Ezekiel 34
34:1 တစ်ဖန် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ငါ့ထံသို့ရောက်လာ၍
34:2 “အချင်းလူသား၊ အစ္စရေးသိုးထိန်းတို့ကို ဆန့်ကျင်၍ ပရောဖက်ပြုဟောပြောလော့။ ဘုရားရှင်ထာဝရဘုရားက သိုးထိန်းတို့အား ‘မိမိကိုယ်ကိုသာ ကျွေးမွေးစောင့်ရှောက်သော အစ္စရေးသိုးထိန်းတို့၊ သင်တို့သည် အမင်္ဂလာရှိ၏။ သိုးထိန်းတို့မည်သည် သိုးတို့ကို ကျွေးမွေးရမည်မဟုတ်လော။
34:3 သင်တို့သည် သိုးဆီကိုစားပြီး သိုးမွေးကိုဝတ်ကြ၏။ ဆူဖြိုးသောအကောင်ကိုလည်း သတ်စားကြ၏။ သို့သော် သိုးတို့ကိုမူ မကျွေးမွေးကြ။
34:4 အားနည်းသောသိုးတို့ကို အားမဖြည့်ပေး၊ ဖျားနာသောသိုးတို့ကို ဆေးမကုပေး၊ ဒဏ်ရာရသောသိုးတို့ကိုလည်း ကျပ်မစည်းပေးကြ။ လမ်းလွဲသောသိုးများကို ပြန်မခေါ်ဆောင်လာ၊ ပျောက်သောသိုးတို့ကိုလည်း မရှာဖွေကြ။ သင်တို့သည် သိုးတို့ကို ခက်ထန်ကြမ်းတမ်းစွာ ထိန်းကျောင်းကြ၏။
34:5 သိုးထိန်းမရှိသောကြောင့် သိုးတို့ကွဲလွင့်ကုန်၏။ ကွဲလွင့်သွားသောသိုးတို့သည် သားရဲတိရစ္ဆာန်တို့၏အစာဖြစ်ရကုန်၏။
34:6 ငါ့သိုးတို့သည် တောင်တန်းရှိသမျှ၊ ကုန်းမြင့်ရှိသမျှတို့တွင် လှည့်လည်သွားလာနေရပြီ။ မြေတစ်ပြင်လုံးသို့ ကွဲလွင့်ကုန်ပြီ။ ငါ့သိုးတို့ကို လိုက်လံရှာဖွေသူ တစ်ယောက်မျှမရှိ’ဟု မိန့်တော်မူ၏။
34:7 ထို့ကြောင့် အို သိုးထိန်းတို့၊ ထာဝရဘုရား၏စကားတော်ကို နားထောင်ကြလော့။
34:8 ဘုရားရှင်ထာဝရဘုရားက ‘ငါအသက်ရှင်သည်နှင့်အညီ သိုးထိန်းမရှိသောကြောင့် ငါ့သိုးတို့သည် သားကောင်များဖြစ်သွားရပြီ။ တောရိုင်းတိရစ္ဆာန်တို့၏အစာဖြစ်ရပြီ။ သိုးထိန်းတို့သည် ငါ့သိုးတို့ကို မရှာဖွေ။ ငါ့သိုးတို့ကို မထိန်းကျောင်း၊ သူတို့ကိုယ်ကိုသာ ကြည့်ရှု၏’ဟု မိန့်တော်မူ၏။
34:9 ထို့ကြောင့် အို သိုးထိန်းတို့၊ ထာဝရဘုရား၏စကားကို နားထောင်ကြလော့။
34:10 ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးထိန်းတို့ကိုဆန့်ကျင်၍ သူတို့ထံမှ ငါ့သိုးတို့ကို ပြန်တောင်းမည်။ သူတို့ကို သိုးထိန်းအဖြစ်မှ နုတ်ပယ်ပစ်မည်။ သိုးထိန်းတို့သည် သူတို့ကိုယ်ကို ကျွေးမွေးနိုင်တော့မည်မဟုတ်။ ငါ့သိုးများကို သူတို့နှုတ်မှကယ်နုတ်မည်၊ သူတို့အစာ မဖြစ်စေရ’ဟု မိန့်တော်မူ၏။
