Ezekiel 15
15:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
15:2 “အချင်းလူသား၊ တောထဲရှိသစ်ပင်တို့တွင်နွယ်တက်နေသောစပျစ်ကိုင်းသားသည် မည်သည့်သစ်သားတို့ထက် ပိုကောင်းသနည်း။
15:3 စပျစ်သားဖြင့် တစ်စုံတစ်ခုကို ပြုလုပ်နိုင်သလော။ စပျစ်သားဖြင့် တစ်စုံတစ်ခုကို ချိတ်ဆွဲဖို့ငုတ်တိုင် ပြုလုပ်နိုင်သလော။
15:4 လောင်စာအဖြစ် မီးထဲသို့ပစ်ချလိုက်လျှင် အရင်းရောအဖျားပါ မီးလောင်၍ အလယ်ပိုင်းလည်း ကျွမ်းသွားသောအခါ တစ်စုံတစ်ရာအသုံးဝင်သေးသလော။
15:5 မီးမလောင်မီကပင် တစ်စုံတစ်ရာအသုံးမဝင်လျှင် မီးကျွမ်းလောင်ပြီးမှ တစ်စုံတစ်ရာအသုံးဝင်နိုင်ဦးမည်လော။
15:6 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘တောသစ်ပင်များကြားရှိ စပျစ်နွယ်ကို မီးဖြင့်လောင်ကျွမ်းသွားစေသကဲ့သို့ ဂျေရုဆလင်မြို့သားတို့ကို ငါပြုမည်။
15:7 ငါသည် သူတို့ထံမှ မျက်နှာလွှဲမည်။ သူတို့သည် မီးဘေးတစ်ခုမှလွတ်မြောက်လျှင်လည်း နောက်မီးဘေးတစ်ခုက သူတို့ကိုလောင်ကျွမ်းနေဦးမည်။ ထိုသို့ ငါမျက်နှာလွှဲထားသောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သင်တို့သိကြလိမ့်မည်’ဟု မိန့်တော်မူ၏။
15:8 ‘သူတို့သည် ဖောက်ပြန်မှားယွင်းသောကြောင့် သူတို့ပြည်ကို လူသူကင်းမဲ့ရာဖြစ်စေမည်’ဟူ၍ ဘုရားရှင်ထာဝရဘုရားမိန့်တော်မူသည်”ဟု မိန့်ဆို၏။