Hosea 5
5:1 ယဇ်ပုရောဟိတ်တို့၊ နားထောင်ကြ။ အစ္စရေးအမျိုးအနွယ်တို့၊ အာရုံစိုက်ကြ။ နန်းတွင်းသားတို့၊ စူးစိုက်နားထောင်ကြ။ သင်တို့သည် တရားစီရင်ခြင်းကိုခံရကြမည်။ သင်တို့သည် မိဇပါမြို့မှ ထောင်ချောက်၊ တာဗော်တောင်ပေါ်မှ ဖြန့်ထားသောပိုက်ကွန် ဖြစ်၏။
5:2 ဖောက်ပြန်လမ်းလွဲသောသူတို့သည် အကြီးအကျယ်သတ်ဖြတ်နေကြ၏။ ငါသည် ထိုသူအားလုံးကို အပြစ်ဒဏ်ပေးမည်။
5:3 ဧဖရိမ်ကို ငါသိ၏။ အစ္စရေးသည်လည်း ငါ့ကိုပုန်းရှောင်၍ မရ။ အို ဧဖရိမ်၊ သင်သည် ဖောက်ပြန်မှားယွင်းလေပြီ။ အစ္စရေးသည် ညစ်ညူးလေပြီ။
5:4 သူတို့၏လုပ်ရပ်များက သူတို့အား ဘုရားသခင်ထံသို့ ပြန်လာရန် အခွင့်မပေး။ သူတို့၌ ပြည့်တန်ဆာလုပ်လိုစိတ်ရှိသောကြောင့် ထာဝရဘုရားကိုလည်း မသိကြတော့ပေ။
5:5 အစ္စရေး၏မာနသည် သူတို့မည်သို့သောသူဖြစ်ကြောင်းကို သက်သေပြလေပြီ။ အစ္စရေးနှင့် ဧဖရိမ်တို့သည် ဒုစရိုက်ခလုတ်တိုက်၍ လဲကျကြလိမ့်မည်။ ယုဒသည်လည်း သူတို့နှင့်အတူ ခလုတ်တိုက်လဲကျလိမ့်မည်။
5:6 ထာဝရဘုရားသည် သူတို့ကို စွန့်ခွာတော်မူပြီဖြစ်၍ သိုးအုပ်၊ နွားအုပ်တို့ဖြင့် ထာဝရဘုရားကို သွား၍ရှာဖွေကြသော်လည်း သူတို့ တွေ့ကြရမည်မဟုတ်။
5:7 သူတို့သည် ထာဝရဘုရားအပေါ် သစ္စာမဲ့၍ တရားမဝင်သားသမီးများကို မွေးကြပြီ။ ထို့ကြောင့် လဆန်းနေ့တွင် သူတို့နှင့်အတူ သူတို့၏အမွေမြေသည်လည်း ဝါးမျိုခြင်းခံရလိမ့်မည်။
5:8 ဂိဗာမြို့၌ သိုးချိုမှုတ်ကြလော့။ ရာမမြို့၌ တံပိုးခရာမှုတ်ကြလော့။ ဗေသဝင်မြို့၌ တပ်လှန့်အချက်ပေးကြလော့။ ‘အို ဗင်္ယာမိန်၊ အနောက်သို့လှည့်ကြည့်လော့။’
5:9 ပြစ်ဒဏ်ခံရသောနေ့တွင် ဧဖရိမ်သည် ပျက်စီးခြင်းသို့ ရောက်လိမ့်မည်။ အစ္စရေးအမျိုးအနွယ်ထဲတွင် အမှန်ဖြစ်လာမည့်အရာကို ငါဖော်ပြ၏။
5:10 ယုဒအကြီးအကဲတို့သည် နယ်နိမိတ်မှတ်တိုင်ကိုရွှေ့ပစ်သူများနှင့်တူ၏။ ထို့ကြောင့် ရေကိုသွန်ချသကဲ့သို့ သူတို့အပေါ်ငါ့အမျက်ကို သွန်ချမည်။
5:11 ဧဖရိမ်သည် ရုပ်တု နောက်သို့ ကောက်ကောက်ပါအောင်လိုက်သောကြောင့် နှိပ်စက်ခြင်းကိုခံရ၍ တရားစီရင်ခြင်းကြောင့် ကျိုးပဲ့ကြေမွလေပြီ။
5:12 ငါသည် ဧဖရိမ်အတွက် ပိုးကောင်ကဲ့သို့၊ ယုဒအမျိုးအနွယ်အတွက် ဆွေးမြည့်စေသောအရာကဲ့သို့ ဖြစ်၏။
5:13 ဧဖရိမ်သည် မိမိရောဂါကို မြင်၍ ယုဒသည်လည်း မိမိဒဏ်ရာကို မြင်သောအခါ ဧဖရိမ်သည် အဆီးရီးယားသို့ သွား၏။ ယာရက်မင်းကြီးထံသို့ လူလွှတ်၏။ သို့သော် ထိုဘုရင်သည် သင်တို့ကို မကျန်းမာစေနိုင်၊ မကုသပေးနိုင်။
5:14 ငါသည် ဧဖရိမ်အဖို့ ခြင်္သေ့ကြီးကဲ့သို့လည်းကောင်း၊ ယုဒအမျိုးအနွယ်အဖို့ ခြင်္သေ့ပျိုကဲ့သို့လည်းကောင်း ဖြစ်၏။ ငါကိုယ်တော်တိုင် သူတို့ကို ကိုက်ဖြဲပြီး ချီယူသွားမည်။ သူတို့ကို မည်သူမျှ ကယ်တင်နိုင်မည်မဟုတ်။
5:15 သူတို့သည် ကိုယ့်အပြစ်ကိုမဝန်ခံမချင်း၊ ငါ့မျက်နှာကိုမရှာမချင်း စံမြန်းရာသို့ ငါပြန်သွားနေမည်။ သူတို့သည် ဆင်းရဲဒုက္ခရောက်သောအခါ ငါ့ကို ကြိုးစားရှာကြလိမ့်မည်။”