Ezekiel 12
12:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
12:2 “အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးတို့ကြားတွင် သင်နေရ၏။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် မျက်စိရှိလျက် မမြင်၊ နားရှိလျက် မကြားကြ။
12:3 အချင်းလူသား၊ သင်သည် သုံ့ပန်းကဲ့သို့ အထုပ်အပိုးကို ပြင်ဆင်လော့။ နေ့အချိန်၌ သူတို့မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။ သူတို့မျက်စိရှေ့တွင်ပင် တစ်နေရာမှတစ်နေရာသို့ သွားလာလော့။ သို့ပြုလျှင် သူတို့သည် ပုန်ကန်တတ်သောသဘောရှိသော်လည်း သတိပြုမိကောင်း ပြုမိကြပါလိမ့်မည်။
12:4 သုံ့ပန်းအထုပ်အပိုးကဲ့သို့ သင်ပြင်ဆင်ထားသောအထုပ်အပိုးများကို နေ့အချိန်၌ သူတို့၏မျက်စိရှေ့တွင်ပင် ထုတ်သွားလော့။ နေဝင်ချိန်၌ သူတို့၏မျက်စိရှေ့တွင်ပင် သုံ့ပန်းပါသွားသောသူကဲ့သို့ ထွက်သွားလော့။
12:5 သူတို့မျက်စိရှေ့တွင်ပင် နံရံကိုဖောက်ပြီး သင့်အထုပ်ကို ထုတ်သွားလော့။
12:6 သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကို သင့်ပခုံးပေါ်တွင်ထမ်း၍ အမှောင်ထဲသို့ထွက်သွားလော့။ ဘာမျှမမြင်ရအောင် မျက်နှာကိုဖုံးထားလော့။ ငါသည် သင့်ကို အစ္စရေးအမျိုးအနွယ်တို့အဖို့ နိမိတ်လက္ခဏာဖြစ်စေပြီ”ဟု မိန့်ဆို၏။
12:7 ထိုသို့ ငါ့အား မိန့်မှာတော်မူသည့်အတိုင်း ငါပြု၏။ နေ့အချိန်၌ သုံ့ပန်းပါသွားသောသူကဲ့သို့ အထုပ်အပိုးများကို ထုတ်သွားပြီး နေဝင်ချိန်၌ နံရံကိုဖောက်ကာ သူတို့မျက်စိရှေ့တွင်ပင် အထုပ်ကိုပခုံးပေါ်ထမ်း၍ အမှောင်ထဲသို့ ထွက်သွား၏။
12:8 ထို့နောက် နံနက်အချိန်၌ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
12:9 “အချင်းလူသား၊ ပုန်ကန်တတ်သောအမျိုးဖြစ်သော အစ္စရေးအမျိုးအနွယ်က သင့်အား ‘သင်ဘာလုပ်နေသနည်း’ဟု မမေးသလော။
12:10 ထိုသူတို့အား ‘ဘုရားရှင်ထာဝရဘုရားက ဤဗျာဒိတ်စကားသည် ဂျေရုဆလင်မြို့ကိုအုပ်စိုးသောမင်းမှစ၍ ထိုမြို့ရှိအစ္စရေးတစ်မျိုးနွယ်လုံးနှင့်ဆိုင်၏။
12:11 ငါသည် သင်တို့အဖို့ နိမိတ်လက္ခဏာဖြစ်၏။ ငါလုပ်ပြသည့်အတိုင်း သူတို့ကြုံတွေ့ရလိမ့်မည်။ သုံ့ပန်းအဖြစ် လိုက်သွားရလိမ့်မည်ဟူ၍ မိန့်တော်မူသည်’ဟု ပြောကြားလော့။
12:12 သူတို့ကိုအုပ်စိုးသောမင်းသည် အထုပ်ကိုပခုံးပေါ်တင်၍ အမှောင်ထဲသို့ ထွက်သွားရလိမ့်မည်။ နံရံကိုဖောက်၍ အထုပ်သယ်သွားရလိမ့်မည်။ မြေကိုမမြင်ရအောင် မျက်နှာကိုဖုံးထားရလိမ့်မည်။
12:13 ထိုမင်းကို ပိုက်ကွန်နှင့်အုပ်သဖြင့် သူသည် ပိုက်ကွန်၌မိလိမ့်မည်။ သူ့ကို ခါလဒဲပြည်၊ ဘေဘီလုံမြို့သို့ ခေါ်ဆောင်သွားမည်ဖြစ်သော်လည်း ထိုမြို့ကို သူမြင်ခွင့်ရမည်မဟုတ်။ ထိုမြို့တွင်ပင် သူသေရလိမ့်မည်။
12:14 သူ့အပါး၌ ခစားသောမှူးမတ်များ၊ စစ်တပ်များကိုလည်း လေနှင်ရာအရပ်ရပ်သို့ ငါကွဲလွင့်စေမည်။ ဓားကိုထုတ်၍ သူတို့နောက်သို့လိုက်မည်။
