။ ထိုအမှုများကြောင့် အကျွန်ုပ်တို့၏မျက်စိသည် မှုန်ဝါးလေပြီ။
5:18 ဇိအုန်တောင်ပေါ်၌ လူသူကင်းမဲ့သောကြောင့် တောခွေးတို့ သွားလာနေကြပါ၏။
5:19 အို ထာဝရဘုရား၊ ကိုယ်တော်သည် ထာဝရစိုးစံတော်မူပါ၏။ ကိုယ်တော်၏ပလ္လင်တော်သည် မျိုးဆက်အဆက်ဆက် တည်ပါ၏။
5:20 အကျွန်ုပ်တို့ကို အဘယ်ကြောင့် အစဉ်မေ့လျော့တော်မူပါသနည်း။ အဘယ်ကြောင့် အချိန်ကြာမြင့်စွာ စွန့်ပစ်တော်မူပါသနည်း။
5:21 အို ထာဝရဘုရား၊ အကျွန်ုပ်တို့ကို ကိုယ်တော့်ထံသို့ ပြန်လာစေတော်မူပါ။ သို့ပြုလျှင် အကျွန်ုပ်တို့ပြန်လာကြပါမည်။ ရှေးကာလကကဲ့သို့ အကျွန်ုပ်တို့၏နေ့ရက်များကို အသစ်ဖြစ်စေတော်မူပါ။
5:22 သို့မဟုတ် ကိုယ်တော်သည် အကျွန်ုပ်တို့ကို အမှန်ပင်စွန့်ပစ်တော်မူမည်လော။ ကျွန်ုပ်တို့ကို အမျက်ပြင်းစွာထွက်တော်မူမည်လော။