Hosea 1
1:1 ယုဒဘုရင် ဩဇိမင်းကြီး၊ ယောသံမင်းကြီး၊ အာခတ်မင်းကြီး၊ ဟေဇကိမင်းကြီးလက်ထက်၊ အစ္စရေးဘုရင် ယောရှသားယေရောဗောင်မင်းကြီးလက်ထက်တွင် ထာဝရဘုရား၏နှုတ်ကပတ်တော်သည် ဗေရိ၏သားဟောရှေထံသို့ ရောက်လာ၏။
1:2 ဦးစွာဟောရှေအားဖြင့် ထာဝရဘုရားမိန့်ဆိုရာတွင် ထာဝရဘုရားက ဟောရှေအား “သင်သွား၍ ပြည့်တန်ဆာမိန်းမတစ်ဦးနှင့်စုံဖက်ပြီးလျှင် ပြည့်တန်ဆာသားသမီးတို့ကို မွေးဖွားလော့။ အကြောင်းမူကား ပြည်သည် အထပ်ထပ်ဖောက်ပြန်မှားယွင်းလျက် ထာဝရဘုရားထံမှ လမ်းလွဲသွားပြီ”ဟု မိန့်တော်မူ၏။
1:3 ထို့ကြောင့် သူသည် ဒိဗလိမ်၏သမီးဂေါမာနှင့်စုံဖက်လေ၏။ ဂေါမာသည်လည်း ကိုယ်ဝန်ဆောင်ကာ သားယောက်ျားကို မွေးဖွား၏။
1:4 ထာဝရဘုရားက ဟောရှေအား “ဤသားအမည်ကို ယေဇရေလဟု မှည့်ခေါ်လော့။ အကြောင်းမှာ ယေဟုအမျိုးအနွယ်သည် ယေဇရေလအရပ်တွင် လူသတ်ခဲ့သောကြောင့် သူ့ကိုငါဆုံးမမည်။ အစ္စရေးအမျိုးအနွယ်၏မင်းဆက်ကို အဆုံးသတ်စေမည်။
1:5 ထိုနေ့ရက်ရောက်လျှင် ယေဇရေလချိုင့်ဝှမ်း၌ အစ္စရေး၏လေးကို ငါချိုးပစ်မည်”ဟု မိန့်တော်မူ၏။
1:6 တစ်ဖန် ဂေါမာသည်ကိုယ်ဝန်ဆောင်၍ သမီးကိုမွေးဖွား၏။ ထိုအခါ ထာဝရဘုရားက ဟောရှေအား “ဤသမီးအမည်ကို လောရုဟာမာ ဟု မှည့်ခေါ်လော့။ အကြောင်းမှာ ငါသည် အစ္စရေးအမျိုးအနွယ်ကို သနားစုံမက်တော့မည်မဟုတ်။ လုံးဝခွင့်လွှတ်တော့မည်မဟုတ်။
1:7 ယုဒအမျိုးအနွယ်ကိုမူကား ငါသနားစုံမက်မည်။ သူတို့ကို လေး၊ ဓား၊ စစ်မက်၊ မြင်း၊ မြင်းစီးသူရဲတို့ဖြင့် ကယ်တင်မည်မဟုတ်။ သူတို့၏ဘုရားသခင်ထာဝရဘုရားကိုယ်တိုင် သူတို့ကိုကယ်တင်မည်”ဟု မိန့်တော်မူ၏။
1:8 လောရုဟာမာကို နို့ဖြတ်ပြီးနောက် ဂေါမာသည် ကိုယ်ဝန်ဆောင်ပြန်၍ သားယောက်ျားကိုမွေးဖွား၏။
1:9 ထိုအခါ ထာဝရဘုရားက “ဤသားအမည်ကို လောအမ္မိ ဟု မှည့်ခေါ်လော့။ အကြောင်းမှာ သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်။ ငါသည်လည်း သင်တို့၏ဘုရားသခင်မဟုတ်”ဟု မိန့်တော်မူ၏။
1:10 သို့သော် အစ္စရေးအမျိုးသားတို့သည် မခြင်တွယ်နိုင်၊ မရေတွက်နိုင်လောက်အောင် ပင်လယ်သဲပွင့်ကဲ့သို့ များပြားလိမ့်မည်။ “သင်တို့သည် ငါ၏လူမျိုးတော်မဟုတ်”ဟု သူတို့အား ပြောရာအရပ်၌ပင် “သူတို့သည် အသက်ရှင်သောဘုရားသခင်၏သားများ”ဟု ခေါ်ဝေါ်ခြင်းခံရလိမ့်မည်။
1:11 ထိုအခါ ယုဒအမျိုးသားနှင့် အစ္စရေးအမျိုးသားတို့သည် အတူတကွစုရုံးလျက် ခေါင်းဆောင်တစ်ဦးကို ရွေးချယ်တင်မြှောက်ပြီး ထိုပြည်မှထွက်လာကြလိမ့်မည်။ ထိုနေ့သည် ယေဇရေလမြို့အဖို့ နေ့ထူးနေ့မြတ် ဖြစ်လိမ့်မည်။