Ezekiel 3
3:1 တစ်ဖန် ထိုသူက “အချင်းလူသား၊ သင်တွေ့ရသောစာလိပ်ကို စားလော့။ စားပြီးလျှင် အစ္စရေးလူမျိုးတို့ထံ သွား၍ဟောပြောလော့”ဟု ဆိုလျှင်
3:2 ငါလည်း ငါ့နှုတ်ကိုဖွင့်လိုက်သောအခါ သူသည် ထိုစာလိပ်ကို ငါ့အားကျွေးပြီး
3:3 “အချင်းလူသား၊ ငါပေးသောစာလိပ်ကိုစားပြီး သင့်ဗိုက်ကိုဖြည့်လော့”ဟု ဆို၏။ ငါသည် ထိုစာလိပ်ကိုစားသောအခါ နှုတ်၌ ပျားရည်ကဲ့သို့ချိုမြိန်၏။
3:4 ထို့နောက် သူက “အချင်းလူသား၊ ငါ့စကားကို အစ္စရေးလူမျိုးတို့ထံသို့ သွား၍ပြောပြလော့။
3:5 သင်မသိသောဘာသာစကား၊ သင်နားမလည်သောဘာသာစကားကို ပြောဆိုသောလူမျိုးထံသို့ သင့်ကိုငါစေလွှတ်သည်မဟုတ်။ အစ္စရေးလူမျိုးထံသို့ စေလွှတ်ခြင်းဖြစ်၏။
3:6 သင်နားမလည်နိုင်သည့် ခက်ခဲသောစကား၊ ထူးဆန်းသောစကားကို ပြောဆိုသည့်လူမျိုးတို့ထံသို့ သင့်ကိုစေလွှတ်သည်မဟုတ်။ အကယ်၍ ထိုလူမျိုးတို့ထံသို့ စေလွှတ်မည်ဆိုလျှင် သင့်စကားကို သူတို့နားထောင်ကြလိမ့်မည်။
3:7 ယခုမူ အစ္စရေးလူမျိုးတို့သည် ငါ့စကားကို နားထောင်လိုသောဆန္ဒမရှိသောကြောင့် သင့်စကားကိုလည်း နားထောင်လိုသောဆန္ဒရှိမည်မဟုတ်။ အစ္စရေးလူမျိုးတို့သည် ခေါင်းမာသူ၊ စိတ်နှလုံးမာကျောသူများ ဖြစ်ကြ၏။
3:8 သူတို့မျက်နှာ မာကျောသကဲ့သို့ သင့်မျက်နှာကို မာကျောစေမည်။ သူတို့ခေါင်းမာသကဲ့သို့ သင့်ကိုခေါင်းမာစေမည်။
3:9 ကျောက်ချွန်ထက်မာသောစိန်ကဲ့သို့ သင့်ကို ခေါင်းမာစေမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သော်လည်း သူတို့ကို မကြောက်နှင့်။ သူတို့မျက်နှာထားကြောင့် မထိတ်လန့်နှင့်”ဟု ငါ့အား မိန့်ဆို၏။
3:10 တစ်ဖန် ထိုသူက “အချင်းလူသား၊ ငါပြောသောစကားအလုံးစုံကို နားထောင်၍ နှလုံးသွင်းလော့။
3:11 ဖမ်းခေါ်သွားခြင်းခံရသော သင့်အမျိုးသားချင်းတို့ထံသို့သွား၍ သူတို့နားထောင်သည်ဖြစ်စေ၊ နားမထောင်သည်ဖြစ်စေ ‘ဘုရားရှင်ထာဝရဘုရား ဤသို့မိန့်တော်မူသည်’ဟူ၍ သူတို့အား ဆင့်ဆိုရမည်”ဟု ဆို၏။
3:12 ထို့နောက် ဝိညာဉ်တော်သည် ငါ့ကိုချီမလိုက်စဉ်တွင် “စံတော်မူရာအရပ်မှ ထာဝရဘုရား၏ဘုန်းတော်ကို ချီးမွမ်းကြစေသတည်း”ဟူသော အသံကို ငလျင်လှုပ်သံကြီးကဲ့သို့ ငါ့နောက်မှကြားရ၏။
3:13 သတ္တဝါတို့၏အတောင်ပံများ တစ်ခုနှင့်တစ်ခုထိခတ်သောအသံ၊ သတ္တဝါတို့အနားရှိ ဘီးများလည်နေသောအသံကိုလည်း ငလျင်လှုပ်သံကြီးကဲ့သို့ ငါကြားရ၏။
3:14 ထိုသို့ ဝိညာဉ်တော်က ငါ့ကိုချီဆောင်သွားသောအခါ ငါသည် ပူပန်စိတ်လောင်မြိုက်လျက် လိုက်ပါသွား၏။ ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်အားကြီးစွာတည်လျက်ရှိ၏။
