Leviticus 27
27:1 တစ်ဖန် ထာဝရဘုရားက မောရှေအား
27:2 “အစ္စရေးအမျိုးသားတို့ကို ဆင့်ဆိုလော့။ သင်တန်ဖိုးဖြတ်သည့်အတိုင်း တစ်စုံတစ်ယောက်သည် လူကို ထာဝရဘုရားထံ ဆက်ကပ်ပေးလှူရန် ကတိသစ္စာပြုသောအခါ
27:3 အသက်နှစ်ဆယ်အရွယ်မှ အသက်ခြောက်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ငွေငါးဆယ်ရှယ်ကယ် ဖြစ်ရမည်။
27:4 မိန်းမဖြစ်လျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ သုံးဆယ်ရှယ်ကယ် ဖြစ်ရမည်။
27:5 အသက်ငါးနှစ်အရွယ်မှ အသက်နှစ်ဆယ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် နှစ်ဆယ်ရှယ်ကယ် ၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ် ဖြစ်ရမည်။
27:6 တစ်လသားအရွယ်မှ ငါးနှစ်အရွယ်အထိ သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် ငွေငါးရှယ်ကယ်၊ မိန်းမဖြစ်လျှင် ငွေသုံးရှယ်ကယ် ဖြစ်ရမည်။
27:7 အသက်ခြောက်ဆယ်အရွယ်နှင့်အထက်ဖြစ်လျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ယောက်ျားဖြစ်လျှင် တစ်ဆယ့်ငါးရှယ်ကယ် ၊ မိန်းမဖြစ်လျှင် တစ်ဆယ်ရှယ်ကယ်ဖြစ်ရမည်။
27:8 ကတိသစ္စာပြုထားသူသည် ဆင်းရဲ၍ သင်တန်ဖိုးဖြတ်ထားသည့်အတိုင်း မတတ်နိုင်လျှင် ယဇ်ပုရောဟိတ်ထံသို့ လာရမည်။ ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။ သူတတ်နိုင်သည့်အတိုင်း ယဇ်ပုရောဟိတ်သည် သူ့ကို တန်ဖိုးဖြတ်ရမည်။
27:9 ထာဝရဘုရားအား ပူဇော်ဖို့ ကတိသစ္စာပြုထားသော ပူဇော်သက္ကာသည် တိရစ္ဆာန်ဖြစ်လျှင် ထာဝရဘုရားအားပေးလှူမည့် မည်သည့်အကောင်မဆို သန့်ရှင်း၏။
27:10 အဆိုးကို အကောင်း၊ အကောင်းကို အဆိုးနှင့် မလဲလှယ်ရ။ အပြောင်းအလဲမလုပ်ရ။ တိရစ္ဆာန်တစ်ကောင်ကို အခြားတိရစ္ဆာန်တစ်ကောင်နှင့် မဖြစ်မနေလဲလှယ်ရမည်ဆိုလျှင် နှစ်ကောင်စလုံး သန့်ရှင်း၏။
27:11 ထာဝရဘုရားထံ ပူဇော်သောသူ၏ပူဇော်သက္ကာသည် မစင်ကြယ်၊ မပူဇော်သင့်သောတိရစ္ဆာန်တစ်ကောင်ကောင်ဖြစ်လျှင် ထိုတိရစ္ဆာန်ကို ယဇ်ပုရောဟိတ်ထံ ယူလာရမည်။
27:12 ယဇ်ပုရောဟိတ်သည် ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် တန်ဖိုးဖြတ်သည့်အတိုင်း တည်စေရမည်။
27:13 သူသည် ထိုတိရစ္ဆာန်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။
