Leviticus 20
20:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
20:2 “သင်သည် အစ္စရေးအမျိုးသားတို့အား ‘အစ္စရေးအမျိုးသားထဲမှဖြစ်စေ၊ အစ္စရေးလူမျိုးထံ၌တည်းခိုနေထိုင်သောတိုင်းတစ်ပါးသားထဲမှဖြစ်စေ တစ်စုံတစ်ယောက်သည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူလျှင် သူသည် မုချအသတ်ခံရမည်။ ပြည်သူပြည်သားတို့သည် သူ့ကို ခဲနှင့်ပေါက်သတ်ရမည်။
20:3 ထိုသူသည် မိမိသားမြေးကို မောလုတ်ဘုရားအားပေးလှူခြင်းဖြင့် ငါ၏သန့်ရှင်းရာဌာနကို ညစ်ညူးစေ၍ ငါ၏သန့်ရှင်းသောနာမတော်ကိုရှုတ်ချသောကြောင့် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
20:4 မိမိသားမြေးကို မောလုတ်ဘုရားအား ပေးလှူသောသူကို ပြည်သူပြည်သားတို့သည် မျက်ကွယ်ပြု၍ သူ့ကို မသတ်ဘဲနေလျှင်
20:5 ငါသည် ထိုသူနှင့် သူ၏မျိုးနွယ်စုကို မျက်နှာလွှဲပြီး ထိုသူနှင့်တကွ သူ၏နောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောသူများဖြစ်သည့် မောလုတ်ဘုရားနောက်သို့လိုက်၍ ဖောက်ပြန်မှားယွင်းသောသူအပေါင်းတို့ကို သူတို့၏လူမျိုးမှ ငါပယ်ဖျက်မည်။
20:6 တစ်စုံတစ်ယောက်သည် နတ်ဝင်သည်များနှင့်နတ်ထိန်းများထံသို့လှည့်၍ သူတို့နောက်သို့လိုက်ပြီး ဖောက်ပြန်မှားယွင်းလျှင် ငါသည် သူ့ကို မျက်နှာလွှဲ၍ သူ၏လူမျိုးမှ ငါပယ်ဖျက်မည်။
20:7 ငါသည် သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်သောကြောင့် သင်တို့သည် ကိုယ့်ကိုယ်ကိုယ်သန့်ရှင်းစေ၍ သန့်ရှင်းသောသူများဖြစ်ရမည်။
20:8 သင်တို့သည် ငါ၏ပြဋ္ဌာန်းချက်တို့ကို စောင့်ထိန်းရမည်။ လိုက်နာရမည်။ ငါသည် သင်တို့ကို သန့်ရှင်းစေသောထာဝရဘုရားဖြစ်၏။
20:9 တစ်စုံတစ်ယောက်သည် ကိုယ့်မိဘကို ကျိန်ဆဲလျှင် သူသည် မုချအသတ်ခံရမည်။ သူသည် မိဘကို ကျိန်ဆဲသောကြောင့် သူ၏သွေးသည် သူ့အပေါ်၌ ကျရောက်မည်။
20:10 တစ်စုံတစ်ယောက်သည် သူတစ်ပါး၏မယားနှင့်ဖြစ်စေ၊ မိမိအိမ်နီးချင်း၏မယားနှင့်ဖြစ်စေ အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်လျှင် အိမ်ထောင်ရေးဖောက်ပြန်မှုကိုကျူးလွန်သောထိုယောက်ျားနှင့် ထိုမိန်းမသည် မုချအသတ်ခံရမည်။
