Library · my

Ezekiel 40

40:1 ငါ​တို့​ဖမ်းခေါ်​သွား​ခြင်း​ခံရ​ပြီး နှစ်ဆယ့်​ငါး​နှစ်​မြောက်​နှစ်​ဦး​ပိုင်း​၊ ဂျေရုဆလင်​မြို့​တိုက်ခိုက်​ခံရ​ပြီး တစ်ဆယ့်​လေး​နှစ်​မြောက်​၊ လဆန်း​ဆယ်​ရက်​နေ့​၊ ထို​နေ့​တွင်​ပင် ထာဝရဘုရား​၏​လက်​တော်​သည် ငါ့​အပေါ်​ရောက်လာ​၍ ငါ့​အား ထို​မြို့​သို့ ဆောင်သွား​တော်မူ​၏​။ 40:2 နိမိတ်အာရုံ​ထဲတွင် ဘုရားသခင်​က ငါ့​ကို အစ္စရေး​ပြည်​သို့​ဆောင်သွား​၍ အလွန်​မြင့်​သော​တောင်​ပေါ်တွင်​ချထား​၏​။ တောင်ဘက်​တွင် မြို့​နှင့်​တူ​သော​အဆောက်အအုံ​ကို တွေ့​ရ​၏​။ 40:3 ထို​အရပ်​သို့​ရောက်​၍ ငါ​ကြည့်​လိုက်​ရာ ကြေးနီ​အဆင်း​နှင့်​တူ​သော​လူ​တစ်​ယောက်​ကို တွေ့​၏​။ ထို​သူ​သည် တိုင်းတာစရာ ချည်ကြိုး​နှင့်​ကျူချောင်း​တစ်​ချောင်း​ကို ကိုင်​ထား​လျက် မုခ်ဆောင်​တံခါး​တွင် ရပ်​နေ​၏​။ 40:4 ထို​သူ​က ငါ့​အား “​အချင်း​လူသား​၊ မျက်စိ​ဖွင့်​၊ နားစွင့်​ပြီး ငါ​ပြ​မည့်​အရာ​အားလုံး​ကို နှလုံးသွင်း​မှတ်ကျုံး​လော့​။ ဤ​အရာ​တို့​ကို သင့်​အား​ငါ​ပြသ​ရန် သင့်​ကို ဤ​နေရာ​သို့ ခေါ်ဆောင်​လာ​ခြင်း​ဖြစ်​၏​။ သင်​မြင်​သမျှ​သော​အရာ​တို့​ကို အစ္စရေး​လူမျိုး​တို့​အား ပြန်လည်​ပြောပြ​လော့”​ဟု မြွက်ဆို​၏​။ 40:5 ကြည့်ရှု​လော့​။ အိမ်​တော်​အပြင်ဘက်​ပတ်ပတ်လည်​တွင် တံတိုင်း​ရှိ​၏​။ ထို​သူ​သည် အရှည်​ခြောက်​တောင် ​ရှိ​သော တိုင်းစရာ​ကျူ​တစ်​ချောင်း​ကို​ကိုင်​ထား​၏​။ ထို​ကျူချောင်း​တစ်တောင် ​လျှင် လူ့​လက်​တစ်တောင် ​နှင့်​လက်တစ်ဝါး ​ရှိ​၏​။ တံတိုင်း​ကို​တိုင်းတာ​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ ​၊ အမြင့်​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 40:6 ထို့နောက် အရှေ့​မုခ်ဆောင်​တံခါးဝ​သို့​သွား​၍ လှေကား​ကို​တက်​ပြီးမှ တံခါးဝ​ရှိ တံခါးခုံ​ကို​တိုင်း​ရာ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ နောက်​တံခါးခုံ​တစ်​ခု​မှာ​လည်း အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 40:7 အခန်းငယ်​များ​သည် တစ်ခန်း​လျှင် အလျား​ကျူချောင်း​တစ်ပြန်စာ​၊ အနံ​ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ တစ်ခန်း​နှင့်​တစ်ခန်း ငါး​တောင် ​စီ​ကွာ​၏​။ အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​တံခါးဝ​ရှိ​တံခါးခုံ​သည်​လည်း ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 40:8 ထို့နောက် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ ကျူချောင်း​တစ်ပြန်စာ​ရှိ​၏​။ 40:9 ထို့နောက် မုခ်ဆောင်​ဆင်ဝင်​ကို​တိုင်း​ရာ အကျယ်​မှာ ရှစ်​တောင် ​ရှိ​၍ ဆင်ဝင်​ရှိ​တိုင်​များ​၏​ထု​မှာ နှစ်​တောင် ​စီ​ထူ​၏​။ မုခ်ဆောင်​ဆင်ဝင်​သည် အိမ်​တော်​ဘက်​သို့​မျက်နှာမူ​၏​။ 40:10 အရှေ့​မုခ်ဆောင်​တံခါးဝ​၏​ဘေး​တစ်ဖက်တစ်ချက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ အခန်းငယ်​သုံးခန်းစလုံး အရွယ်အစား​တူ​၏​။ အခန်းငယ်​တို့​၏​တစ်ဖက်တစ်ချက်​ရှိ တိုင်​များ​သည်​လည်း အရွယ်အစား​တူ​၏​။ 40:11 ထို့နောက် မုခ်ဆောင်​တံခါးဝ​အကျယ်​ကို​တိုင်း​ရာ အတောင်​တစ်ဆယ် ​ရှိ​၏​။ မုခ်ဆောင်​တံခါးဝ​အမြင့်​မှာ တစ်ဆယ့်​သုံး​တောင် ​ရှိ​၏​။ 40:12 တစ်ဖက်တစ်ချက်​ရှိ အခန်းငယ်​တို့​အရှေ့​အောက်ခြေ​တွင် အလျား​တစ်​တောင်​၊ အနံ​တစ်​တောင်​ရှိ​သော အကာ​ရှိ​၏​။ ထို​အခန်းငယ်​တို့​သည် အလျား​ခြောက်​တောင်​၊ အနံ​ခြောက်​တောင်​စီ​ရှိ​၏​။ 40:13 အခန်းပေါက်​ချင်း​မျက်နှာချင်းဆိုင်​နေ​သော အခန်းငယ်​၏​ခေါင်မိုးထိပ်​မှ အခြား​တစ်ဖက်​အခန်းငယ်​ခေါင်မိုးထိပ်​အထိ မုခ်ဆောင်​ကို​တိုင်း​ရာ နှစ်ဆယ့်​ငါး​တောင် ​ရှိ​၏​။ 40:14 မုခ်ဆောင်​တိုင်​များ​ကို​တိုင်း​ရာ အမြင့်​အတောင်​ခြောက်ဆယ် ​စီ​ရှိ​၏​။ မုခ်ဆောင်​တံတိုင်း​ပတ်ပတ်လည်​သည် မုခ်ဆောင်​တိုင်​အထိ​မြင့်​၏​။ 40:15 မုခ်ဆောင်​ဝင်ပေါက်​မျက်နှာစာ​မှ အတွင်း​ဆင်ဝင်​ပေါက်​အထိ အတောင်​ငါးဆယ် ​ရှိ​၏​။ 40:16 မုခ်ဆောင်​အတွင်း​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ မုခ်ဆောင်​အတွင်း​ဘက်​ရှိ အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​တို့​တွင် ပြတင်းပေါက်​ငယ်​များ​ပါရှိ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။ 40:17 ထို့နောက် သူ​သည် ငါ့​ကို အပြင်​ဝင်း​သို့ ခေါ်ဆောင်​သွား​၏​။ ဝင်း​ပတ်ပတ်လည်​တွင် အခန်း​များ​နှင့်​ကျောက်ခင်းစင်္ကြံ​ရှိ​၏​။ ထို​ကျောက်ခင်းစင်္ကြံ​ပေါ်တွင် အခန်း​ပေါင်း​သုံးဆယ်​ရှိ​၏​။ 40:18 ကျောက်ခင်းစင်္ကြံ​သည် မုခ်ဆောင်​များ​၏​ဘေး​တစ်လျှောက်​တွင်​ရှိ​၏​။ စင်္ကြံ​၏​အကျယ်​မှာ မုခ်ဆောင်​၏​အရှည်​နှင့်​တူ​၏​။ ဤသည်ကား အောက်စင်္ကြံ​ဖြစ်​၏​။ 40:19 