27:14 တစ်စုံတစ်ယောက်သည် မိမိ၏အိမ်ကို ထာဝရဘုရားထံ သန့်ရှင်းသောအရာအဖြစ် ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် ထိုအိမ်ကို ကောင်းလျှင်ကောင်းသည့်အလျောက်၊ မကောင်းလျှင်မကောင်းသည့်အလျောက် တန်ဖိုးဖြတ်ရမည်။ ယဇ်ပုရောဟိတ် ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။
27:15 မိမိအိမ်ကို ဆက်ကပ်သောသူသည် ထိုအိမ်ကို ပြန်ရွေးနုတ်လိုလျှင် ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကို ထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ အိမ်သည် သူ့အပိုင်ဖြစ်လိမ့်မည်။
27:16 တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သောလယ်ယာအချို့ကို ထာဝရဘုရားထံ ဆက်ကပ်လိုလျှင် သင်ဖြတ်ရမည့်တန်ဖိုးမှာ ကြဲနိုင်သည့်မျိုးစေ့ပမာဏအတိုင်းဖြစ်ရမည်။ မုယောမျိုးစေ့တစ်ဟောမဲ လျှင် ငွေငါးဆယ်ရှယ်ကယ်ဖြစ်၏။
27:17 ထိုသူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်၌ ဆက်ကပ်လိုလျှင် သင်ဖြတ်သည့်တန်ဖိုးအတိုင်း တည်စေရမည်။
27:18 သို့သော် သူသည် မိမိလယ်ယာကို မင်္ဂလာရတုနှစ်လွန်မှ ဆက်ကပ်လိုလျှင် ယဇ်ပုရောဟိတ်သည် နောက်မင်္ဂလာရတုနှစ်အထိ ကျန်ရှိသောနှစ်အရေအတွက်နှင့်အညီ ငွေကိုတွက်၍ သင်ဖြတ်ထားသောတန်ဖိုးမှ နုတ်ရမည်။
27:19 မိမိလယ်ယာကို ဆက်ကပ်သောသူသည် ထိုလယ်ယာကို ပြန်ရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးငွေအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ ထို့နောက်မှ လယ်ယာသည် သူ့အပိုင်ဖြစ်လိမ့်မည်။
27:20 သို့သော် ထိုလယ်ယာကို မရွေးနုတ်လျှင်ဖြစ်စေ၊ အခြားတစ်စုံတစ်ယောက်ကို ရောင်းလျှင်ဖြစ်စေ သူသည် ထိုလယ်ယာကို ရွေးနုတ်ခွင့်မရှိတော့ချေ။
27:21 မင်္ဂလာရတုနှစ်ရောက်၍ ထိုလယ်ယာသည် ဝယ်သူလက်မှလွတ်သောအခါ ဆက်ကပ်ထားသောလယ်ယာဖြစ်သည်နှင့်အညီ ထာဝရဘုရားအဖို့ သန့်ရှင်း၏။ ထို့ကြောင့် ယဇ်ပုရောဟိတ်၏ပိုင်ဆိုင်ရာဖြစ်ရမည်။
27:22 မိမိပိုင်သောလယ်ယာထဲမှမဟုတ်၊ မိမိဝယ်ထားသောလယ်ယာထဲမှ ထာဝရဘုရားအား ဆက်ကပ်လိုလျှင်
