Leviticus 11
11:1 တစ်ဖန် ထာဝရဘုရားက မောရှေနှင့်အာရုန်အား
11:2 “အစ္စရေးအမျိုးသားတို့အား ဆင့်ဆိုလော့။ မြေကြီးပေါ်ရှိ တိရစ္ဆာန်အပေါင်းတို့ထဲမှ သင်တို့စား၍ရသောတိရစ္ဆာန်ဟူမူကား
11:3 တိရစ္ဆာန်တို့ထဲမှ ခွာနှစ်ခြမ်းကွဲ၍ စားမြုံ့ပြန်သောတိရစ္ဆာန်ဟူသမျှ သင်တို့စားခွင့်ရှိ၏။
11:4 သို့သော်လည်း စားမြုံ့ပြန်သောအကောင်၊ ခွာကွဲသောအကောင်တို့ထဲမှ သင်တို့စားခွင့်မရှိသောအကောင်ဟူမူကား ကုလားအုတ်သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
11:5 ရှာဖန်ယုန်သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
11:6 တောယုန်သည် စားမြုံ့ပြန်သော်လည်း ခွာမကွဲသောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
11:7 ဝက်သည် ခွာနှစ်ခြမ်းကွဲသော်လည်း စားမြုံ့မပြန်သောကြောင့် သင်တို့အဖို့ မစင်ကြယ်၊
11:8 ထို့ကြောင့် ထိုအကောင်တို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း မထိရ။ ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်။
11:9 ပင်လယ်ထဲမှဖြစ်စေ၊ ချောင်းများထဲမှဖြစ်စေ ရေနေသတ္တဝါအားလုံးထဲမှ ဆူးတောင်နှင့်အကြေးရှိသောအကောင်အားလုံးကို သင်တို့စားခွင့်ရှိ၏။
11:10 သို့သော် ပင်လယ်ထဲမှဖြစ်စေ၊ ချောင်းများထဲမှဖြစ်စေ ရေထဲ၌အုပ်စုလိုက်နေထိုင်သွားလာသည့် ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးနှင့် ရေထဲ၌အသက်ရှင်နေထိုင်သည့် ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
11:11 ထိုသတ္တဝါတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်သောကြောင့် ၎င်းတို့၏အသားကိုမစားရ။ အသေကောင်ကိုလည်း ရွံရှာရမည်။
11:12 ရေထဲမှ ဆူးတောင်နှင့်အကြေးမရှိသောသတ္တဝါအားလုံးသည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
11:13 ရွံရှာဖွယ်ဖြစ်သည်ဟု မှတ်၍ မစားရမည့်ရွံရှာဖွယ်ငှက်များမှာ လင်းယုန်၊ လင်းတ၊ ဝန်ပို၊
11:14 စွန်ခေါင်းဖြူ၊ စွန်နက်နှင့်တကွ စွန်အမျိုးမျိုး၊
11:15 ကျီးကန်းမျိုးရှိသမျှ၊
11:16 ငှက်ကုလားအုတ်၊ မြေဝပ်ငှက်၊ စင်ရော်ငှက်၊ သိမ်းငှက်အမျိုးမျိုး၊
11:17 ဇီးကွက်၊ တင်ကျီးငှက်၊ ဒီးဒုတ်၊
11:18 လင်ကောင်ပိုး၊ ငှက်ကြီးဝန်ပို၊ ဝန်လက်၊
11:19 ငှက်ကျား၊ ငဟစ်ငှက်အမျိုးမျိုး၊ တောင်ဘီစူးငှက်၊ လင်းနို့ တို့ဖြစ်ကြ၏။
11:20 ခြေလေးချောင်းဖြင့်သွား၍ အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့သည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
