Hosea 8
8:1 တံပိုးမှုတ်၍ သတိပေးကြလော့။ သူတို့သည် ငါ့ပဋိညာဉ်ကို ချိုးဖောက်ပြီး ပညတ်တရားကို ပုန်ကန်ကြသောကြောင့် ရန်သူသည် လင်းယုန်ငှက်ကဲ့သို့ ထာဝရဘုရား၏အိမ်တော်ကို လာတိုက်ခိုက်မည်။
8:2 အစ္စရေးက ‘အကျွန်ုပ်၏ဘုရားသခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော့်ကို သိကြပါ၏’ဟု အော်ဟစ်ကြ၏။
8:3 အစ္စရေးသည် ကောင်းသောအရာကို ငြင်းပယ်ပြီဖြစ်၍ ရန်သူသည် သူ့ကိုလိုက်လိမ့်မည်။
8:4 သူတို့သည် ငါခွင့်မပြုဘဲ ဘုရင်ကို တင်မြှောက်ကြ၏။ ငါမသိဘဲ အုပ်ချုပ်သူကို ခန့်ထားကြ၏။ ရွှေငွေတို့ဖြင့် ရုပ်တုများကိုပြုလုပ်ကြသည်ဖြစ်၍ ဖျက်ဆီးခံရကြလိမ့်မည်။
8:5 အို ရှမာရိ၊ နွားသငယ်ရုပ်တုကို စွန့်ပစ်လော့။ သူတို့ကို ငါအမျက်ထွက်၏။ သူတို့သည် မည်သည့်အချိန်ရောက်မှ အပြစ်ကင်းနိုင်မည်နည်း။
8:6 အကယ်စင်စစ် ထိုရုပ်တုသည် အစ္စရေးထံမှ အစပြုခဲ့၏။ လက်မှုပညာသည်က ထုလုပ်သည်ဖြစ်၍ ဘုရား မဟုတ်။ ရှမာရိအမျိုး၏နွားသငယ်ရုပ်တုသည် တစ်စစီကျိုးပဲ့ရလိမ့်မည်။
8:7 သူတို့သည် လေကိုကြဲသဖြင့် လေပွေကိုသာ ရိတ်ရလိမ့်မည်။ ကောက်ပဲသီးနှံတို့လည်း အညှောက်မထွက်။ ထွက်ပြန်လျှင်လည်း အသီးမသီး။ သီးပြန်လျှင်လည်း သူစိမ်းလူတို့ စားသွားလိမ့်မည်။
8:8 အစ္စရေး ဝါးမျိုခံရလေပြီ။ သူတို့သည် လူမျိုးခြားတို့အလယ်တွင် မည်သူမျှအလိုမရှိသောတန်ဆာပလာကဲ့သို့ ဖြစ်၏။
8:9 အကြောင်းမူကား သူတို့သည် အဆီးရီးယားပြည်သို့ သွားကြလေပြီ။ တစ်ကောင်တည်းသွားလာတတ်သောမြည်းရိုင်းကဲ့သို့ ဖြစ်လေပြီ။ ဧဖရိမ်သည် ချစ်သူများ ငှားရမ်းလေပြီ။
8:10 သူတို့သည် လူမျိုးခြားတို့ထံမှ ချစ်သူများငှားရမ်းသော်လည်း သူတို့ကို ငါပြန်လည်စုစည်းမည်။ ဘုရင်နှင့် အကြီးအကဲတို့ တင်သောဝန်ကို လေးလံစွာထမ်းရသောကြောင့် သူတို့သည် ယုတ်လျော့စပြုလိမ့်မည်။
8:11 ဧဖရိမ်သည် အပြစ်ဖြစ်စေမည့်ယဇ်ပလ္လင်များစွာကို တည်ကြသောကြောင့် ထိုယဇ်ပလ္လင်များသည် သူအပြစ်ပြုရာ ဖြစ်လာလေပြီ။
8:12 ငါသည် သူတို့အဖို့ ပညတ်ချက်များကို ထောင်သောင်းမက ရေးပေးသော်လည်း သူတို့နှင့်မစပ်ဆိုင်ဟု ထင်မှတ်ကြ၏။
8:13 သူတို့သည် ငါ့ထံ လှူဖွယ်ဝတ္ထုများကို ပူဇော်သောအခါ ယဇ်ကောင်များကိုပူဇော်၍ အသားကို စားကြ၏။ ထိုပူဇော်သက္ကာတို့ကို ထာဝရဘုရား လက်ခံတော်မမူ။ သူတို့၏ဒုစရိုက်ကို မှတ်ထားပြီး သူတို့၏အပြစ်ကို ဒဏ်ခတ်မည်။ သူတို့ကို အီဂျစ်ပြည်သို့ ပြန်သွားစေမည်။
8:14 အစ္စရေးသည် သူ့ကိုဖန်ဆင်းတော်မူသောအရှင်ကို မေ့လျော့၍ ဘုံဗိမာန်များစွာကို တည်လေပြီ။ ယုဒသည်လည်း ခံတပ်မြို့များကို တည်လေပြီ။ သို့သော် ငါသည် ထိုမြို့များအပေါ်သို့ မီးကိုကျရောက်စေ၍ ခံတပ်မြို့များကို လောင်ကျွမ်းစေမည်။”