Ezekiel 42
42:1 ထို့နောက် ငါ့အား မြောက်ဘက်ထွက်ပေါက်လမ်းမှ အပြင်ဝင်းသို့ ခေါ်ဆောင်သွားပြီး မြေကွက်လပ်ဘက် မျက်နှာမူထားသော မြောက်ဘက်အဆောက်အအုံနှင့်မျက်နှာချင်းဆိုင် အခန်းများသို့ ခေါ်ဆောင်သွား၏။
42:2 မြောက်ဘက်တံခါးပေါက်သို့ မျက်နှာမူသောအဆောင်မှာ အလျားအတောင်တစ်ရာ ရှိ၏။ အနံမှာ အတောင်ငါးဆယ် ရှိ၏။
42:3 အတွင်းဝင်းရှိ အတောင်နှစ်ဆယ်ကျယ်သောမြေကွက်လပ်နားရှိ သုံးထပ်ဆောင်နှင့် အပြင်ဝင်းရှိ ကျောက်ခင်းစင်္ကြံနှင့်မျက်နှာချင်းဆိုင် သုံးထပ်ဆောင်တို့၏လျှောက်လမ်းတို့သည် မျက်နှာချင်းဆိုင်လျက်ရှိ၏။
42:4 အဆောင်ခန်းများ၏မျက်နှာစာတွင် အလျားအတောင်တစ်ရာရှည်၍ အနံဆယ်တောင် ကျယ်သောလမ်းရှိ၏။ အခန်းတံခါးပေါက်များကား မြောက်ဘက်တွင်ရှိ၏။
42:5 အပေါ်ဆုံးထပ်၏အခန်းများမှာ ကျဉ်း၏။ အကြောင်းမှာ အဆောင်အပေါ်ဆုံးထပ်၏လျှောက်လမ်းသည် အောက်ဆုံးထပ်နှင့် အလယ်ထပ်တို့ထက် နေရာယူထားသောကြောင့်ဖြစ်၏။
42:6 အဆောင်နှစ်ဆောင်တို့သည် အထပ်သုံးထပ်ရှိသော်လည်း အခြားအဆောင်များကဲ့သို့ တိုင်များမပါရှိချေ။ ထို့ကြောင့် အပေါ်ဆုံးထပ်သည် အောက်ထပ်နှင့် အလယ်ထပ်တို့ထက်ကျဉ်း၏။
42:7 အပြင်ဝင်းအရှေ့၊ အဆောင်ခန်းများနှင့်မျက်နှာချင်းဆိုင်၊ အဆောင်ခန်းများနှင့်အပြိုင်တွင် အတောင်ငါးဆယ်ရှည်သော အပြင်ဘက်တံတိုင်းရှိ၏။
42:8 အပြင်ဝင်းအနီးတွင်ရှိသော အဆောင်၏အရှည်မှာ အတောင်ငါးဆယ်ရှိ၏။ ဗိမာန်တော်အနီးတွင်ရှိသော အဆောင်၏အရှည်မှာ အလျားအတောင်တစ်ရာရှိ၏။
42:9 အခန်းများ၏အောက်ခြေအရှေ့ဘက်တွင် အပြင်ဝင်းမှ အခန်းများသို့လာသော ဝင်ပေါက်ရှိ၏။
42:10 တောင်ဘက် တွင်လည်း ဝင်းတံတိုင်းအရှည်တစ်လျှောက် မြေကွက်လပ်ဘက်မျက်နှာမူထားသော တောင်ဘက်အဆောက်အအုံနှင့် မျက်နှာချင်းဆိုင်တွင် အဆောင်ခန်းများရှိ၏။
42:11 မြောက်ဘက်ကဲ့သို့ပင် ထိုအဆောင်ခန်းများ၏အရှေ့ဘက်တွင် လမ်းတစ်လမ်းရှိ၏။ ထိုအဆောင်ခန်းတို့၏အလျားအနံ၊ ဝင်ပေါက်ထွက်ပေါက်၊ အဆောက်အအုံပုံစံနှင့် တံခါးတို့မှာလည်း မြောက်ဘက်ခြမ်းနှင့် အတူတူပင်ဖြစ်၏။
42:12 တောင်ဘက်အဆောင်ခန်းများသို့ ဝင်ရသောအပေါက်သည် တစ်ပေါက်တည်းရှိ၍ အရှေ့ဘက်ရှိတံတိုင်းဘေးတွင်ရှိ၏။
42:13 သူက ငါ့အား “နေရာလွတ်နှင့်မျက်နှာချင်းဆိုင် မြောက်ဘက်ရှိအခန်းများနှင့် တောင်ဘက်ရှိအခန်းများသည် သန့်ရှင်းသောအခန်းများဖြစ်၏။ ထာဝရဘုရားထံချဉ်းကပ်ရသော ယဇ်ပုရောဟိတ်တို့သည် ထိုအခန်းတို့တွင် အထူးသန့်ရှင်းသောအစာကိုစားရ၏။ ထိုအခန်းတို့သည် သန့်ရှင်းသောကြောင့် ထိုနေရာတွင် အထူးသန့်ရှင်းသောပူဇော်သက္ကာများဖြစ်သည့် ဘောဇဉ်ပူဇော်သက္ကာ၊ အပြစ်ဖြေရာယဇ်၊ အပြစ်ဒဏ်ဖြေရာယဇ်တို့ကို ထားရှိ၏။
42:14 ယဇ်ပုရောဟိတ်တို့သည် ထိုသန့်ရှင်းသောနေရာထဲသို့ဝင်ပြီး အပြင်ဝင်းသို့ ပြန်ထွက်သောအခါ အမှုတော်ထမ်းဆောင်စဉ် ဝတ်ခဲ့သောအဝတ်တို့ကို ချွတ်ထားခဲ့ရမည်။ မချွတ်ထားခဲ့ဘဲ ထွက်မလာရ။ အကြောင်းမှာ ထိုအဝတ်တို့သည် သန့်ရှင်း၏။ အဝတ်လဲပြီးမှ လူအများရှိရာသို့ သွားရ၏”ဟု ဆို၏။
42:15 ထိုသူသည် အိမ်တော်အတွင်းပိုင်းကို တိုင်းတာပြီးနောက် ငါ့အား အရှေ့ဘက်မုခ်ဆောင်တံခါးအပြင်ဘက်သို့ ခေါ်ဆောင်သွားပြီး ပတ်ပတ်လည်ကို တိုင်းတာ၏။
42:16 သူသည် တိုင်းစရာကျူချောင်းဖြင့် အရှေ့ဘက်ခြမ်းတစ်လျှောက်ကိုတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။
42:17 ထို့နောက် မြောက်ဘက်ခြမ်းတစ်လျှောက်ကိုတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။
42:18 ထို့အတူ တောင်ဘက်ခြမ်းကိုတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။
42:19 ထို့နောက် သူသည် လှည့်၍ အနောက်ဘက်ခြမ်းကိုလည်းတိုင်းရာ ကျူချောင်းအပြန်ငါးရာရှိ၏။
42:20 သူသည် လေးဖက်စလုံးကိုတိုင်း၏။ ပတ်ပတ်လည်တံတိုင်းကာထား၍ အလျားကျူချောင်းအပြန်ငါးရာ၊ အနံကျူချောင်းအပြန်ငါးရာရှိ၏။ ထိုတံတိုင်းသည် သန့်ရှင်းသောနေရာနှင့် မသန့်ရှင်းသောနေရာကို ခြားထားပေး၏။