34:11 ထို့ကြောင့် ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို လိုက်လံရှာဖွေမည်။
34:12 သိုးထိန်းသည် ကွဲလွင့်သွားသော မိမိ၏သိုးတို့ကို လိုက်ရှာသကဲ့သို့ ငါသည်လည်း ငါ့သိုးတို့ကို ရှာဖွေမည်။ မိုးအုံ့၍အမှောင်ကျသောနေ့တွင် အရပ်ရပ်ကွဲလွင့်သွားသော ငါ့သိုးတို့ကိုကယ်တင်မည်။
34:13 သူတို့ကို လူမျိုးတကာတို့ထံမှ ထုတ်ဆောင်လာမည်။ အရပ်ရပ်တို့မှ ပြန်လည်စုစည်း၍ နေရင်းပြည်သို့ ပြန်ပို့ဆောင်မည်။ အစ္စရေးတောင်တန်းများအပေါ်၊ မြစ်ချောင်းများအနားမှစ၍ သူတို့နေထိုင်ရာအရပ်ရပ်တို့တွင် သူတို့ကို ကျွေးမွေးမည်။
34:14 ကောင်းသောစားကျက်မြေတွင် သူတို့ကို ကျွေးမွေးမည်။ မြင့်မားသောအစ္စရေးတောင်တန်းများသည် သူတို့ကျက်စားရာနေရာဖြစ်လိမ့်မည်။ ကောင်းသောစားကျက်မြေတွင်နေရ၍ စိမ်းလန်းသောကျက်စားရာ အစ္စရေးတောင်တန်းများပေါ်တွင် သူတို့ကျက်စားရကြလိမ့်မည်’ဟု မိန့်တော်မူ၏။
34:15 ဘုရားရှင်ထာဝရဘုရားက ‘ငါကိုယ်တိုင် ငါ့သိုးတို့ကို ကျွေးမွေးစောင့်ရှောက်မည်။ ငါကိုယ်တိုင် သူတို့ကို စိမ်းလန်းသောအရပ်တွင် လဲလျောင်းစေမည်။
34:16 ပျောက်သောသိုးကို ပြန်ရှာမည်။ လမ်းလွဲသောသိုးကို ပြန်ခေါ်လာမည်။ ဒဏ်ရာရသောသိုးကို ကျပ်စည်းပေးမည်။ အားနည်းသောသိုးကို အားရှိစေမည်။ သို့သော် ဆူဖြိုးသန်မာသောသိုးကိုမူ ငါသုတ်သင်ပစ်မည်။ ငါသည် သိုးတို့ကို တရားသဖြင့် ကျွေးမွေးထိန်းကျောင်းမည်’ဟု မိန့်တော်မူ၏။
34:17 အသင် ငါ့သိုးတို့၊ ဘုရားရှင်ထာဝရဘုရားက ‘ကြည့်ရှုလော့။ ငါသည် သိုးအချင်းချင်းအမှု၊ သိုးနှင့်ဆိတ်တို့အမှုကို စီရင်မည်။
34:18 သင်တို့သည် ကောင်းသောစားကျက်မြေ၌ ကျက်စားရသည်မှာ မလုံလောက်သေး၍ ကျန်သောစားကျက်မြေကို နင်းချေပစ်ရသလော။ ကြည်လင်သန့်ရှင်းသောရေကို သောက်ရသည်မှာ မလုံလောက်သေး၍ ကျန်သောရေကို နောက်ကျိအောင် မွှေနှောက်ပစ်ရသလော။
34:19 သင်တို့နင်းချေခဲ့သော စားကျက်မြေကို ငါ့သိုးတို့စားရမည်လော။ သင်တို့နောက်ကျိအောင်မွှေနှောက်သောရေကို ငါ့သိုးတို့သောက်ရမည်လော’ဟု မိန့်တော်မူ၏။
34:20 သို့ဖြစ်၍ ဘုရားရှင်ထာဝရဘုရားက သူတို့အား ‘ကြည့်ရှုလော့။ ဆူဖြိုးသောသိုးနှင့် ပိန်လှီသောသိုးတို့အမှုကို ငါကိုယ်တိုင်စီရင်မည်။