အောက်​မုခ်ဆောင်​ရှေ့​မှ အတွင်း​ဝင်း​ရှေ့​ထိ အကျယ်​ကို​တိုင်း​ရာ အတောင်​တစ်ရာ ​ရှိ​၏​။ အရှေ့ဘက်​နှင့် မြောက်ဘက်​တို့​တွင်​လည်း အတောင်​တစ်ရာ​စီ​ကျယ်​၏​။ 40:20 အပြင်​ဝင်း​တွင် မြောက်ဘက်​သို့​မျက်နှာမူ​သော မုခ်ဆောင်​ရှိ​၏​။ ထို​မုခ်ဆောင်​၏​အလျား​အနံ​ကို​လည်း တိုင်းတာ​၏​။ 40:21 မုခ်ဆောင်​တစ်ဘက်စီ​တွင် အခန်းငယ်​သုံးခန်းစီ​ရှိ​၏​။ တိုင်​များ​နှင့်​ဆင်ဝင်​သည် ယခင်​တိုင်း​ခဲ့​သော​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 40:22 ပြတင်းပေါက်​၊ ဆင်ဝင်​နှင့် စွန်ပလွံပင်ပုံ​တို့​သည် ယခင်​တိုင်း​ခဲ့​သော​အရှေ့​မုခ်ဆောင်​နှင့် အတူတူ​ဖြစ်​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ခုနစ်​ထစ်​ဖြင့် တက်​ရ​၏​။ ရှေ့​တည့်တည့်​တွင် မုခ်ဆောင်​ဆင်ဝင်​ရှိ​၏​။ 40:23 အရှေ့​မုခ်ဆောင်​ကဲ့သို့ပင် မြောက်ဘက်​မုခ်ဆောင်​တွင်​လည်း မျက်နှာချင်းဆိုင်​တွင် အတွင်း​ဝင်း​မုခ်ဆောင်​ရှိ​၍ တစ်ဆောင်​နှင့်​တစ်ဆောင်​အကွာအဝေး​ကို​တိုင်း​ရာ အတောင်​တစ်ရာ​ရှိ​၏​။ 40:24 ထို့နောက် သူ​သည် ငါ့​ကို တောင်ဘက်​သို့​ခေါ်ဆောင်​သွား​ရာ တောင်ဘက်​တွင်​လည်း မုခ်ဆောင်​တစ်​ခု​ရှိ​သည်​ကို တွေ့​ရ​၏​။ ထို​မုခ်ဆောင်​၏​တိုင်​၊ ဆင်ဝင်​တို့​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။ 40:25 ထို​မုခ်ဆောင်​နှင့် ဆင်ဝင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​တို့ ပါရှိ​၏​။ ထို​ပြတင်းပေါက်​တို့​သည် အခြား​ပြတင်းပေါက်​တို့​နှင့်​တူ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 40:26 ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ခုနစ်​ထစ်​ဖြင့် တက်​ရ​၏​။ ရှေ့တည့်တည့်​တွင် မုခ်ဆောင်​ဆင်ဝင်​ရှိ​၏​။ မုခ်ဆောင်​အတွင်း​တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်​ထား​၏​။ 40:27 အတွင်း​ဝင်း​တောင်ဘက်​တွင်​လည်း မုခ်ဆောင်​တစ်​ခု​ရှိ​၏​။ ထို​တောင်ဘက်​မုခ်ဆောင် တစ်ဆောင်​နှင့်​တစ်ဆောင် အကွာအဝေး​ကို​တိုင်း​ရာ အတောင်​တစ်ရာ​ရှိ​၏​။ 40:28 တောင်​မုခ်ဆောင်​ကို​ဖြတ်​၍ အတွင်း​ဝင်း​သို့ ငါ့​ကို​ခေါ်ဆောင်​သွား​ပြီး အတွင်း​ဝင်း​ရှိ တောင်​မုခ်ဆောင်​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​တို့​နှင့် အတိုင်းအတာ အတူတူ​ဖြစ်​၏​။ 40:29 