27:23 သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ယဇ်ပုရောဟိတ်သည် မင်္ဂလာရတုနှစ်အထိ သူ့ကို တွက်ပေးရမည်။ သူသည် ထိုနေ့၌ပင် ထာဝရဘုရားအဖို့ သန့်ရှင်းသောအရာအဖြစ် သင်ဖြတ်ထားသောတန်ဖိုးကို ပေးရမည်။
27:24 မင်္ဂလာရတုနှစ်ရောက်သောအခါ ထိုလယ်ယာကို ရောင်းခဲ့သူ မူလမြေပိုင်ရှင်အား ပြန်ပေးရမည်။
27:25 သင်ဖြတ်သည့်တန်ဖိုးဟူသမျှသည် သန့်ရှင်းရာဌာန၏ရှယ်ကယ်စံနှုန်းနှင့်အညီ ဖြစ်ရမည်။ တစ်ရှယ်ကယ် လျှင် ဂေရနှစ်ဆယ် ဖြစ်ရမည်။
27:26 နွားဖြစ်စေ၊ သိုးဖြစ်စေ ထာဝရဘုရားပိုင်၏။ ထာဝရဘုရားပိုင်သောအရာဖြစ်သည့် အဦးဆုံးပေါက်သောတိရစ္ဆာန်တို့၏သားဦးကို မည်သူမျှ မဆက်ကပ်ရ။
27:27 မစင်ကြယ်သောတိရစ္ဆာန်ဖြစ်လျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ထိုအကောင်ကို ရွေးနုတ်ခွင့်ရှိ၏။ သင်ဖြတ်ထားသောတန်ဖိုးအပြင် ထိုတန်ဖိုး၏ငါးပုံတစ်ပုံကိုထပ်ပေါင်း၍ ပေးရမည်။ မရွေးနုတ်လိုလျှင် သင်ဖြတ်ထားသောတန်ဖိုးအတိုင်း ရောင်းရမည်။
27:28 တစ်စုံတစ်ယောက်သည် မိမိပိုင်ဆိုင်သမျှတို့တွင် လူကိုဖြစ်စေ၊ တိရစ္ဆာန်ကိုဖြစ်စေ၊ လယ်ယာကိုဖြစ်စေ ထာဝရဘုရားအား ဆက်ကပ်ထားသောအရာရှိသမျှတို့ကို ရောင်းခွင့်မရှိ။ ရွေးနုတ်ခွင့်လည်းမရှိ။ ဆက်ကပ်ထားသောအရာရှိသမျှတို့သည် ထာဝရဘုရားအဖို့ အလွန်သန့်ရှင်းသောအရာများဖြစ်၏။
27:29 ဆက်ကပ်ထားသောအရာရှိသမျှတို့တွင် လူဖြစ်လျှင်ပင် ရွေးနုတ်ခွင့်မရှိ။ သူသည် မုချအသတ်ခံရမည်။
27:30 မြေမှထွက်သော ကောက်ပဲသီးနှံ၊ သစ်သီးဝလံတို့၏ဆယ်ဖို့တစ်ဖို့အားလုံးကို ထာဝရဘုရားပိုင်၏။ ထာဝရဘုရားအဖို့ သန့်ရှင်း၏။
27:31 တစ်စုံတစ်ယောက်သည် မိမိဆယ်ဖို့တစ်ဖို့ထဲမှအချို့ကို အမှန်ပင်ရွေးနုတ်လိုလျှင် ၎င်း၏တန်ဖိုးအပြင် ငါးပုံတစ်ပုံထပ်ပေါင်း၍ ပေးရမည်။
27:32 နွားအုပ်၊ သို့မဟုတ် သိုးအုပ်၏ဆယ်ဖို့တစ်ဖို့တည်းဟူသော ကြိမ်လုံးအောက်ကိုဖြတ်သွားသည့် ဆယ်ကောင်မြောက်အကောင်အားလုံးသည် ထာဝရဘုရားအဖို့ သန့်ရှင်း၏။
27:33 ကောင်းမကောင်း မစစ်ဆေးရ။ မလဲလှယ်ရ။ မဖြစ်မနေလဲလှယ်ရမည်ဆိုလျှင် နှစ်ကောင်စလုံးသန့်ရှင်း၏။ ထိုတိရစ္ဆာန်တို့ကို မရွေးနုတ်ရ”ဟု မိန့်တော်မူ၏။
27:34 ဤသည်ကား သိနာတောင်ပေါ်၌ ထာဝရဘုရားသည် အစ္စရေးအမျိုးသားတို့အား မောရှေမှတစ်ဆင့် မိန့်မှာတော်မူခဲ့သည့် ပညတ်တော်များဖြစ်၏။