20:11 တစ်စုံတစ်ယောက်သည် မိမိဖခင်၏မယားနှင့်အိပ်လျှင် သူသည် မိမိဖခင်ကိုရှုတ်ချ သည်ဖြစ်၍ သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
20:12 တစ်စုံတစ်ယောက်သည် မိမိ၏ချွေးမနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံး မုချအသတ်ခံရမည်။ သူတို့သည် ညစ်ညမ်းသောအမှုကို ပြုခြင်းဖြစ်၏။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
20:13 တစ်စုံတစ်ယောက်သည် မိန်းမနှင့် အိပ်သကဲ့သို့ ယောက်ျားချင်းနှင့်အိပ်လျှင် သူတို့နှစ်ဦးစလုံးသည် စက်ဆုပ်ရွံရှာဖွယ်အမှုကိုပြုကြသောကြောင့် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
20:14 တစ်စုံတစ်ယောက်သည် သမီးကိုရောအမေကိုပါ မယားအဖြစ်ယူလျှင် ထိုအမှုသည် ညစ်ညမ်းသောအမှုဖြစ်၏။ သင်တို့ထဲ၌ ညစ်ညမ်းသောအမှုမရှိစေရန် ထိုသူနှင့်တကွ မိန်းမနှစ်ဦးစလုံးကို မီးရှို့ပစ်ရမည်။
20:15 တစ်စုံတစ်ယောက်သည် တိရစ္ဆာန်နှင့်မေထုန်ပြုလျှင် သူသည် မုချအသတ်ခံရမည်။ ထိုတိရစ္ဆာန်ကိုလည်း သတ်ရမည်။
20:16 မိန်းမသည် တိရစ္ဆာန်တစ်ကောင်ကောင်ထံသို့ချဉ်းကပ်၍ မိတ်လိုက်ခြင်းကိုပြုလျှင် ထိုမိန်းမနှင့်တကွ တိရစ္ဆာန်ကိုပါ သတ်ရမည်။ သူတို့သည် မုချအသတ်ခံရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်။
20:17 တစ်စုံတစ်ယောက်သည် မိမိဖခင်၏သမီး၊ သို့မဟုတ် မိမိမိခင်၏သမီးဖြစ်သည့် မိမိအစ်မ၊ သို့မဟုတ် နှမကိုယူ၍ ဆက်ဆံ ခြင်းကိုပြုလျှင် ထိုအမှုသည် ရှက်ဖွယ်သောအမှုဖြစ်၏။ သူတို့သည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။ သူသည် မိမိအစ်မ၊ သို့မဟုတ် နှမနှင့်ဆက်ဆံခြင်းကိုပြုသောကြောင့် ကိုယ့်အပြစ် ကိုယ်ခံရမည်။
20:18 ယောက်ျားသည် ဓမ္မတာလာနေသောမိန်းမနှင့်အိပ်၍ ဆက်ဆံခြင်းကိုပြုလျှင် ထိုသူသည် မိန်းမ၏သွေးသွန်ခြင်းကိုဖော်၍ မိန်းမသည်လည်း မိမိ၏သွေးသွန်ခြင်းကိုပေါ်စေသောကြောင့် သူတို့နှစ်ဦးစလုံးသည် မိမိတို့၏လူမျိုးမှ ပယ်ဖျက်ခြင်းခံရမည်။
20:19 သင့်မိခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဖြစ်စေ၊ သင့်ဖခင်၏အစ်မ၊ သို့မဟုတ် နှမနှင့်ဖြစ်စေ ဆက်ဆံခြင်းကိုမပြုရ။ မိမိနှင့်ဆွေမျိုးနီးစပ်သူကို ရှုတ်ချခြင်းဖြစ်သောကြောင့် သူတို့သည် ကိုယ့်အပြစ် ကိုယ်ခံရမည်။