ထို​မုခ်ဆောင်​၏​အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူ​ပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​နှင့် ဆင်ဝင်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 40:30 ဝင်း​ပတ်လည်​ရှိ မုခ်ဆောင်​တို့​၏​ဆင်ဝင်​သည် အလျား​နှစ်ဆယ့်​ငါး​တောင်​၊ အနံ​ငါး​တောင်​စီ​ရှိ​ကြ​၏​။ 40:31 မုခ်ဆောင်​ဆင်ဝင်​တို့​သည် အပြင်​ဝင်း​ဘက်​သို့ မျက်နှာမူ​၏​။ တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်ထား​၏​။ ထို​မုခ်ဆောင်​သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။ 40:32 ထို့နောက် ငါ့​ကို အတွင်း​ဝင်း​၏​အရှေ့ဘက်​သို့ ခေါ်ဆောင်​သွား​ပြီး မုခ်ဆောင်​ကို​တိုင်း​ရာ အခြား​မုခ်ဆောင်​များ​နှင့် အတိုင်းအတာ အတူတူပင်​ဖြစ်​၏​။ 40:33 အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​၏​အတိုင်းအတာ​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​နှင့် ဆင်ဝင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 40:34 ထို​မုခ်ဆောင်​၏​ဆင်ဝင်​သည် အပြင်​ဝင်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်ပုံ ဖော်​ထား​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။ 40:35 တစ်ဖန် ငါ့​ကို မြောက်ဘက်​မုခ်ဆောင်​သို့ ခေါ်ဆောင်​သွား​ပြီး တိုင်း​ရာ အခြား​မုခ်ဆောင်​များ​နှင့် အတိုင်းအတာ အတူတူ​ဖြစ်​၏​။ 40:36 အခန်းငယ်​များ​၊ တိုင်​များ​နှင့် ဆင်ဝင်​သည် အခြား​တို့​နှင့် အတူတူပင်​ဖြစ်​၏​။ မုခ်ဆောင်​ပတ်ပတ်လည်​တွင် ပြတင်းပေါက်​များ​ရှိ​၏​။ ထို​မုခ်ဆောင်​သည် အလျား​အတောင်​ငါးဆယ်​၊ အနံ​နှစ်ဆယ့်​ငါး​တောင်​ရှိ​၏​။ 40:37 ထို​မုခ်ဆောင်​၏​ဆင်ဝင်​သည် အပြင်​ဝင်း​နှင့် မျက်နှာချင်းဆိုင်​လျက်​ရှိ​၏​။ တစ်ဖက်တစ်ချက်​ရှိ​တိုင်​များ​တွင် စွန်ပလွံပင်​ပုံ ဖော်​ထား​၏​။ ထို​မုခ်ဆောင်​ပေါ်သို့ လှေကား​ရှစ်​ထစ်​ဖြင့်​တက်​ရ​၏​။ 40:38 မုခ်ဆောင်​တံခါး​တိုင်​နားတွင် တံခါးပေါက်​ပါ​သော​အခန်း​တစ်ခန်း​ရှိ​၏​။ ထို​နေရာ​တွင် မီးရှို့ရာယဇ်ကောင်​ကို ဆေးကြော​ကြ​၏​။ 40:39 မုခ်ဆောင်​ဆင်ဝင်​တစ်ဖက်တစ်ချက်​တွင် စားပွဲ​နှစ်လုံးစီ​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​၊ အပြစ်ဖြေရာယဇ်ကောင်​၊ အပြစ်ဒဏ်ဖြေရာယဇ်ကောင်​တို့​ကို တင်သတ်​ကြ​၏​။ 40:40 