12:15 သူတို့ကို လူမျိုးတကာတို့အလယ်၊ အရပ်ရပ်သို့ ကွဲလွင့်ပျံ့နှံ့စေသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
12:16 သူတို့ပြုခဲ့သော စက်ဆုပ်ရွံရှာဖွယ်ရာတို့ကို သူတို့ရောက်သွားသောလူမျိုးတကာအလယ်၌ ပြောပြနိုင်မည့်အကြောင်း သူတို့အထဲမှ လူအနည်းငယ်ကို ဓားဘေး၊ ငတ်မွတ်ခေါင်းပါးခြင်းဘေး၊ ကပ်ရောဂါဘေးတို့မှ လွတ်မြောက်စေမည်။ သို့မှ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်”ဟု မိန့်ဆို၏။
12:17 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
12:18 “အချင်းလူသား၊ အစာကို ကြောက်ရွံ့တုန်လှုပ်စိတ်နှင့် စားလော့။ ရေကို စိုးရိမ်ထိတ်လန့်စိတ်နှင့် သောက်လော့။
12:19 အစ္စရေးပြည်၊ ဂျေရုဆလင်မြို့သူမြို့သားတို့အား ‘ဘုရားရှင်ထာဝရဘုရားက သူတို့သည် အစာကို စိုးရိမ်ပူပန်စိတ်ဖြင့် စားရမည်။ ရေကို ကြောက်ရွံ့ထိတ်လန့်စိတ်ဖြင့် သောက်ရမည်။ ပြည်သူပြည်သားအပေါင်းတို့၏ရက်စက်ကြမ်းကြုတ်မှုကြောင့် တစ်ပြည်လုံး လူသူကင်းမဲ့ရလိမ့်မည်။
12:20 လူနေရာမြို့တို့သည် တိတ်ဆိတ်သွားလိမ့်မည်။ ပြည်သည် လူသူကင်းမဲ့သွားလိမ့်မည်။ ထိုအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြမည်ဟု မိန့်တော်မူ၏’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
12:21 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
12:22 “အချင်းလူသား၊ အစ္စရေးပြည်နှင့်ပတ်သက်၍ ‘နေ့ရက်တို့သာ ကုန်ဆုံးသွားပြီ။ ဗျာဒိတ်နိမိတ်တို့သည် တစ်ခုမျှ ဖြစ်မလာပါတကား’ဟူသော ဆိုရိုးစကားကို အဘယ်ကြောင့် ပြောဆိုနေကြသနည်း။
12:23 သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘သင်တို့ပြောသော ထိုဆိုရိုးစကားကို ငါအဆုံးသတ်စေမည်။ နောင်တွင် ထိုစကားကို အစ္စရေးပြည်၌ ပြောဆိုရတော့မည်မဟုတ်။ ဗျာဒိတ်နိမိတ်ဟူသမျှ ဖြစ်လာမည့်နေ့ ရောက်တော့မည်’ဟု မိန့်တော်မူ၏။
12:24 ဘုရားရှင်ထာဝရဘုရားက ‘အစ္စရေးအမျိုးအနွယ်ထဲတွင် မဟုတ်မမှန်သောဗျာဒိတ်နိမိတ်နှင့် မြှောက်ပင့်ဟောပြောခြင်း တစ်စုံတစ်ရာရှိတော့မည်မဟုတ်။
12:25 ငါထာဝရဘုရားသည် မိန့်ဆိုလျှင် မိန့်ဆိုသည့်အတိုင်း မကြန့်ကြာဘဲဖြစ်လာလိမ့်မည်။ အို ပုန်ကန်တတ်သောအမျိုးအနွယ်၊ ငါပြောသောစကားသည် သင်တို့လက်ထက်တွင် အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။
12:26 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
12:27 “အချင်းလူသား၊ ကြည့်ရှုလော့။ အစ္စရေးအမျိုးအနွယ်က ‘သူမြင်ရသောဗျာဒိတ်နိမိတ် ပြည့်စုံမည့်အချိန် ဝေးသေး၏။ အလွန်ဝေးသောအနာဂတ်အကြောင်းကို သူဟောပြော၏’ဟု ဆိုတတ်ကြ၏။
12:28 သို့ဖြစ်၍ သူတို့အား ဘုရားရှင်ထာဝရဘုရားက ‘ငါမိန့်ဆိုသောစကားအလုံးစုံသည် ကြန့်ကြာခြင်းမရှိ အမှန်ဖြစ်လာလိမ့်မည်’ဟု မိန့်တော်မူပြီဟူ၍ ဆင့်ဆိုလော့”ဟု မိန့်ဆို၏။