Ezekiel 48
48:1 “မျိုးနွယ်အမည်အလိုက် ရသောဝေစုကား ဤသို့ဖြစ်၏။ မြောက်ဘက်အစွန်း ဟေသလုန်မြို့မှ လီဘိုဟာမတ်မြို့သို့သွားရာလမ်းတစ်လျှောက် ထိုမှ ဒမတ်စကပ်မြို့နှင့် မြောက်ဘက်ရှိဟာမတ်မြို့၏နယ်နိမိတ်အကြားရှိ ဟာဇရေနန်မြို့အထိ အရှေ့ဘက်မှ အနောက်ဘက်အထိနယ်နိမိတ်သည် ဒန်အမျိုး၏ဝေစုဖြစ်ရမည်။
48:2 ဒန်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် အာရှာအမျိုး၏ဝေစုဖြစ်ရမည်။
48:3 အာရှာနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် နဿလိအမျိုး၏ဝေစုဖြစ်ရမည်။
48:4 နဿလိနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် မနာရှေအမျိုး၏ဝေစုဖြစ်ရမည်။
48:5 မနာရှေနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဧဖရိမ်အမျိုး၏ဝေစုဖြစ်ရမည်။
48:6 ဧဖရိမ်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ရုဗင်အမျိုး၏ဝေစုဖြစ်ရမည်။
48:7 ရုဗင်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ယုဒအမျိုး၏ဝေစုဖြစ်ရမည်။
48:8 ယုဒနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် သင်တို့ပေးလှူရမည့် အလှူမြေဖြစ်၏။ ဤမြေသည် အနံအတောင်နှစ်သောင်းငါးထောင် ၊ အလျားမှာ မျိုးနွယ်တစ်နွယ်ရသောဝေစုအတိုင်း အရှေ့ဘက်မှ အနောက်ဘက်ခြမ်းတိုင်အောင် အလျားတူရမည်။ ဤမြေ၏အလယ်ဗဟိုတွင် သန့်ရှင်းရာဌာနရှိရမည်။
48:9 ထာဝရဘုရားအဖို့ပေးလှူသော အလှူမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်း ရှိရမည်။
48:10 ဤမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သန့်ရှင်းသောအလှူမြေဖြစ်ရမည်။ မြောက်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနောက်ဘက်တွင် အနံအတောင်တစ်သောင်း၊ အရှေ့ဘက်တွင် အနံအတောင်တစ်သောင်း၊ တောင်ဘက်တွင် အလျားအတောင်နှစ်သောင်းငါးထောင်ရှိရမည်။ ဤမြေ၏အလယ်ဗဟိုတွင် ထာဝရဘုရားအဖို့ သန့်ရှင်းရာဌာနရှိရမည်။
48:11 ဤမြေသည် သန့်ရှင်းသောယဇ်ပုရောဟိတ်များဖြစ်သော ငါ့အမှုထမ်းဇာဒုတ်၏ သားမြေးတို့အဖို့ဖြစ်၏။ သူတို့သည် အစ္စရေးအမျိုးသားတို့ လမ်းလွဲသောအခါ လေဝိအမျိုးတို့လမ်းလွဲသွားသကဲ့သို့ လမ်းမလွဲကြ။
48:12 အထူးသန့်ရှင်းသောအလှူမြေထဲမှ လေဝိနယ်နိမိတ်နှင့်ကပ်လျက်ရှိသောမြေသည် ယဇ်ပုရောဟိတ်တို့အဖို့ သီးသန့်ဝေစုဖြစ်ရမည်။
48:13 ယဇ်ပုရောဟိတ်တို့၏မြေနှင့်ကပ်လျက် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိသောမြေသည် လေဝိအမျိုးတို့အဖို့ ဖြစ်ရမည်။ ထိုမြေသည် အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်တစ်သောင်းရှိရမည်။
48:14 ဤမြေသည် ထာဝရဘုရားအဖို့ သန့်ရှင်းသောမြေဖြစ်သောကြောင့် သူတို့သည် ဤအကောင်းဆုံးမြေကို မရောင်းရ၊ အလဲအလှယ်မလုပ်ရ၊ အခြားသူလက်သို့ မလွှဲပြောင်းရ။
48:15 အနံအတောင်နှစ်သောင်းငါးထောင်မြေကွက်မှ ကျန်အတောင်ငါးထောင် မြေကွက်သည် အများပိုင် မြို့မြေ၊ အိမ်မြေ၊ စားကျက်မြေဖြစ်ရမည်။ မြေအလယ်ဗဟိုတွင် မြို့ရှိရမည်။
48:16 မြို့၏အကျယ်အဝန်းမှာ မြောက်ဘက်တွင် အတောင်လေးထောင်ငါးရာ ၊ တောင်ဘက်တွင် အတောင်လေးထောင်ငါးရာ၊ အရှေ့ဘက်တွင် အတောင်လေးထောင်ငါးရာ၊ အနောက်ဘက်တွင် အတောင်လေးထောင်ငါးရာ ရှိရမည်။
48:17 မြို့၏စားကျက်မြေမှာ မြောက်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ် ၊ တောင်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ်၊ အရှေ့ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ်၊ အနောက်ဘက်တွင် အတောင်နှစ်ရာ့ငါးဆယ် ရှိရမည်။