မြောက်ဘက်​မုခ်ဆောင်​တွင် ဆင်ဝင်​အပြင်ဘက် မုခ်ဆောင်​အဝင်ဝ​သို့​တက်သွား​ရာ လှေကား​တစ်ဖက်တစ်ချက်စီ​တွင် စားပွဲ​နှစ်လုံးစီ​ရှိ​၏​။ 40:41 မုခ်ဆောင်​တစ်ဖက်​တွင် စားပွဲ​လေး​လုံး​၊ အခြား​တစ်ဖက်​တွင် စားပွဲ​လေး​လုံး စုစုပေါင်း​စားပွဲ​ရှစ်​လုံး​ရှိ​၏​။ ထို​စားပွဲ​တို့​အပေါ်​တွင် ယဇ်ကောင်​များ​ကို​တင်သတ်​၏​။ 40:42 မီးရှို့ရာယဇ်​အတွက် အလျား​တစ်​တောင်​ခွဲ ​၊ အနံ​တစ်​တောင်​ခွဲ​၊ အမြင့်​တစ်​တောင်​ရှိ​သော ကျောက်ဆစ်​စားပွဲ​လေး​လုံး​လည်း​ရှိ​၏​။ ထို​စားပွဲ​ပေါ်တွင် မီးရှို့ရာယဇ်ကောင်​နှင့် ယဇ်ကောင်​များ​ကို​သတ်​ရာ​တွင် အသုံးပြု​သော လက်နက်ကိရိယာ​များ​ကို တင်​ထား​၏​။ 40:43 နံရံ​ပတ်ပတ်လည်​တွင် လက်တစ်ဝါး​စာ​အရှည်​ရှိ​ချိတ်​များ​ကို တပ်​ထား​၏​။ ပူဇော်သက္ကာ​အသား​များ​ကို စားပွဲ​များ​ပေါ်တွင် တင်​ထား​၏​။ 40:44 အတွင်း​ဝင်း​ထဲရှိ အတွင်း​မုခ်ဆောင်​အပြင်ဘက်​တွင် သီချင်းသည်​တို့​နေ​ရာ​အခန်း​များ​ရှိ​၏​။ တစ်​ခန်း​မှာ မြောက်​မုခ်ဆောင်​၌​ရှိ​ပြီး တောင်ဘက်​သို့​မျက်နှာမူ​ထား​၏​။ နောက်​တစ်​ခန်း​မှာ တောင် ​မုခ်ဆောင်​တွင်​ရှိ​ပြီး မြောက်ဘက်​သို့​မျက်နှာမူ​ထား​၏​။ 40:45 သူ​က ငါ့​အား “​တောင်ဘက်​သို့​မျက်နှာမူ​ထား​သော​အခန်း​သည် အိမ်​တော်​အမှု​ကို​ထမ်းဆောင်​သော ယဇ်ပုရောဟိတ်​တို့​အတွက်​ဖြစ်​၏​။ 40:46 မြောက်ဘက်​သို့​မျက်နှာမူ​သော​အခန်း​သည် ယဇ်ပလ္လင်​အမှု​ကို​ထမ်းဆောင်​သော ယဇ်ပုရောဟိတ်​တို့​အတွက်​ဖြစ်​၏​။ ထို​သူ​တို့​ကား ထာဝရဘုရား​အထံ​တော်​သို့​ဆည်းကပ်​၍ အမှု​တော်​ထမ်းဆောင်​သော လေဝိ​အမျိုး​ဇာဒုတ်​၏​သား​များ​ဖြစ်​ကြ​၏​”​ဟု ပြောပြ​၏​။ 40:47 ထို့နောက် သူ​သည် စတုရန်းပုံ​ဝင်း​ကို​တိုင်း​ရာ အလျား​အတောင်​တစ်ရာ​၊ အနံ​အတောင်​တစ်ရာ​ရှိ​၏​။ အိမ်​တော်​ရှေ့​တွင် ယဇ်ပလ္လင်​ရှိ​၏​။ 40:48 ထို့နောက် ငါ့​အား အိမ်​တော်​၏​ဆင်ဝင်​သို့​ခေါ်ဆောင်​သွား​ပြီး ဆင်ဝင်​တိုင်​ကို​တိုင်း​ရာ ဆင်ဝင်​တစ်ဖက်​တွင် ထု​ငါး​တောင်​၊ အခြား​တစ်ဖက်​တွင် ထု​ငါး​တောင်​ရှိ​၏​။ တံခါးပေါက်​တစ်ဖက်​တွင် ထု​သုံး​တောင် ​၊ အခြား​တစ်ဖက်​တွင် ထု​သုံး​တောင်​ရှိ​၏​။ 40:49 ဆင်ဝင်​သည် အလျား​အတောင်​နှစ်ဆယ် ​၊ အနံ​တစ်ဆယ့်တစ်​တောင် ​ရှိ​၏​။ ထို​နေရာ​သို့ လှေကားထစ်​များ​ဖြင့်​တက်​ရ​၏​။ ဆင်ဝင်​တိုင်​ဘေး​တစ်ဖက်တစ်ချက်စီ​တွင် တိုင်လုံးကြီး​ရှိ​၏​။