11:21 သို့ရာတွင် ခြေလေးချောင်းဖြင့်သွား၍ အတောင်ပံပါသောပိုးမွှားသတ္တဝါအားလုံးတို့ထဲမှ မြေကြီးပေါ်၌ခုန်ပျံရန် ခြေနှစ်ချောင်းထပ်ပါသည့်အကောင်များကို သင်တို့စားခွင့်ရှိ၏။
11:22 ထိုသို့သောအကောင်များဖြစ်သည့် အညိုရောင်ကျိုင်းကောင်အမျိုးမျိုး၊ အစိမ်းရောင်ကျိုင်းကောင်အမျိုးမျိုး၊ ပုရစ်အမျိုးမျိုးနှင့် နှံကောင်အမျိုးမျိုးတို့ကို သင်တို့စားခွင့်ရှိ၏။
11:23 ခြေလေးချောင်းရှိ၍ ပျံတတ်သော ပိုးမွှားသတ္တဝါအားလုံးသည် သင်တို့အဖို့ ရွံရှာဖွယ်ရာဖြစ်၏။
11:24 ထိုအကောင်များအားဖြင့် သင်တို့သည် မစင်မကြယ်ဖြစ်မည်။ ၎င်းတို့၏အသေကောင်ကိုထိမိသောသူတိုင်းသည် နေဝင်ချိန်အထိ မစင်ကြယ်။
11:25 ၎င်းတို့၏အသေကောင်ကို ကိုင်သောသူတိုင်း မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
11:26 ခွာနှစ်ခြမ်းမကွဲသောတိရစ္ဆာန်၊ စားမြုံ့မပြန်သောတိရစ္ဆာန်အားလုံးတို့သည် သင်တို့အဖို့ မစင်ကြယ်။ ၎င်းတို့ကိုထိသောသူအားလုံးတို့သည်လည်း မစင်ကြယ်။
11:27 ခြေလေးချောင်းဖြင့်သွားသောတိရစ္ဆာန်အားလုံးတို့ထဲမှ ဖဝါးဖြင့်သွားသောအကောင်ရှိသမျှတို့သည် သင်တို့အဖို့ မစင်ကြယ်။ ထိုအကောင်တို့၏အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
11:28 ထိုအသေကောင်ကို ကိုင်သောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ ထိုသူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုတိရစ္ဆာန်တို့သည် သင်တို့အဖို့ မစင်ကြယ်။
11:29 မြေကြီးပေါ်၌ တွားသွားသောသတ္တဝါတို့တွင် သင်တို့အဖို့ မစင်ကြယ်သောအကောင်များဟူမူကား မြွေပါ၊ ကြွက်၊ ပုတတ်အမျိုးမျိုး၊
11:30 တောက်တဲ့၊ ဖွတ်၊ အိမ်မြှောင်၊ ကင်းလိပ်ချောနှင့်ပုတ်သင်ညို တို့ဖြစ်ကြ၏။
11:31 တွားသွားသတ္တဝါရှိသမျှတို့တွင် ထိုအကောင်တို့သည် သင်တို့အဖို့ မစင်ကြယ်သောအကောင်များဖြစ်၏။ ထိုအကောင်များသေသောအခါ အသေကောင်ကိုထိမိသောသူတိုင်း နေဝင်ချိန်အထိ မစင်ကြယ်။
11:32 ထိုအကောင်များထဲမှ တစ်ကောင်ကောင်သေ၍ အသေကောင်သည် အလုပ်လုပ်ရာတွင် အသုံးပြုသောပစ္စည်းဖြစ်သည့် သစ်သား၊ ပိတ်စ၊ သားရေ၊ လျှော်တေဖြင့် ပြုလုပ်ထားသောအသုံးအဆောင်တစ်စုံတစ်ခုပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာကို ရေထဲ၌ နှစ်ရမည်။ ထိုအရာသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထို့နောက်မှ စင်ကြယ်လိမ့်မည်။
11:33 ထိုအသေကောင်သည် မြေဖြင့်ပြုလုပ်ထားသောအိုးခွက်တစ်စုံတစ်ခုထဲသို့ကျလျှင် ထိုအိုးခွက်ထဲရှိသမျှသည် မစင်ကြယ်။ ထိုအိုးခွက်ကို ခွဲပစ်ရမည်။
11:34 ထိုအိုးခွက်မှရေသည် စားမည့်အစားအစာတစ်စုံတစ်ရာပေါ်သို့ကျလျှင် ထိုစားစရာသည်မစင်ကြယ်။ ထိုအိုးခွက်ထဲရှိ သောက်မည့်အရည်တစ်စုံတစ်ရာသည်လည်း မစင်ကြယ်။