48:18 အလှူမြေနှင့်ကပ်လျက်ရှိသော ကျန်မြေ၏အလျားသည် အရှေ့ဘက်တွင် အတောင်တစ်သောင်း၊ အနောက်ဘက်တွင် အတောင်တစ်သောင်း ရှိရမည်။ ထိုမြေသည် သန့်ရှင်းသောအလှူမြေနှင့်ကပ်လျက်ရှိ၍ ထိုမြေမှထွက်သောအသီးအနှံသည် မြို့၌အလုပ်လုပ်သူတို့ စားဖို့ဖြစ်ရမည်။
48:19 အစ္စရေးမျိုးနွယ်အပေါင်းတို့ထဲမှ မြို့၌အလုပ်လုပ်သောသူတို့သည် ထိုမြေကိုထွန်ယက်လုပ်ကိုင်ကြလိမ့်မည်။
48:20 အလှူမြေတစ်ခုလုံးသည် စတုရန်းပုံရှိ၍ အလျားအတောင်နှစ်သောင်းငါးထောင်၊ အနံအတောင်နှစ်သောင်းငါးထောင် ရှိရမည်။ သန့်ရှင်းသောအလှူမြေနှင့်အတူ မြို့ပိုင်မြေကိုပါ ပေးလှူရမည်။
48:21 သန့်ရှင်းသောအလှူမြေနှင့် မြို့ပိုင်မြေ၏ဘေးတစ်ဖက်တစ်ချက်ရှိမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ ထိုမြေသည် အရှေ့ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အရှေ့ဘက်နယ်နိမိတ်အဆုံးထိ၊ အနောက်ဘက်တွင် အနံအတောင်နှစ်သောင်းငါးထောင်ရှိသည့် သန့်ရှင်းသောအလှူမြေမှစ၍ အနောက်ဘက်နယ်နိမိတ်အဆုံးထိ ဖြစ်ရမည်။ အလျားမှာ မျိုးနွယ်ပိုင်မြေနှင့်ထိစပ်ရမည်။ ထိုမြေသည် မင်းသားပိုင်မြေဖြစ်ရမည်။ သန့်ရှင်းသောအလှူမြေနှင့် အိမ်တော်ရှိသန့်ရှင်းရာဌာနသည် အလယ်ဗဟိုတွင်ရှိရမည်။
48:22 လေဝိအမျိုးပိုင်မြေနှင့် မြို့ပိုင်မြေသည် မင်းသားပိုင်မြေနှစ်ခု၏ကြားတွင် ရှိရမည်။ မင်းသားပိုင်မြေသည် ယုဒနယ်နိမိတ်နှင့် ဗင်္ယာမိန်နယ်နိမိတ်ကြားတွင် ရှိရမည်။
48:23 ကျန်မျိုးနွယ်များအတွက်ဝေစုမှာ အလှူမြေနားကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဗင်္ယာမိန်အမျိုး၏ဝေစုဖြစ်ရမည်။
48:24 ဗင်္ယာမိန်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ရှိမောင်အမျိုး၏ဝေစုဖြစ်ရမည်။
48:25 ရှိမောင်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဣသခါအမျိုး၏ဝေစုဖြစ်ရမည်။
48:26 ဣသခါနယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဇာဗုလုန်အမျိုး၏ဝေစုဖြစ်ရမည်။
48:27 ဇာဗုလုန်နယ်နိမိတ်နှင့်ကပ်လျက် အရှေ့ဘက်မှ အနောက်ဘက်တစ်လျှောက်သည် ဂဒ်အမျိုး၏ဝေစုဖြစ်ရမည်။
48:28 ဂဒ်တောင်ဘက်နယ်နိမိတ်နှင့်ကပ်လျက်ရှိသောနယ်နိမိတ်မှာ တာမာမြို့မှ ကာဒေရှအရပ်ရှိ မေရိဘစမ်းရေနားအထိ ထိုမှ အီဂျစ်ချောင်းအတိုင်းဆက်သွားကာ မြေထဲပင်လယ်သို့ ရောက်သွားသည်အထိဖြစ်၏။
48:29 ဤကား အစ္စရေးအမျိုးအနွယ်တို့အား သင်တို့ခွဲဝေပေးရမည့် အမွေမြေဖြစ်၏။ ဤမြေသည် သူတို့အပိုင်မြေဖြစ်၏”ဟု ဘုရားရှင်ထာဝရဘုရား မိန့်တော်မူ၏။
48:30 မြို့ထွက်ပေါက်များကား ဤသို့ဖြစ်၏။ မြို့၏မြောက်ဘက်သည် အတောင်လေးထောင်ငါးရာ အကျယ်ရှိ၏။
48:31 မြို့တံခါးတို့ကို အစ္စရေးမျိုးနွယ်အလိုက် အမည်ပေးရမည်။ မြောက်ဘက်တွင် ရုဗင်တံခါး၊ ယုဒတံခါး၊ လေဝိတံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
48:32 မြို့၏အရှေ့ဘက်သည် အတောင်လေးထောင်ငါးရာကျယ်၍ ယောသပ်တံခါး၊ ဗင်္ယာမိန်တံခါး၊ ဒန်တံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
48:33 တောင်ဘက်သည် အတောင်လေးထောင်ငါးရာကျယ်၍ ရှိမောင်တံခါး၊ ဣသခါတံခါး၊ ဇာဗုလုန်တံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
48:34 အနောက်ဘက်သည် အတောင်လေးထောင်ငါးရာကျယ်၍ ဂဒ်တံခါး၊ အာရှာတံခါး၊ နဿလိတံခါးဟူ၍ တံခါးပေါက်သုံးပေါက်ရှိရမည်။
48:35 မြို့ပတ်ပတ်လည်သည် အတောင်တစ်သောင်းရှစ်ထောင် ကျယ်၏။ ထိုနေ့မှစ၍ ထိုမြို့၏အမည်ကို “ထာဝရဘုရား စံတော်မူရာ”ဟု ခေါ်တွင်ရမည်။