3:15 ငါသည် ခေဗာမြစ်နား၊ တေလဗိဗမြို့ရှိ သုံ့ပန်းတို့ထံပြန်ရောက်လာ၍ သူတို့နေထိုင်ရာမြို့တွင် ငါထိုင်နေ၏။ ထိုနေရာတွင် ခုနစ်ရက်ပတ်လုံး ထိုင်၍ မိန်းမောတွေဝေလျက်နေလေ၏။
3:16 ခုနစ်ရက်လွန်မှ ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
3:17 “အချင်းလူသား၊ ငါသည် သင့်ကို အစ္စရေးလူမျိုးတို့ကိုစောင့်ကြည့်သော ကင်းစောင့်အဖြစ် ခန့်ထားပြီ။ ငါပြောသောစကားကိုကြားတိုင်း သူတို့ကို ပြန်ပြောရမည်။
3:18 ဆိုးယုတ်သောသူအား ‘သင်မုချသေရမည်’ဟု ငါဆိုလျက်နှင့် သူ၏ဆိုးယုတ်ခြင်းလမ်းမှ ပြန်လှည့်၍ အသက်ချမ်းသာရရန် သင်သည် သူ့ကို သတိမပေး၊ မပြောပြဘဲနေလျှင် ထိုဆိုးယုတ်သောသူသည် သူ့အပြစ်ကြောင့် သေရမည်။ သို့သော် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
3:19 အကယ်၍ ဆိုးယုတ်သောသူကို သင်သတိပေးသော်လည်း သူသည် ဆိုးယုတ်သောအပြစ်လမ်းမှ ပြန်မလှည့်လျှင် သူ့အပြစ်အတွက် သူသေရမည်။ သင်မူကား အသက်ချမ်းသာရာရလိမ့်မည်။
3:20 ထိုနည်းတူ ဖြောင့်မတ်သောသူသည် ဖောက်ပြန်၍ မကောင်းမှုကိုပြုလျှင် ငါသည် သူ့ရှေ့၌ ခလုတ်တံသင်းချထားမည်။ သူသေရမည်။ သူဖြောင့်မတ်ခဲ့သည်များကို ပြန်မအောက်မေ့။ သူ့အပြစ်အတွက် သူသေရမည်ဖြစ်သော်လည်း သင်သည် သူ့ကိုသတိမပေးသောကြောင့် သူ့အသက်ကို သင့်ထံမှ ပြန်တောင်းမည်။
3:21 အကယ်၍ ဖြောင့်မတ်သောသူအား အပြစ်မပြုရန် သင်သတိပေးသဖြင့် သူသည် အပြစ်မပြုဘဲနေလျှင် ထိုသို့သတိပေးသည်ကို ခံယူသောကြောင့် သူသည် မုချအသက်ရှင်မည်။ သင်သည်လည်း အသက်ချမ်းသာရာရလိမ့်မည်”ဟု မိန့်ဆို၏။
3:22 ထိုအရပ်တွင် ထာဝရဘုရား၏လက်တော်သည် ငါ့အပေါ်၌တည်၍ “လွင်ပြင်သို့ ထသွားလော့။ ထိုနေရာတွင် သင့်ကို ငါစကားပြောမည်”ဟု မိန့်တော်မူ၏။
3:23 ငါသည်လည်း လွင်ပြင်သို့ ထသွားသောအခါ ထာဝရဘုရား၏ဘုန်းအသရေတော်သည် ခေဗာမြစ်နား၌မြင်ခဲ့ရသော ဘုန်းအသရေတော်ကဲ့သို့ တည်နေသည်ကို တွေ့ရသဖြင့် ငါပျပ်ဝပ်လေ၏။
3:24 ထိုအခါ ဝိညာဉ်တော်သည် ငါ့အထဲသို့ဝင်ရောက်၍ ငါ့ကို မတ်တတ်ရပ်စေပြီး “သင့်အိမ်သို့ပြန်သွား၍ ပုန်းနေလော့။
3:25 အချင်းလူသား၊ သင်သည် ကြိုးနှင့်တုပ်နှောင်ခံရမည်ဖြစ်၍ လူတို့တွင် သင်သွားလာနိုင်တော့မည်မဟုတ်။
3:26 သင်၏လျှာကို အာခေါင်၌ကပ်စေမည်။ သင့်ကို ဆွံ့အစေမည်။ သူတို့အား ဆုံးမနိုင်တော့မည်မဟုတ်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်၏။
3:27 သင်နှင့်ငါစကားပြောသောအခါ သင့်နှုတ်ကိုဖွင့်ပေးမည်။ ထိုအခါ ‘ဘုရားရှင်ထာဝရဘုရား မိန့်တော်မူသည်’ဟု သူတို့အား ပြောရမည်။ သူတို့သည် ပုန်ကန်တတ်သောအမျိုးဖြစ်သောကြောင့် နားထောင်လိုသောသူ နားထောင်ပါစေ။ နားမထောင်လိုသောသူလည်း နားမထောင်ဘဲနေပါစေ။