11:35 ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် တစ်စုံတစ်ရာပေါ်သို့ကျလျှင် ထိုအရာသည် မစင်ကြယ်။ ထိုအရာသည် မီးဖိုဖြစ်စေ၊ ဖိုခနောက်ဖြစ်စေ ဖျက်ပစ်ရမည်။ ထိုအရာတို့သည် မစင်ကြယ်။ သင်တို့အတွက် မစင်ကြယ်။
11:36 စမ်းရေ၊ သို့မဟုတ် ရေလှောင်တွင်းထဲသို့ ကျလျှင်မူကား ၎င်းတို့သည် စင်ကြယ်၏။ အသေကောင်ကို ထိမိသောသူသည်သာ မစင်ကြယ်။
11:37 ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် မျိုးကြဲရန် မျိုးစေ့တစ်စုံတစ်ရာပေါ်သို့ ကျလျှင် ထိုမျိုးစေ့သည် စင်ကြယ်၏။
11:38 သို့ရာတွင် ထိုအသေကောင်၏အစိတ်အပိုင်းတစ်ခုခုသည် ရေစိမ်ထားသောမျိုးစေ့ပေါ်သို့ကျလျှင် ထိုမျိုးစေ့သည် သင်တို့အတွက် မစင်ကြယ်။
11:39 သင်တို့စားခွင့်ရှိသောတိရစ္ဆာန်များထဲမှ တစ်ကောင်ကောင်သေလျှင် ထိုအသေကောင်ကိုထိမိသောသူသည် နေဝင်ချိန်အထိ မစင်ကြယ်။
11:40 ထိုအသေကောင်ကိုစားသောသူသည် မိမိ၏အဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။ ထိုအသေကောင်ကို ကိုင်သောသူသည်လည်း မိမိအဝတ်ကိုလျှော်ရမည်။ သူသည် နေဝင်ချိန်အထိ မစင်ကြယ်။
11:41 မြေကြီးပေါ်၌တွားသွားသောသတ္တဝါတိုင်းသည် ရွံရှာဖွယ်ရာဖြစ်၍ မစားရ။
11:42 ဝမ်းဗိုက်ဖြင့်တွားသွားသောအကောင်၊ ခြေလေးချောင်းဖြင့်တွားသွားသောအကောင်၊ ခြေများစွာဖြင့်တွားသွားသောအကောင်စသည့် မြေကြီးပေါ်၌တွားသွားသောသတ္တဝါရှိသမျှတို့သည် ရွံရှာဖွယ်ရာဖြစ်၍ မစားရ။
11:43 မည်သည့်တွားသွားသတ္တဝါနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။ ထိုသတ္တဝါတို့အားဖြင့် သင်တို့ကိုယ်သင်တို့ မစင်မကြယ်ဖြစ်အောင်၊ ညစ်ညူးအောင်မပြုနှင့်။
11:44 ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သင်တို့ကိုယ်သင်တို့ သန့်ရှင်းစေ၍ သန့်ရှင်းသောသူများဖြစ်ရမည်။ မြေပေါ်မှာတွားသွားသော မည်သည့်သတ္တဝါနှင့်မျှ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေနှင့်။
11:45 ငါသည် သင်တို့၏ဘုရားဖြစ်မည့်အကြောင်း သင်တို့ကို အီဂျစ်ပြည်မှ ထုတ်ဆောင်ခဲ့သောထာဝရဘုရားဖြစ်၏။ ငါသည် သန့်ရှင်းသောကြောင့် သင်တို့သည်လည်း သန့်ရှင်းရမည်။
11:46 ဤသည်ကား သားယဉ်သားရဲတိရစ္ဆာန်၊ ငှက်၊ ရေထဲ၌လှုပ်ရှားသွားလာသောသက်ရှိသတ္တဝါအားလုံး၊ မြေကြီးပေါ်၌ တွားသွားသောသတ္တဝါအားလုံးတို့နှင့်ဆိုင်သောပညတ်တရားဖြစ်၍
11:47 စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာ၊ စားခွင့်ရှိသောတိရစ္ဆာန်နှင့် စားခွင့်မရှိသောတိရစ္ဆာန်တို့ကို ခွဲခြားနိုင်ရန်ဖြစ်၏”ဟု မိန့်တော်မူ၏။