Ezekiel 45
45:1 မြေကိုအမွေခွဲဝေသောအခါ သင်တို့သည် ထိုမြေထဲမှ မြေတစ်ကွက်ကို သန့်ရှင်းသောအလှူအဖြစ် ထာဝရဘုရားအဖို့ ခွဲထားရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်း ရှိရမည်။ ထိုမြေပတ်ပတ်လည်နယ်နိမိတ်သည်လည်း သန့်ရှင်းရမည်။
45:2 ထိုမြေထဲမှ အလျားအတောင်ငါးရာ ၊ အနံအတောင်ငါးရာ စတုရန်းပုံမြေကွက်သည် သန့်ရှင်းရာဌာနအဖို့ ဖြစ်ရမည်။ ထိုမြေကွက်၏ပတ်ပတ်လည်တွင် အတောင်ငါးဆယ်မြေကွက်လပ် ထားရှိရမည်။
45:3 ထိုသို့ အလျားအတောင်နှစ်သောင်းငါးထောင် ၊ အနံအတောင်တစ်သောင်း ရှိသောမြေကို တိုင်းတာရမည်။ ထိုမြေတွင် သန့်ရှင်းရာဌာန၊ အသန့်ရှင်းဆုံးဌာနကို တည်ရမည်။
45:4 ထိုသန့်ရှင်းသောမြေသည် ထာဝရဘုရားထံအမှုတော်ကိုထမ်းဆောင်ဖို့လာသော၊ သန့်ရှင်းရာဌာနတော်၌ အမှုတော်ထမ်းဆောင်သော ယဇ်ပုရောဟိတ်တို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် ယဇ်ပုရောဟိတ်တို့ နေစရာအိမ်ဆောက်ရာမြေ၊ သန့်ရှင်းရာဌာနတည်ရာသန့်ရှင်းသောမြေ ဖြစ်ရမည်။
45:5 အလျားအတောင်နှစ်သောင်းငါးထောင်နှင့် အနံအတောင်တစ်သောင်းကျယ်သော နောက်မြေတစ်ကွက်သည် အိမ်တော်အမှုကိုထမ်းဆောင်သော လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေကွက်ရှိ အခန်းပေါင်းနှစ်ဆယ်သည် သူတို့ပိုင်ဆိုင်ရာ ဖြစ်ရမည်။
45:6 သန့်ရှင်းသောမြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်ငါးထောင်ကို မြို့ပိုင်မြေအဖြစ် ပေးရမည်။ ထိုမြေသည် အစ္စရေးတစ်မျိုးနွယ်လုံးအဖို့ ဖြစ်ရမည်။
45:7 မင်းသားပိုင်ရာမြေသည် သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေတို့၏တစ်ဖက်တစ်ချက်တွင်ရှိရမည်။ သန့်ရှင်းရာမြေနှင့် မြို့ပိုင်မြေမှ အနောက်ဘက်နယ်နိမိတ်နှင့် အရှေ့ဘက်နယ်နိမိတ်အထိရောက်၍ အရှေ့နှင့်အနောက် နှစ်ဖက်စလုံး မျိုးနွယ်တစ်နွယ်၏အမွေမြေနှင့်ထိစပ်ပြီး အလျားတူရမည်။
45:8 အစ္စရေးပြည်ထဲမှ ဤမြေသည် မင်းသား၏အပိုင်ဖြစ်ရမည်။ ငါ့မင်းသားတို့သည်လည်း ငါ့လူမျိုးတော်ကို နိုင်ထက်စီးနင်းမပြုတော့ဘဲ အစ္စရေးအမျိုးသားတို့အား အမျိုးအနွယ်အလိုက် မြေခွဲဝေပေးရမည်’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
45:9 ‘အို အစ္စရေးမင်းသားတို့၊ တော်သင့်ပြီ။ ရက်စက်ကြမ်းကြုတ်ခြင်း၊ ဖိနှိပ်ညှဉ်းဆဲခြင်းအမှုတို့ကိုရှောင်၍ တရားမျှတစွာ၊ ဖြောင့်မတ်စွာ ပြုကျင့်ကြလော့။ ငါ့လူမျိုးတို့ထံမှ လုယူသိမ်းပိုက်ခြင်းအမှုကို ရပ်တန်းကရပ်ကြလော့’ဟု ဘုရားရှင်ထာဝရဘုရားမိန့်တော်မူ၏။
45:10 တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘သင်တို့သည် မှန်သောချိန်ခွင်၊ မှန်သောဧဖာ ၊ မှန်သောဗတ် ကို သုံးရမည်။
45:11 ဧဖာနှင့်ဗတ်သည် အခြင်အတွယ်တူရမည်။ တစ်ဗတ်သည် တစ်ဟောမဲ ၏ဆယ်ပုံတစ်ပုံ၊ တစ်ဧဖာသည်လည်း တစ်ဟောမဲ၏ဆယ်ပုံတစ်ပုံ ဖြစ်ရမည်။ ဟောမဲသည် စံအလေးချိန် ဖြစ်ရမည်။
45:12 တစ်ရှယ်ကယ် သည် ဂေရနှစ်ဆယ် ဖြစ်ရမည်။ တစ်မိနာ့ သည် နှစ်ဆယ်ရှယ်ကယ် အပေါင်း နှစ်ဆယ့်ငါးရှယ်ကယ် အပေါင်း တစ်ဆယ့်ငါးရှယ်ကယ် စုစုပေါင်း ခြောက်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