20:20 တစ်စုံတစ်ယောက်သည် ဘကြီး၊ သို့မဟုတ် ဘထွေး၏မယားနှင့်အိပ်ခြင်းဖြင့် ဘကြီး၊ သို့မဟုတ် ဘထွေးကိုရှုတ်ချ လျှင် သူတို့သည် ကိုယ့်အပြစ် ကိုယ်ခံရမည်။ သူတို့သည် သေသည်အထိ သားသမီးမထွန်းကားဘဲနေရလိမ့်မည်။
20:21 တစ်စုံတစ်ယောက်သည် မိမိအစ်ကို၊ သို့မဟုတ် မိမိညီ၏မယားကိုယူလျှင် ထိုအမှုသည် ညစ်ညူးသောအမှုဖြစ်၏။ သူသည် မိမိအစ်ကို၊ သို့မဟုတ် ညီကိုရှုတ်ချ သောကြောင့် သူတို့သည် သားသမီးမထွန်းကားဘဲနေလိမ့်မည်။
20:22 သင်တို့ကို ငါပို့ဆောင်၍ သင်တို့နေထိုင်သည့်ပြည်သည် သင်တို့ကို မအန်ထုတ်မည့်အကြောင်း ငါ၏ပြဋ္ဌာန်းချက်၊ ငါ၏စီရင်ထုံးဖွဲ့ချက်ရှိသမျှတို့ကို လိုက်နာစောင့်ထိန်းရမည်။
20:23 သင်တို့ရှေ့မှ ငါနှင်ထုတ်မည့်လူမျိုးတို့၏ပြဋ္ဌာန်းချက်များကို မလိုက်လျှောက်ရ။ အကြောင်းမူကား သူတို့သည် ထိုသို့သောအမှုရှိသမျှတို့ကို ပြုကျင့်ကြ၍ ငါသည် သူတို့ကို ရွံရှာမုန်းတီး၏။
20:24 ငါသည် သင်တို့အား “သင်တို့သည် သူတို့၏မြေကိုပိုင်ဆိုင်ရလိမ့်မည်။ နို့နှင့်ပျားရည်စီးသောပြည်တည်းဟူသော သူတို့၏ပြည်ကို သင်တို့အား ငါအပိုင်ပေးမည်”ဟု မိန့်ဆိုခဲ့ပြီ။ ငါသည် သင်တို့ကို အခြားလူမျိုးများနှင့် သီးခြားခွဲထားသော သင်တို့၏ဘုရားသခင်ထာဝရဘုရားဖြစ်၏။
20:25 သို့ဖြစ်၍ သင်တို့သည် စင်ကြယ်သောတိရစ္ဆာန်နှင့် မစင်ကြယ်သောတိရစ္ဆာန်၊ မစင်ကြယ်သောငှက်နှင့် စင်ကြယ်သောငှက်ကို ခွဲခြားထားရမည်။ သင်တို့အဖို့ မစင်ကြယ်သောအကောင်အဖြစ် ငါခွဲခြားထားသည့် တိရစ္ဆာန်အားဖြင့်ဖြစ်စေ၊ ငှက်အားဖြင့်ဖြစ်စေ၊ မြေပေါ်မှာတွားသွားသော အကောင်တစ်ကောင်ကောင်အားဖြင့်ဖြစ်စေ သင်တို့ကိုယ်သင်တို့ မညစ်ညူးစေရ။
20:26 ငါထာဝရဘုရားသည် သန့်ရှင်းသောအရှင်ဖြစ်သောကြောင့် သင်တို့သည် ငါ့အဖို့ သန့်ရှင်းသောသူများဖြစ်ရမည်။ သင်တို့ကို ငါပိုင်ဆိုင်ရန် အခြားလူမျိုးများနှင့် သင်တို့ကို ငါခွဲခြားထားပြီ။
20:27 ယောက်ျားထဲတွင်ဖြစ်စေ၊ မိန်းမထဲတွင်ဖြစ်စေ နတ်ဝင်သည်၊ သို့မဟုတ် နတ်ထိန်းရှိလျှင် မုချအသတ်ခံရမည်။ ထိုသို့သောသူတို့ကို ခဲနှင့်ပေါက်သတ်ရမည်။ သူတို့၏သွေးသည် သူတို့အပေါ်၌ ကျရောက်မည်’ဟူ၍ ဆင့်ဆိုလော့”ဟု မိန့်တော်မူ၏။