34:21 သင်တို့သည် အားနည်းသောသိုးတို့ကို နံစောင်း၊ ပခုံးတို့ဖြင့် တွန်းထုတ်သည်သာမက အဝေးသို့လွင့်ထွက်သွားသည့်တိုင်အောင် ချိုဖြင့်ဝှေ့သောကြောင့်
34:22 ငါ့သိုးတို့ကို ငါကယ်တင်မည်။ သားကောင်ဖြစ်ရတော့မည်မဟုတ်။ သိုးတစ်ကောင်ချင်းစီ၏အမှုကို ငါစီရင်မည်။
34:23 သူတို့ကိုထိန်းကျောင်းရန် သိုးထိန်းတစ်ဦးအဖြစ် ငါ့အစေအပါးဒါဝိဒ်ကို ငါခန့်ထားမည်။ သူသည် သိုးထိန်းတစ်ဦးအဖြစ် သိုးတို့ကို ထိန်းကျောင်းပေးလိမ့်မည်။
34:24 ငါထာဝရဘုရားသည် သူတို့၏ဘုရားသခင်ဖြစ်မည်။ ငါ့အစေအပါးဒါဝိဒ်သည်လည်း သူတို့၏မင်းဖြစ်လိမ့်မည်။ ငါထာဝရဘုရား မိန့်တော်မူ၏။
34:25 ထို့ပြင် သူတို့နှင့် ငြိမ်သက်ခြင်းပဋိညာဉ်ကို ဖွဲ့မည်။ ထိုပြည်ရှိ သားရဲတိရစ္ဆာန်တို့ကို ဖယ်ရှားမည်။ သူတို့သည် တောကန္တာရထဲတွင် ဘေးကင်းလုံခြုံစွာနေရမည်။ တောအုပ်ထဲတွင် အိပ်ရလိမ့်မည်။
34:26 သူတို့နှင့်တကွ သူတို့ကျက်စားရာငါ့တောင်ပတ်ပတ်လည်ကို ကောင်းချီးမင်္ဂလာချပေးမည်။ ရာသီအလိုက် မိုးရွာသွန်းစေမည်။ ကောင်းချီးမိုးကို ရွာသွန်းစေမည်။
34:27 တောထဲရှိအပင်တို့သည် အသီးသီးလိမ့်မည်။ မြေကြီးသည် အသီးအနှံကို ဖြစ်ထွန်းစေမည်။ သူတို့သည် နေရင်းပြည်တွင် ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ထမ်းထားရသောထမ်းပိုးကိုချိုး၍ သူတို့အားကျွန်ပြုသောသူတို့လက်မှ သူတို့ကို ကယ်နုတ်သောအခါ ငါသည် ထာဝရဘုရားဖြစ်ကြောင်း သူတို့သိကြလိမ့်မည်။
34:28 သူတို့သည် လူမျိုးတကာတို့၏သားကောင် ဖြစ်တော့မည်မဟုတ်။ ထိုပြည်ရှိသားရဲတိရစ္ဆာန်တို့လည်း သူတို့ကို ကိုက်စားကြတော့မည်မဟုတ်။ ဘေးကင်းလုံခြုံစွာနေရလိမ့်မည်။ သူတို့ကိုခြိမ်းခြောက်မည့်သူ ရှိတော့မည်မဟုတ်။
34:29 သူတို့အား သီးနှံဖြစ်ထွန်းသောဥယျာဉ်မြေကို ပေးမည်။ ထိုပြည်တွင် ငတ်မွတ်ခြင်းဘေးကြောင့် သေရတော့မည်မဟုတ်။ လူမျိုးခြားတို့၏အသရေဖျက်ခြင်းကိုလည်း ခံရတော့မည်မဟုတ်။
34:30 သူတို့၏ဘုရားသခင် ငါထာဝရဘုရားသည် သူတို့နှင့်အတူရှိကြောင်း၊ အစ္စရေးအမျိုးအနွယ်သည် ငါ့လူမျိုးတော်ဖြစ်ကြောင်းကို လူတို့သိကြလိမ့်မည်’ဟူ၍ မိန့်တော်မူသည်”ဟု မိန့်ဆို၏။
34:31 ဘုရားရှင်ထာဝရဘုရားက “သင်တို့သည် ငါ့စားကျက်၌ကျက်စားသော လူမျိုးတော်သိုးစုဖြစ်၏။ ငါသည်လည်း သင်တို့၏ဘုရားသခင်ဖြစ်၏”ဟု မိန့်တော်မူ၏။