45:13 သင်တို့ ပေးလှူရမည့် အလှူပစ္စည်းမှာ ဤသို့ဖြစ်၏။ ဂျုံဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံ ၊ မုယောဆန်တစ်ဟောမဲတွင် တစ်ဧဖာ၏ခြောက်ပုံတစ်ပုံကို ပေးလှူရမည်။
45:14 ဆီပေးလှူရာတွင် ဗတ်နှင့်ချိန်တွယ်ရမည်ဟု သတ်မှတ်ထား၏။ တစ်ကောရတွင် ဗတ်၏ဆယ်ပုံတစ်ပုံ ပေးလှူရမည်။ တစ်ကောရသည် တစ်ဟောမဲနှင့်ညီ၍ဗတ်တစ်ဆယ် ဖြစ်၏။ တစ်ဟောမဲသည် ဗတ်တစ်ဆယ်ဖြစ်၏။
45:15 အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အစ္စရေးပြည် ရေဝသောစားကျက်မြေရှိ အကောင်နှစ်ရာရှိသောသိုးအုပ်တစ်အုပ်တွင် တစ်ကောင်ကို ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်အဖြစ် ပူဇော်ရမည်’ဟု မိန့်တော်မူ၏။
45:16 ပြည်သူပြည်သားအပေါင်းတို့သည် ထိုအလှူပစ္စည်းကို အစ္စရေးမင်းသားထံ ပေးအပ်ရမည်။
45:17 မင်းသားသည် ပွဲတော်နေ့၊ လဆန်းနေ့၊ ဥပုသ်နေ့မှစ၍ အစ္စရေးအမျိုးသားတို့ တွေ့ဆုံစည်းဝေးရာအချိန်တို့တွင် မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ သွန်းလောင်းရာပူဇော်သက္ကာ စသည်တို့ကို ဆက်သရန်တာဝန်ရှိသည်။ အစ္စရေးအမျိုးသားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် အပြစ်ဖြေရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ မီးရှို့ရာယဇ်၊ မိတ်သဟာယယဇ်တို့ကို ဆက်သရမည်။
45:18 တစ်ဖန် ဘုရားရှင်ထာဝရဘုရားက ‘ပထမလ၊ ပထမရက်တွင် အပြစ်အနာအဆာကင်းသော နွားအုပ်ထဲမှ နွားထီးပျိုတစ်ကောင်ကိုယူ၍ သန့်ရှင်းရာဌာနကို စင်ကြယ်အောင်ပြုရမည်။
45:19 ယဇ်ပုရောဟိတ်သည် အပြစ်ဖြေရာယဇ်၏သွေးအချို့ကိုယူ၍ အိမ်တော်၏တံခါးတိုင်၊ ယဇ်ပလ္လင်၏ထောင့်လေးထောင့်နှင့် အတွင်းဝင်းတံခါးတိုင်တွင် သုတ်ရမည်။
45:20 မရည်ရွယ်ဘဲအပြစ်ကျူးလွန်မိသူ၊ သို့မဟုတ် မသိနားမလည်ဘဲအပြစ်ကျူးလွန်မိသူတို့အတွက် လဆန်းခုနစ်ရက်နေ့တွင် အပြစ်ဖြေလွှတ်ခြင်းကို ထိုသို့ ပြုပေးရမည်။ ဤနည်းဖြင့် အိမ်တော်အတွက် အပြစ်ဖြေလွှတ်ခြင်းကိုပြုရမည်။
45:21 ပထမလ၊ တစ်ဆယ့်လေးရက်နေ့တွင် ပသခါပွဲတော်ကို ကျင်းပရမည်။ ပွဲတော်ခုနစ်ရက်အတွင်း တဆေးမဲ့မုန့်ကို စားရမည်။
45:22 ထိုနေ့တွင် မင်းသားသည် မိမိအပါအဝင် ပြည်သူပြည်သားတို့ အပြစ်ဖြေလွှတ်ခြင်းအတွက် နွားထီးတစ်ကောင်ကို စီစဉ်ပေးရမည်။
45:23 ပွဲတော်ခုနစ်ရက်ပတ်လုံး ထာဝရဘုရားထံ မီးရှို့ရာယဇ်အဖြစ် အပြစ်အနာအဆာကင်းသော နွားထီးခုနစ်ကောင်၊ သိုးထီးခုနစ်ကောင်တို့ကို ခုနစ်ရက်ပတ်လုံး နေ့တိုင်းစီစဉ်ပေးရမည်။ အပြစ်ဖြေရာယဇ်အဖြစ်လည်း ဆိတ်ထီးကလေးတစ်ကောင်ကို နေ့တိုင်းစီစဉ်ပေးရမည်။
45:24 နွားထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာ၊ သိုးထီးတစ်ကောင်အတွက် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာနှင့် အကောင်းဆုံးဂျုံမှုန့်တစ်ဧဖာအတွက် ဆီတစ်ဟိန် ပါဝင်သော ဘောဇဉ်ပူဇော်သက္ကာကို စီစဉ်ပေးရမည်။
45:25 သတ္တမလ၊ တစ်ဆယ့်ငါးရက်နေ့တွင်ကျင်းပသော ပွဲတော်တွင်လည်း အပြစ်ဖြေရာယဇ်၊ မီးရှို့ရာယဇ်၊ ဘောဇဉ်ပူဇော်သက္ကာ၊ ဆီတို့ကို ခုနစ်ရက်ပတ်လုံး စီစဉ်ပေးရမည်’ဟု မိန့်တော်မူ၏။